ခြေသလုံးဒဏ်ရာကြောင့် အာဆင်နယ်ဂိုးသမား ပီတာချက် တစ်လခန့် အနားယူရမည်

ခြေသလုံးဒဏ်ရာကြောင့် အာဆင်နယ်ဂိုးသမား ပီတာချက် တစ်လခန့် အနားယူရမည်

မတ် ၂၂၊ အင်္ဂလန် ။                ။ အာဆင်နယ်ဂိုးသမား ပီတာချက်သည် ၀က်စ်ဘရွန်းအသင်းနှင့်ပွဲစဉ်တွင် ရရှိခဲ့သော ခြေသလုံးဒဏ်ရာကြောင့် တစ်လခန့်အနားယူရတော့မည် ဖြစ်သည်။

ပြီးခဲ့သည့် အင်္ဂါနေ့က ပီတာချက်၏ဒဏ်ရာကို ဆေးစစ်မှုများပြုလုပ်ခဲ့ပြီးနောက် အာဆင်နယ်အသင်းက ယခုသတင်းကို ထုတ်ပြန်ကြေညာပေးခဲ့ခြင်းဖြစ်သည်။

ထိုဒဏ်ရာကြောင့် ပီတာချက်သည် လာမည့်ရက်သတ္တပတ်တွင် ကစားရမည့် မန်စီးတီးနှင့်ပရီးမီးယားလိဂ်ပွဲစဉ်ကို လွဲချော်ရတော့မည်ဖြစ်သလို အာဆင်နယ်အသင်း၏အရေးကြီးပွဲစဉ်များကို ပါ၀င်နိုင်တော့မည် မဟုတ်ပေ။ လက်ရှိအချိန်တွင် ပရီးမီးယားလိဂ်နှင့်အက်ဖ်အေဖလားတွင် ရုန်းကန်နေရသည့် အာဆင်နယ်အသင်းအတွက် ပီတာချက်၏သတင်းမှာ ထိုးနှက်ချက်ဖြစ်လာခဲ့သည်။

အာဆင်နယ်အသင်း ၃ ဂိုး၊ ၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ရသော ၀က်စ်ဘရွန်းနှင့်ပွဲစဉ်တွင် ပီတာချက်သည် ပထမပိုင်းမပြီးခင်မှာပင် ဒဏ်ရာရခဲ့ပြီး ကိုလံဘီယာလက်ရွေးစင်ဂိုးသမား အော့စပင်နာနှင့် လူစားလဲခဲ့ရသည်။ အာဆင်နယ်အသင်း၏ဖလားပြိုင်ပွဲ များတွင်သာ ကစားခွင့်ရရှိနေသော အော့စပင်နာမှာ ပီတာချက်၏နေရာကို တာဝန်ယူရတော့မည် ဖြစ်သည်။

ပီတာချက်မှာ ဧပြီလ ၂၃ ရက်နေ့တွင် ကစားရမည့် မန်စီးတီးနှင့်အက်ဖ်အေဖလားဆီမီးဖိုင်နယ်တွင် ပြန်လည်ကစားနိုင်ဖွယ်ရှိသည်။

ရည်ညွှန်း ဒေးလီးမေးလ်

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly