အလုပ်သမမိန်းကလေးငယ်အား အလုပ်ရှင်က နှိပ်စက်မှုဖြစ်ပွား

အလုပ်သမမိန်းကလေးငယ်အား အလုပ်ရှင်က နှိပ်စက်မှုဖြစ်ပွား
ဓာတ်ပုံ-Yangon Police

ရန်ကုန်၊ ဧပြီ ၁ ။          ။ အသက် ၁၃ နှစ် အရွယ် အလုပ်သမမိန်းကလေးငယ်အား  ဒဏ်ရာအများအပြား ရရှိအောင် အလုပ်ရှင်က နှိပ်စက်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း ယနေ့ ဧပြီလ ၁ ရက်တွင် ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ ထုတ်ပြန်သည်။

ဖြစ်စဉ်မှာ မတ်လ ၃၀ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ်နေ ဒေါ်-----သည် နေအိမ်၌ရှိနေစဉ် ဒေါပုံမြို့နယ်နေဒေါ်-----မှ ၎င်း၏မြေးတော်စပ်သူ မ------၊ အသက်(၁၃)နှစ်မှာ ၎င်း၏နေအိမ်သို့ရောက်ရှိနေကြောင်းနှင့် ခန္ဓာကိုယ်အနှံ့ ဒဏ်ရာအမာရွတ်များ ရရှိထားကြောင်း ပြောပြခဲ့သည်။  

အဘွားဖြစ်သူက အဆိုပါ နေအိမ်သို့ ရောက်ရှိပြီး မြေးဖြစ်သူအားမေးမြန်းရာ ၎င်း၏အလုပ်ရှင်ဖြစ်သူ ဦးခင်မောင်အေးက ၀ါးလုံးတုတ်ဖြင့် ရိုက်နှက်ခြင်း၊ သံပိုက်ဖြင့် ရိုက်နှက်ခြင်း၊ ကော်ပိုက်ဖြင့် ရိုက်နှက်ခြင်း၊ ခြေထောက်ဖြင့်ကန်ခြင်း၊ ယာဘက်နားအား သွားပွတ်တံဖြင့် ထိုးခြင်း၊ မိန်းမကိုယ်အား ဖယောင်းတိုင်မီးဖြင့် ထိုးခြင်းများ ပြုလုပ်ခဲ့သည်ဟု သိရသည်။

ထို့ကြောင့် မိန်းကလေးငယ်၌ ယာမျက်ခုံးအမာရွတ် ၁ ခု၊ နှာခေါင်းရိုး ဖူးရောင်ဒဏ်ရာ ၁ ချက်၊ အပေါ်နှုတ်ခမ်းအမာရွတ် ၁ ခု၊ ၀ဲဘက်နားဖူးရောင်၊ ပေါက်ပြဲဒဏ်ရာ ၁ ချက်၊ ရင်သားနှစ်ဖက်တွင် ဆွဲစိတ်ထားသော အမာရွတ်များ၊ ယာဒူးခေါင်းအမာရွတ် ၁ခု၊ လွန်ခဲ့သော ၂ရက် ၃ ရက်ခန့်က ယာပါးအား လက်ဖြင့် ရိုက်ခဲ့သဖြင့် ဖူးရောင်နာကျင်ဒဏ်ရာ၊ ယာခြေဖမိုးအားဝါးလုံးတုတ်ဖြင့် ရိုက်သဖြင့် ခြေဖမိုးနာကျင်ဒဏ်ရာ၊ ယာနားမကြား၊ မိန်းမကိုယ်ဖူးရောင်ဒဏ်ရာနှင့် ၀မ်းဗိုက်တို့တွင် ဒဏ်ရာများ အသီးသီး ရရှိခဲ့သည်။

မြေးဖြစ်သူအား ဒဏ်ရာများရရှိအောင် နှိပ်စက်သူ ခင်မောင်အေးအား အရေးယူပေးရန် တိုင်တန်းချက်အရ တာမွေမြို့မရဲစခန်း(ပ)၂၁၉/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၂၆/၃၂၅ဖြင့် အမှုဖွင့် အရေးယူ   ဆောင်ရွက်လျက်ရှိကြောင်းနှင့် လူကူန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များနှင့်ငြိစွန်းမှုရှိ/မရှိ အမှတ်(၆)လူကူန်ကူးမှု တားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့စုမှ ရဲတပ်ဖွဲ့ဝင်များနှင့်  ပူးပေါင်းစစ်ဆေးဆောင်ရွက် လျက်ရှိကြောင်း ထုတ်ပြန်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly