အစိုးရနဲ့ လွှတ်တော် ဟန်ချက်ညီရဲ့လား (အပိုင်း ၃)

07 June 2017
အစိုးရနဲ့ လွှတ်တော် ဟန်ချက်ညီရဲ့လား (အပိုင်း ၃)
 

ဦးမျိုးသန့် (တာဝန်ခံ အယ်ဒီတာ)

Mizzima Media

ဦးကျော်ဇေယျကို ကျွန်တော် မေးပါရစေ။ အဲဒီတော့ အခက်အခဲတွေကတော့ ရှိနေတာပဲပေါ့နော်။ ဒီမှာ လွှတ်တော်ကိုယ်စားလှယ်တွေကလည်း လုပ်သာကိုင်သာ မရှိဘူးဖြစ်နေတဲ့ အနေအထားပေါ့နော်။ ပါတီကလည်း ဒီလိုမျိုး တစ်ချို့ ကျွန်တော် နဲနဲ ပွင့်ပွင့်လင်းလင်းပြောရရင် By Force ပုံစံမျိုး ဖြစ်နေတယ်ပေါ့နော်။ အဲတော့ လွှတ်တော်ကိုယ်စားလှယ် တစ်ချို့တွေကလည်း ပြောရာမှာဆိုရာမှာ မီဒီယာသမားတွေမေးရင်တောင်မှ သူတို့မှာ ဖြေရကောင်းနိုးနိုး မဖြေရကောင်းနိုးနိုး ဥပမာ ဟိုတစ်ခေါက်တုန်းက မီဒီယာတစ်ခုကနေ ဖိတ်တယ်ပေါ့နော်။ ဖိတ်တော့ ဆွေးနွေးပွဲ လာပါဆိုပြီးတော့မှ အပေါ်ကနေလှမ်းပြောလို့ မလာတော့ပါဘူးလို့ လှမ်းပြောတော့မှ တစ်ခါ Cancel ပြန်လုပ်ရတဲ့ အနေအထားမျိုးတွေရှိတယ်။ အဲတော့ လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်ကို ဒီလောက်ထိ ထိန်းချုပ်ထားတယ်ဆိုရင်တောင်မှ ကျွန်တော်တို့ ဥပဒေပြုရေးမှာရော ဘယ်လောက်အထိ လွတ်လွတ်လပ်လပ် လုပ်လို့ရနေပြီလဲ ။

ဦးကျော်ဇေယျ (လွှတ်တော်ကိုယ်စားလှယ်)

ရန်ကုန်တိုင်းဒေသကြီး

ဒါကတော့ ကျွန်တော် ပွင့်ပွင့်လင်းလင်းပြောမယ်။ ဥပဒေပြုရေးပေါ့ ကျွန်တော်တို့ရဲ့ အဓိကအလုပ်က ဥပဒေပြုရေး။ ကျွန်တော်တို့ ရန်ကုန်တိုင်းဒေသကြီးလွတ်တော် တစ်နှစ်ကျော်သွားပြီ ကျွန်တော်တို့ ဒေသန္တရနဲ့ ဘဏ္ဍာရေး ရသုံးမှန်းခြေကတော့ ဒါ ထုံးစံအတိုင်း တစ်နှစ်တစ်ခါ လုပ်နေရမယ်။ အဲဒီ ဥပဒေကလွဲလို့ ကျန်တဲ့ဥပဒေ ဘာတစ်ခုမှ မပြုရသေးဘူး။ ဥပဒေပြုအစည်းအဝေးမှာ တပ်မတော်သား ကိုယ်စားလှယ်က ထမေးတယ်။ တပ်မတော်သားကိုယ်စားလှယ်ကတောင် ရွေးချယ်ခံဖို့အတွက် တပ်မတော်သားကိုယ်စားလှယ်က ကျွန်တော်တို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဘာဥပဒေမှလည်း မပြုနိုင်သေးဘူး ဥပမာ ကျွန်တော်တို့ စည်ပင်ဥပဒေ ပြုဖို့လုပ်တယ် ပြင်ဖို့လုပ်တယ် ကျွန်တော်ကတော့ တက်တက်ကြွကြွနဲ့ စာရင်းပေး ဆွေးနွေးမယ်ကွ လုပ်တော့ အဲဒါကြီးက ဒီကနေ့အထိ အကောင်အထည်မပေါ်လာဘူး။ ဒုတိယပုံမှန်ကနေ အခု စတုတ္ထပုံမှန်ပြီးသွားပြီ ပေါ်မလာဘူး ဘာကြောင့်လဲဟ ဥပဒေကြမ်း ကော်မတီဥက္ကဋ္ဌကိုမေးတယ် ဟာ  အကိုကြီး ဘယ်လိုလဲ ကျွန်တော်တို့ ဥပဒေကြမ်းကော်မတီ ကျွန်တော် စာရင်းပေးထားတာ ဆွေးနွေးပွဲကိုလည်းမရောက်ဘူး ဒါလည်း ပြီးသွားတာပဲပေါ့နော်။

အဲတော့ ဒါလေးတွေက ဥပဒေပြုရေးအတွက် ဆရာမေးသလိုပေါ့ ခုနက ပြည်သူဆိုရင်လည်း အဲဒါပဲ ကျွန်တော်တု့ိမှာ ဒါက ပွင့်ပွင့်လင်းလင်း ဒါက Facebook သုံးနေတယ် ကျွန်တော်က လွှတ်တော်ပြောလို့မရရင် ဖေ့ဘုတ်သုံးတယ်။ ဖေ့ဘုတ်ကို ကျွန်တေ်ာ အရင်တုန်းက မသုံးပါဘူး။ ကျွန်တော်သုံးတော့ ဆရာပြောသလိုပေါ့ ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်အချင်းချင်းလည်း ကျွန်တော်ကတင်လိုက်တယ် ဘာဖြစ်တယ် ကျောင်းသားကိစ္စ မေးမရဘူး။ Water Taxi ဒီလိုရှိတယ် ကျွန်တော်တင်လိုက်တယ် တင်တဲ့အခါမှာ ကျန်တဲ့အဖွဲ့တွေက Like တွေဘာတွေလုပ်တယ်။ တစ်ချို့ကျတော့ Comment ပေးတယ်။ ဦးကျော်ဇေယျက NLD အမတ်လား ကြံ့ခိုင်ဖွံ့ဖြိုးရေးအမတ်လား။ ဟာ ပြဿနာပဲ ကျွန်တောက ပြန်ပြောလိုက်တယ် NLD အမတ်လည်းမဟုတ်ဘူး ကြံ့ခိုင်ရေးအမတ်လည်းမဟုတ်ဘူး ပြည်သူ့အမတ်ကွ လို ပြန်ပြောလိုက်တယ်။ ကျွန်တော်က NLD အမတ် မဟုတ်တော့ဘူး ပြည်သူ့အမတ် ပြည်သူနဲ့ပဲ ရပ်တည်ရမယ်ပေါ့။ အဲတော့ ဥပဒေပြုနိုင်လားဆိုတော့လည်း မပြုနိုင်သေးပါဘူးပဲ ကျွန်တော် ဝန်ခံပါရစေခင်ဗျ။

ဦးမျိုးသန့် (တာဝန်ခံ အယ်ဒီတာ)

Mizzima Media

ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်။ အဲတော့ အန်ကယ်ဦးရန်ကျော်ကိုပဲ ပြန်မေးပါရစေ။ ကျွန်တော် နည်းနည်းလေး နောက်ကြောင်းပြန်ရရင် ပြီးခဲ့တဲ့ အစိုးရပေါ့နော် ကျွန်တော်တို့ ဒါ ဘယ်လိုပဲပြောပြော ၂၀၁၀ ရွေးကောက်ပွဲကနေ တက်လာတဲ့ ဦးသိန်းစိန်အစိုးရ လက်ထက်မှာရော ဒီအစိုးရနဲ့ယှဉ်ရင် ဘယ်လောက်ထိ သူတို့ Check and Valance လုပ်နိုင်ခဲ့သလဲ ဒီဘက်မှာကတော့ ခုနက သုံးသပ်ရသလောက်ကတော့ မလုပ်နိုင်ဘူးလို့ ပြောလို့ရတယ်ပေါ့။ ဆိုတော့ ပြီးခဲ့တဲ့ အစိုးရသက်တမ်းမှာရော ကျွန်တော်တို့ ဘယ်လောက်ထိ လုပ်နိုင်ခဲ့သလဲ။ ဘာတွေ တွေ့ခဲ့ရသလဲ။

ဦးရန်ကျော် (မြန်မာ့ နိုင်ငံရေး လေ့လာသုံးသပ်သူ)

ဥပမာတွေ အများကြီး မပြောတော့ဘူးပေါ့ဗျာ။ လွှတ်တော်ပြီးခါနီး ဆဲဆဲပေါ့ အစိုးရသက်တမ်း လွှတ်တော်သက်တမ်းကြီး ကုန်ခါနီးဆဲဆဲပေါ့ဗျာ။ အဲဒီမှာ အကြီးအကျယ် ပုဒ်မ ၆၁ တို့ ၆၂ တို့ ၆၃ တို့ ၆၄ တို့နဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ မဲပေးကြတဲ့ ပြည်ထောင်စုလွှတ်တော်ထဲက အခြေအနေလေးတစ်ခုကိုပဲ ကျွန်တော် အဲဒီအချိန်မှာလည်း အသံတွေက ထွက်လာတယ်။ ဘာတွေထွက်လာလဲဆိုတော့ နောင်လာမယ့်လွှတ်တော်မှာ သမ္မတလည်းရှိမယ် ဝန်ကြီးချုပ်လည်းရှိမယ်ဆိုတဲ့ဟာမျိုး ဆိုတော့ ပါလီမာန်ဒီမိုကရေစီ ပါလီမန်ကိုသွားပြီးတော့ ကျွန်တော်တို့ လုပ်မယ်ဆိုရင်တော့ ဟုတ်တယ်ဗျ ဒါ ဝန်ကြီးချုပ်က သူက အဓိကပဲပေါ့ဗျာ။ ဆိုတော့ ဒီလိုမျိုး ပါလီမန် ပါတီစုံပေါ့ ပါတီစုံကို Base လုပ်ထားပြီးတော့ ကျွန်တော်တို့က သမ္မတအုပ်ချုပ်တဲ့နိုင်ငံ သမ္မတကို ကျွန်တော်တို့က အာဏာအပြည့်အဝပေးမယ်ဆိုတော့ အဲဒီတုန်းက အဲဒါတွေကိုကြိုးစားတဲ့ အချိန်တုန်းကဆို ဒီ Live ပြနေတာက ဘယ်လိုပြောမလဲ အရမ်းကို အသက်ဝင်တယ် ကြည့်လို့လည်းကောင်းတယ်။ အဲဒီအချိန်က ပြည်ထောင်စုလွှတ်တော်ရဲ့ နာယကကြီးလည်းဖြစ် ပြည်သူ့လွှတ်တော်ရဲ ဥက္ကဋ္ဌကြီးလည်းဖြစ်တဲ့ ဗိုလ်ချုပ်ကြီး ဦးရွှေမန်းပေါ့။ သူဆိုရင် တော်တော် စိတ်လှုပ်ရှားစွာဖြင့် သူက မဲပေးတဲ့နေရာတွေမှာ ကောက်လုပ်ပြီးတော့ သူ့ဆီမှာ သွားပြောနေတာတွေက TV မှာ မြင်နေရတယ်။ ဆိုတော့ အဲဒီတုန်းကဆိုလို့ရှိရင် အချို့ပုဒ်မတွေမှာ နိုင်သွားလိုက် တစ်ချို့ပုဒ်မတွေမှာ ကပ်ကာသီကာလေးတွေနဲ့ နိုင်သွားတာလေးတွေလည်း ရှိပါတယ်။ အပြတ်အသက်ကြီးမဟုတ်ဘူးဗျ။ အဲလိုလေးတွေတုန်းကတော့ ဒါ လွှမ်းမိုးမှုကို အစိုးရနဲ့ လွှတ်တော်နဲ့ သူနိုင်ငါနိုင် အပြိုင်ဆွဲကြတာဗျ။ ဒါပေမယ့် အဲဒီတုန်းကတော့ ကျွန်တော်မြင်တဲ့အမြင်ကတော့ အစိုးရ နိုင်သွားတယ်ပေ့ါဗျာ။ အစိုးရဖြစ်ချင်တဲ့ ဥစ္စာလေးတွေ ဖြစ်သွားတယ်။ ဒါပေမယ့် တစ်ခုဗျာ အဲဒီတုန်းကအစိုးရက တစ်နည်းပြောရရင်တော့ ဒီ အာဏာရှင်ဘက်ကို လုပ်ခဲ့ရတုန်းက ဦးသိန်းစိန်ဆိုရင် နအဖ လက်ထပ်တုန်းက သူက ဝန်ကြီးချုပ်ပဲ ဒီဘက်ကျမှသာ သူက သမ္မတကြီးဖြစ်တာ။ အဲဒီတုန်းက ကျွန်တော်တို့ ဝန်ကြီးတွေ လွှတ်တော်ကိုယ်စားလှယ်တွေကို မဆိုထားပါဘိ ဝန်ကြီးတွေကိုတောင်မှ ကျွန်တေ်ာတို့က ဝင်ရ ထွက်ရ သွားရလာရတာ အခုထက် ပိုလွယ်တယ်ဗျ။ အခုကျတော့ အဲလိုမဟုတ်ဘူးဗျ။ အခုကျတော့ အင်မတန်ခင်တဲ့လူတွေ  ကျွန်တော်တို့ ဝန်ကြီးချုပ်ထဲမှာလည်းပါတယ်။ သူတို့နဲ့ တွေ့ဖို့ကိုတောင်မှ ကျွန်တော်တို့က ဘဒ္ဒကမ္ဘာမှာ ဘုရားတစ်ခါပွင့်မှ နိုးတဲ့ ကာလနဂါးလိုမျိုးတောင် ကျွန်တော်တို့က စောင့်အိပ်ပြီးတော့မှ တွေ့ရမယ့်သဘောဖြစ်နေတယ်။ တော်တော်ကြီးကို ခဲယဉ်းလာတယ်ဗျ။

ကျွန်တော်တို့ မျှော်လင့်ထားတာပေါ့ဗျာ ပြီးတော့ ခုနကပြောသလိုပေါ့ ဆရာဇေယျာလည်း ပြောသွားတယ် ကျွန်တော်တို့က အပြုသဘောဆောင်တဲ့ ဆရာတို့လို မီဒီယာကပဲဖြစ်ဖြစ် ဆရာတို့လို ကိုယ်စားလှယ်တွေကပဲဖြစ်ဖြစ် အပြုသဘောဆောင်တဲ့ ကောင်စေချင်တဲ့ ဝေဖန်ချက်တွေကို နားထောင်ပါ။ လက်ခံပါ။ ကျွန်တော် အကြံပေးချင်တာ ဒါမှ နိုင်ငံတော်အတိုင်ပင်ခံပြောတဲ့   ပြည်သူ့အတွက်ဆိုတဲ့ ဆောင်ပုဒ်နဲ့က ညီပါလိမ့်မယ်။ နိုင်ငံတော်အတိုင်ပင်ခံကြီးရဲ့ အရှေ့မှာတော့ ပြည်သူ့အတွက် ဥပမာ ဟုတ်ကဲ့အမကြီးပဲပြောပြော ဟုတ်ကဲ့ အန်တီပဲပြောပြော ဟုတ်ကဲ့ အမေပဲပြောပြော ဒီဘက်မှာကျတော့ ဒီလိုမျိုး မဟုတ်ခဲ့ဘူးဆိုရင် ဒါ ဘယ်လိုပဲပြောပြော ဒီပုံရိပ်ဟာ နိုင်ငံတော်အတိုင်ပင်ခံထိ ရောက်နိုင်ပါတယ်။ ရောက်တတ်ပါတယ်။ ဒါလေးတွေကိုလည်း သတိထားပြီးတော့ စဉ်းစားစေချင်ပါတယ်။

တကယ်ပဲ ပြည်သူတွေ အခု ဒါ ဒါ ကိုယ်စားလှယ်ကြီးတွေပဲဖြစ်ဖြစ် မီဒီယာပဲဖြစ်ဖြစ် ကျွန်တော်တို့အပြင်ကလူတွေဟာ ပြည်သူတွေနဲ့ အတူတူဖြစ်နေတဲ့သူတွေပါ။ ပြည်သူဘာဖြစ်နေတယ် ပြည်သူ ဘာလိုချင်နေတယ်ဆိုတာကို ကျွန်တော်တို့ တိတိကျကျ မဟုတ်ရင်တောင်မှ အနီးစပ်ဆုံး ကျွန်တော်တို့ ခန့်မှန်းနိုင်တဲ့လူတွေပါ။ ဒီလိုလူတွေရဲ့ အကြံပေးမှု ကျွန်တော် ခုနကတည်းက ရှေ့မှာပြောသလို အပြုသဘောဆောင်တဲ့ ကောင်စေချင်တဲ့ ဝေဖန်စန်းစစ်မှုတွေကို လက်မခံရင် ဒါ အာဏာရှင်ပဲဗျ။ အဲလိုမျိုးဖြစ်သွားမှာကိုတော့ ကျွန်တော် စိုးရမိမပါတယ်။ အဲလိုမဖြစ်အောင် ကျွန်တော်တို့တွေ အများကြီး ကြိုးစားခဲ့ပြီးပါပြီ ဆက်ပြောရင် From 88 ပဲ။ အခုလို ပေါ်လာခဲ့တဲ့အချိန်ကျမှ ဆရာပြောသလိုပေါ့ အာဏာပေးကြည့်လိုက်စမ်းပါဆိုတာမျိုးတို့ မဖြစ်စေချင်ပါဘူး။ ကျွန်တော်တို့ နောင် ကျန်တဲ့ကာလလေးတွေမှာ အမှားဆိုတာတော့ ဘယ်ကင်းမလဲဗျာ။ ဒါပေမယ့် ဒီ စေတနာနဲ့မှားတဲ့အမှားလား တကယ့်ကို အမှားလုပ်တာလားဆိုတာလေးကို စဉ်းစားချင့်ချိန်ပြီးတော့ ပြည်သူ့အတွက် တကယ်လုပ်ပေးကြရင် ကျွန်တော်တို့တိုင်းပြည်ရဲ့ တကယ်အရွေ့ကြီးကို ကျွန်တော်ကတော့ လုပ်စေချင်တာပေါ့ဗျာ။

ဦးမျိုးသန့် (တာဝန်ခံ အယ်ဒီတာ)

Mizzima Media

ကျေးဇူးတင်ပါတယ် ဆရာဦးရန်ကျော် ဦးဇေယျာလှိုင်ကို ကျွန်တော် မေးပါရစေ။ အဲတော့ ဆရာဦးရန်ကျော် ပြောသွားတဲ့အထဲမှာလည်း ပါပါတယ်။ ဒီ မီဒီယာတွေရဲ့ ဖော်ပြချက်တွေကို အစိုးရတစ်ရပ်အနေနဲ့ နားထောင်သင့်တယ်။ ဝေဖန်အကြံပြုချက်တွေကို လက်ခံသင့်တယ်လို့ သူက ပြောသွားတာရှိတယ်။ အဲတော့ ကျွန်တော်တို့ရဲ့ ဝေဖန်မှုတွေ အကြံပြုချက်တွေကိုရော အစိုးရတစ်ရပ်အနေနဲ့ လိုက်ပြီးတော့ ဖက်တောင်ဖက်ရဲ့လား။ ဒါမှမဟုတ်ရင် လေ့လာရဲ့လား။ ဘယ်လိုမြင်သလဲ။

ဦးဇေယျာလှိုင် (အယ်ဒီတာချုပ်)

မော်ကွန်းမဂ္ဂဇင်း

အဲဒါက စိတ်ဝင်စားဖို့ကောင်းတယ်။ ကျွန်တော်သိချင်တာက အခုလက်ရှိ နိုင်ငံတော် မူဝါဒတွေ ချမှတ်နေတဲ့ ပုဂ္ဂိုလ်တွေ ဘယ်သူတွေက အချက်အလက်တွေ ပေးနေသလဲပေါ့နော်။ အဲ့ဒါ ကျွန်တော် အရမ်းသိချင်တယ်။ အရမ်း အရေးကြီးတဲ့အထဲမှာ ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အမြင့်ဆုံးဖြစ်တဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ကိုယ်တိုင် သူမိန့်ခွန်းပြောတဲ့အချိန်မှာ Message အမှားတစ်ခု သူ လူထုကို ပေးလိုက်မိသေးတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နဲ့ ပတ်သက်လို့ပေါ့။ အဲတော့ ကျွန်တော်က စိတ်ဝင်စားတာက ဒီလို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်လို မြင့်တဲ့ရာထူးကို Message ပေးတဲ့ပုဂ္ဂိုလ်က သာမာန်ပုဂ္ဂိုလ်တော့ မဟုတ်လောက်ဘူး။ အဲဒီ Message ကို သူ ဘယ်ကရတာလဲ။ သူ ဘာရည်ရွယ်ချက်နဲ့ပေးတာလဲ။ အဲလိုလူမျိုးကိုတော့ ကျွန်တော်က ပွင့်ပွင့်လင်းလင်းပြောလို့ရှိရင် ဒါ အန္တရာယ်ပဲ ဒါ သတင်းသမား စကားနဲ့ပြောမယ်ဆိုရင်ပေါ့။ Message မှားပေးတာ အဲတော့ ဒီအချိန်က တကယ့်ကို တိုင်းရင်းသားတွေနဲ့ ပြန်လည်ရင်ကြားစေ့ရေး လုပ်တဲ့အချိန်မှာ ဒါမျိုးက အရမ်းကို အန္တရာယ်ကြီးတယ်။ ဆိုတော့ ဒီအတိုင်းပဲ ကျွန်တော်တို့ပေးနေတဲ့ Message တွေ ပေးနေတယ်။ ဒါကိုရော ခုန ဆရာဦးရန်ကျော်ပြောသလို လူတွေက ဂရုရော စိုက်ရဲ့လားပေါ့နော်။ ဒါမှမဟုတ်ရင် မဟုတ်ပါဘူးကွာဆိုပြီးတော့ပဲ မသိချင်ယောင် ဆောင်နေတာလား၊ ထားပါတော့ YBS ဆိုရင် သိပ်သိသာတယ်။ ဝိုင်းရေးတဲ့သူ ကျွန်တော်တို့ TV ထဲကလည်း လုပ်ကြတယ်။ ကိုယ်စားလှယ်တွေပြောတာ တင်ကြတယ်။ ဒါပေမယ့် သူက ဇွတ်ပဲ သုံးရက်အတွင်း အောင်မြင်တယ်ဆိုပြီးတော့ လုပ်သွားတာ တစ်ခါတည်းကို သူလုပ်ပစ်တယ်။ နောက်တစ်ခုရှိတာက တစ်ပတ်အတွင်းဆိုတာက အဲဒီအချိန်မှာလည်း စဉ်းစားလို့ရှိရင် လူထုရဲ့အကူအညီမပါပဲနဲ့ ဒီဝန်ကြီးချုပ် ဘယ်လိုမှ လှုပ်လို့မရဘူး သေချာတယ်။ လူထုက ရှိသမျှလူတွေကို အသားအရောင်မခွဲခြား ဘာသာရေးမခွဲခြားပဲ အကုန်ထွက်လာပြီး ရှိသမျှကားလေးတွေနဲ့ တန်းစီခေါ်တင်လို့ အဲလောက်ထိ ငြိမ်တာ။ အာမခံတယ် အရင်အစိုးရခေတ်မှာသာ လုပ်ကြည့်လိုက် ၂ ရက် ၃ ရက်အတွင်းမှာ ဝုန်းဝုန်း ဖြစ်သွားမှာ။ ဒီအစိုးရကတော့ လူထုက တို့အစိုးရဆိုပြီးတော့ သည်းခံတယ် တော်တော်လေးကို ကျွန်တော်တို့ မြန်မာလူမျိုးတွေက သည်းခံစိတ်ကြီးပါတယ်။ ဒါပေမယ့် အခုချိန်ထိလည်း အဆင်မပြေသေးပါဘူး။ ဆိုတော့ ဒါမျိုးက လူထုမပါပဲနဲ့ မပြီးဘူးဆိုတာ သူတို့သိဖို့နဲ့ နောက် မီဒီယာတွေက လူထုရဲ့ နားမျက်စိတွေကို သူတို့ နားထောင်ဖို့ လိုလာတယ်။ နောက် မီဒီယာကိုလည်း သူတို့ ဆက်ဆံဖို့ ဝန်မလေးပါနဲ့။ ကျွန်တော် ယုံကြည့်တာကတော့ မီဒီယာသမားကို မဆက်ဆံရဲတဲ့သူမျိုးက သူတို့က မဟုတ်ကဟုတ်က တစ်ခုခုကို ဖုံးကွယ်ထားချင်တဲ့ လူမျိုးတွေကပဲ မီဒီယာကို မဆက်ဆံချင်တာ။ ဘယ်သူဖြစ်ဖြစ်လည်း ပြောမှာပဲ။ ကိုယ့်ထဲကအဖွဲ့ကိုလည်း လွှတ်ပြီးတော့ ပြောခိုင်းမှာပဲ ကျွန်တော်ကတော့။ ကိုယ့်ဘက်က စိတ်လုံတယ် ကိုယ့်ဘက်က အမှားမရှိဘူးဆိုရင် ကြိုက်တဲ့မေးခွန်းလာခဲ့။ ဖြေရဲရမယ်။ ဆိုတော့ အရင်အဆိုးကမြင်တာက အရင်အစိုးရက ဆရာဦးရန်ကျော်ပြောသလိုပဲ သူက အာဏာရှင်အစိုးရ ပြောင်းရတဲ့အခါကျတော့ သူက အာဏာရှင်မဟုတ်ကြောင်းကို သက်သေပြချင်တယ်။ ခုနက မီဒီယာနဲ့တွေ့တဲ့အခါမှာ သူ ဘယ်လို ဆက်ဆံရမလဲဆိုတာကို အရင်တုန်းက ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ် သူက အရမ်းကိုနပ်တယ်။ ဒေါသဖြစ်ရင်တောင်မှ သူ့ Respond က ဒေါသမဖြစ်ပဲနဲ့ Respond ပေးတက်တဲ့အကျင့်ကို သူ လေ့ကျင့်ထားပုံရပါတယ်။ လုပ်သမျှအကုန်လုံးကို ကောင်းတယ်လို့ပြောတာမဟုတ်ဘူး။ နောက်တစ်ခုရှိသေးတယ်။ ကျွန်တော်တို့က NLD ကိုဝေဖန်လို့ ဟိုဘက်ကို ထောက်ခံတာလည်းမဟုတ်ဘူး ဆိုတော့ ကျွန်တော်တို့ကလည်း ပြဿနာက ဒီလိုပြောရလို့ရှိရင် ဟိုဘက်ကလားဆိုတဲ့ အဲလို နှစ်ခုပဲမြင်တဲ့ဟာကလည်း ရှိတာကို။ မဟုတ်ပါဘူး ခုနကပြောတဲ့ စေတနာနဲ့ ကိုယ့်လူတွေကို ကိုယ်မြင်တာလေး ကိုယ်ပြောချင်တာ။ ဒါမှ နားထောင်မှသာ ပြုပြင်ပြောင်းလဲလို့ရမှာ။ ပြဿနာက အခု ဒီအစိုးရလည်းကျရော ငါတို့ကို လူထုကပေးတဲ့ အစိုးရဆိုတဲ့ ပုံစံနဲ့ ခပ်တင်းတင်း ဆက်ဆံတာကတော့ ကျွန်တော်ထင်တယ် နည်းနည်း အာဏာရှင်ပုံစံ ပေါက်လာတယ်လို့ ထင်ရတယ်။

ဆိုတော့ ခုနက ဆရာပြောသလိုပဲ အဲလို အရာရှိမင်းတွေ ရှိလို့ရှိရင်လည်းပဲ Debate လေးတွေမှာ တွေ့ဆုံပြီးတော့ စကားပြောချင်ပါသေးတယ်။ အဲလိုမျိုး အချက်အလက်နဲ့ ပြောချင်တာပေါ့။ ဆိုတော့ အရင်အစိုးရကတော့ ရှင်းတယ်။ သူတို့ကတော့ နိုင်ငံတကာကိုလည်း သူ မျက်နှာပြချင်တာကို ငါတို့က ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲရေးလုပ်နေတဲ့ အစိုးရဆိုတာကို ပြချင်တော့ တော်တော်လေးလုပ်ရတယ်။ သူလည်း သူ့အဖွဲ့ကိုသူ နိုင်အောင်ထိန်းရတော့ တော်တော်ခက်ခက်ခဲခဲ ရှိပါတယ်။ ဆိုတော့ ဒီအစိုးရမှာလည်း သူ့မှာလည်း လူတွေက အများကြီးဆိုတော့ ထိန်းရတာ တော်တော်ခက်မှန်းလည်းသိတယ်။ ဒါပေမယ့် ပြဿနာက လူထုတင်တဲ့ဟာဆိုပြီးတော့ သူ့မှာ မာန်တွေရှိ ကျွန်တော်တို့ မြင်နေရပါတယ်။ ဒါကလည်း ပြုပြင်ပြောင်းလဲရမယ့် ကိစ္စပါ။ မယုံလို့ရှိရင် ကျွန်တော်တို့ရဲ့ ဒီမိုကရက်တစ်ဝီဖောင်းကို တိုင်းတာတဲ့ပေတံတစ်ခုမှာ Freedom  Index ကလည်း တစ်ခုပါတယ်။ အဲတော့ စောင့်ကြည့်လို့ရှိရင် သေချာတယ် အရင်က မနှစ်က ကျွန်တော်တို့ ရခဲ့တဲ့ Rate ထက်စာရင် လာမယ့်နှစ်မှာ ကျသွားလိမ့်မယ်ဆိုတာ ကျွန်တော်က မြင်နေရတယ်။ အဲဒါက ဒီအစိုးရက ဒီမိုကရက်တစ်ပြုပြင်ပြောင်းလဲရေးကို ဦးသိန်းစိန် အစိုးရလောက် မလုပ်နိုင်ဘူးလို့ ထောက်ပြလို့ရနိုင်တဲ့ Index ဖြစ်ပါတယ်။ အဲတော့ အစိုးရအရာရှိမင်းများအနေနဲ့ ခုနကပြောတဲ့ အပြန်အလှန်လေးစားမှုနဲ့ Transparence ဖြစ်ဖို့ကို အလေးထားဖို့ လိုတယ်ဆိုတာလေးကို ကျွန်တော် ဒီကနေပြီးတော့မှ အကြံပြုချင်ပါတယ်။

အပိုင်း (၁)ကို အောက်ပါလင့်တွင် ဖတ်ရှုနိုင်ပါသည်။ http://www.mizzimaburmese.com/article/27616

အပိုင်း( ၂) ကို အောက်ပါလင့်တွင် ဖတ်ရှုနိုင်ပါသည် - http://mizzimaburmese.com/article/27763

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly