ဒေါ်နယ်ထရမ့်ကို ဗြိတိန်မလာခိုင်းသင့်ဘူးလို့ လန်ဒန်မြို့တော်ဝန် ပြော

ဒေါ်နယ်ထရမ့်ကို ဗြိတိန်မလာခိုင်းသင့်ဘူးလို့ လန်ဒန်မြို့တော်ဝန် ပြော

ဇွန် ၇ ။        ။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို နိုင်ငံကိုလာဖို့ အလည်အပတ်ခရီးဖိတ်ထားတဲ့ ကိစ္စနဲ့ပတ်သက်လု့ိ ဗြိတိန်အစိုးရနဲ့ လန်ဒန်မြို့တော်ဝန်တို့အကြား သဘောကွဲလွဲမှုတွေ ဖြစ်နေပါတယ်။

ထရမ့် သမ္မတတာဝန်ထမ်းပြီး ရက်ပိုင်းပဲရှိသေးတဲ့အချိန်မှာပဲ ဗြိတိန်ကို လာလည်ဖို့ ဝန်ကြီးချုပ်ထရီဇာမေက ဖိတ်ကြားထားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ခုချိန်မှာ ယင်းဖိတ်ကြားချက်ကို   ပြန်လည်ဖျက်သိမ်းသင့်တယ်လို့ လန်ဒန်မြို့တော်ဝန် ဆာဒစ်ခန်က အစိုးရကို ဖိအားပေးပြောဆိုနေတာလည်း ဖြစ်ပါတယ်။

" ဒီဖိတ်ကြားချက်က ထုတ်လည်းထုတ်ပြီးသွားပြီ၊ ဟိုဘက်က လက်တောင်ခံပြီးသွားပြီ၊ ခုချိန်ကျမှ ဒါကို ပြန်ဖျက်ဖိ့ု ဆိုတာတော့ မဖြစ်နိုင်ဘူးထင်ပါတယ်" လို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး   ဘောရစ်ဂျွန်ဆင်က ပြောပါတယ်။

အလားတူ အဆိုပါ အငြင်းပွားဖွယ် ထရမ့်လာမယ့် ခရီးစဉ်နဲ့ပတ်သက်လို့ ခုအခြေအနေတိုင်း ဆက်လုပ်သွားမှာလားဆိုပြီး The Sun သတင်းစာရဲ့ မေးမြန်းချက်ကိုလည်း ဝန်ကြီးချုပ်က ထရီဇာမေ က ခေါင်းညိတ်သွားပါတယ်။

ဒါပေမယ့်လည်းပဲ AFP သတင်းဌာနနဲ့ အင်တာဗျူးတစ်ခုမှာတော့ လန်ဒန်မြို့တော်ဝန် ခန်က သူ့အမြင်မှာတော့ ဒီဖိတ်ကြားချက်က အလျင်စလိုဖြစ်လွန်းပြီး အချိန်မတိုင်သေးဘူးလို့ ထင်ကြောင်း ပြောသွားပါတယ်။

" ခုဖြစ်နေတဲ့ အခြေအနေမျိုးဆိုရင် ထရမ့်ဆိုတာက မွတ်ဆလင်တွေကို ပိတ်ပင်ထားခဲ့တဲ့ သမ္မတလည်း ဖြစ်တယ်၊ အမေရိကန်ရဲ့မူဝါဒတွေကိုလည်း အများကြီးလျှောက်ပြောင်းထားတယ်၊ ဒုက္ခသည်တွေနဲ့ပတ်သက်လို့ ကာလရှည်ကတည်းက ရှိထားခဲ့တဲ့ မူဝါဒမျိုးတွေမှာပေါ့၊ ပြီးတော့ ခုအခြေအနေမျိုးမှာ ထရမ့်ရဲ့မူဝါဒတွေတော်တော်များများအပေါ်မှာလည်း ဗြိတိန်အများစု သဘောမတွေ့ကြပါဘူး၊ ဒါကြောင့် သူ့ကို ခေါ်မယ့်ခရီးစဉ် မရှိသင့်သေးပါဘူး" လို့ ခန်က ပြောသွားပါတယ်။

ဒါပေမယ့် နိုင်ငံတွေအနေနဲ့ ကြည့်ရင်တော့ အမေရိကန်နဲ့ ဗြိတိန်တို့ဟာ အစဉ်အလာ နီးကပ်တဲ့ မဟာမိတ်တွေဖြစ်ပြီး ဆက်လက်ပြီး နီးနီးကပ်ကပ် ပူးပေါင်းလုပ်ဆောင်သွားသင့်တယ်လိ့ုလည်း ၎င်းက ပြောပါတယ်။

ယင်းမတိုင်မီကတော့ ဒေါ်နယ်ထရမ့်နဲ့ လန်ဒန်မြို့တော်ဝန်တို့အကြား အပြန်အလှန် တိုက်ခိုက်နှုတ်လှန်ထိုးမှုတွေတော့ ရှိထားခဲ့ပါသေးတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက လန်ဒန်အကြမ်းဖက်တိုက်ခိုက်ခံရမှုဖြစ်စဉ်တွေနဲ့ပတ်သက်လို့ မြို့တော်ဝန်ရဲ့ တုန့်ပြန်လုပ်ဆောင်ပုံတွေအပေါ် ထရမ့်က တိုက်ခိုက်ပြောဆိုမှုတွေ ပြုလုပ်ထားခဲ့ပါတယ်။ အပြန်အလှန်အားဖြင့်လည်း ထရမ့်ဟာ မျိုးနွယ်စုတွေအကြား သွေးခွဲဖို့ ကြိုးပမ်းနေတယ်လို့လည်း မြို့တော်ဝန် ဆာဒစ်ခန်က ပြန်စွပ်စွဲထားခဲ့ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly