MFF ဘောလုံးအကယ်ဒမီများတွင် တက်ရောက်ခွင့်ရ ကစားသမားများစာရင်း ကြေညာ

MFF ဘောလုံးအကယ်ဒမီများတွင် တက်ရောက်ခွင့်ရ ကစားသမားများစာရင်း ကြေညာ

မေလ ၁၅ ။                  ။ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် MFFမှ ဖွင့်လှစ်မည့် ဘောလုံးအကယ်ဒမီများတွင် သင်ကြားခွင့် ရရှိသူများ စာရင်းကို ယနေ့ မေလ ၁၅ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပြီး အပြီးသတ်လူစာရင်းတွင် မသမာမှု များပါဝင်ခဲ့သည်ဟု ယူဆပါက တိုင်ကြားနိုင်ကြောင်း သိရသည်။

AYA BANK Scouting Tour 2017 ကစားသမား ရွေးချယ်ရေး ကော်မတီက စုစုပေါင်း ကျောင်းသား ၉၆ ဦးရွေးချယ်ခံရကြောင်း ထုတ်ပြန် ကြေညာခဲ့ခြင်း ဖြစ်ပြီး ရန်ကုန်၊ မန္တလေးနှင့် ပုသိမ်မြို့များရှိ ဘောလုံးအကယ်ဒမီများတွင် တက်ရောက်ခွင့် ရရှိမည် ဖြစ်သည်။

MFF နှင့် နည်းပြအဖွဲ့ဝင်များမှ ရွေးချယ်ခဲ့သည့် ဘောလုံး အကယ်ဒမီ တက်ရောက်ခွင့် အပြီးသတ်လူစာရင်းတွင် မသမာမှု များပါဝင်ခဲ့လျှင် သက်သေအထောက်အထား စုံလင်စွာဖြင့် မေလ ၂၀ရက်နေ့ မတိုင်မီ ၀၉ ၄၅၂ ၀၃၀၄၀၀ သို့မဟုတ် [email protected] သို့ ဆက်သွယ် တိုင်ကြားနိုင်ကြောင်း သိရသည်။

အမျိုးသား ဘောလုံး အကယ်ဒမီ (ရန်ကုန်)အတွက် ၂၀၀၅ ခုနှစ်ဖွားမြင်သူ လူငယ် ကစားသမား (၃၀)ဦး၊ မြန်မာ ဘောလုံး အကယ်ဒမီ(ပုသိမ်)အတွက် ၂၀၀၆/၀၇ ခုနှစ်ဖွားမြင်သူ လူငယ် ကစားသမား (၂၅)ဦး နှင့် ၂၀၀၃/၀၄ ခုနှစ်ဖွားမြင်သူ လူငယ်ကစားသမား (၁၀)ဦး၊ မြန်မာ ဘောလုံး အကယ်ဒမီ (မန္တလေး)အတွက် ၂၀၀၆/၀၇ ဖွားမြင်သူ လူငယ် ကစားသမား (၃၁)ဦး၊ စုစုပေါင်း ကျောင်းသားဦးရေ (၉၆)ဦးအထိ အကယ်ဒမီ ကျောင်းသားများအဖြစ် အတန်းပညာနှင့် ဘောလုံးပညာ တက်ရောက် သင်ကြားရန် ရွေးချယ်ခဲ့သည်ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်သည်။ တက်ရောက်ခွင့်ရရှိသည့်လူစာရင်းကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဖေ့ဘွတ်ခ်ပေ့ချ်တွင် ဖော်ပြထားသည်။

လာမည့် မေလ ၂၅ ရက်နေ့မှ စတင်ကာ တက်ရောက်ရမည့် သက်ဆိုင်ရာ အကယ်ဒမီများသို့ သွားရောက် သတင်းပို့ကာ စတင်တက်ရောက်သင်ကြားခွင့်ရမည်ဖြစ်ပြီး လာရောက် သတင်းပို့ရာတွင် အထောက်အထား (မူရင်း၊ မိတ္တူ)များ စုံလင်စွာယူဆောင်လာရမည်ဖြစ်သည်။

ရွေးချယ်ခံရသည့် ကလေးငယ်များကို အသဲရောင်၊အသားဝါ A၊B၊C ပိုးများ စစ်ဆေးခြင်း၊ သွေးအားကောင်းမွန်နှုန်း စစ်ဆေးခြင်း၊ MRI အရိုးဓာတ်မှန်ရိုက်ခြင်းများ ပြုလုပ်သွားမည်ဖြစ်သည်။

အဆိုပါဆေးစစ်မှုတွင် ကျရှုံးသည့် ကစားသမားများနှင့် အထောက်အထား စာရွက်စာတမ်းများ အတုအပပြုလုပ်ထားကြောင်း စစ်ဆေးတွေ့ရှိရသည့် ကစားသမားများမှာ ဘောလုံးအကယ်ဒမီ တက်ရောက်ခွင့် စွန့်လွတ်ရမည်ဖြစ်ပြီး ၎င်းတို့နေရာတွင် ရွေးချယ်ရေးအဖွဲ့မှ အရန် ရွေးချယ်ထား သည့် လူငယ်များကို ထည့်သွင်းရွေးချယ်သွားမည်ဖြစ်သည်။

အမျိုးသားဘောလုံးအကယ်ဒမီ (ရန်ကုန်) ဖွင့်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီလ ၁၇ ရက် ညနေ (၅) နာရီက အမျိုးသားဘောလုံးအကယ်ဒမီ တည်ရှိရာ သင်္ဃန်းကျွန်းမြို့နယ်၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ရုံးအနီးမှာ ကျင်းပခဲ့ပြီး မြန်မာနိုင်ငံသို့ရောက် ရှိနေတဲ့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ အင်ဖန်တီနို တက်ရောက်ခဲ့ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly