ရခိုင်ပြည်နယ်ရှိ IDPs စခန်းများ ပိတ်ရေးနှင့် နေရပ်ပြန်ရေး အစိုးရမှ စီမံချက်ချသင့်ဟု ဆို

ရခိုင်ပြည်နယ်ရှိ IDPs စခန်းများ ပိတ်ရေးနှင့် နေရပ်ပြန်ရေး အစိုးရမှ စီမံချက်ချသင့်ဟု ဆို
စစ်တွေရှိ IDPs စခန်းတစ်ခုတွင် ကလေးများ ကစားနေစဉ်။ ဓာတ်ပုံ-EPA
 

ရန်ကုန် ၊ မတ် ၁၇ ။           ။ ရခိုင်ပြည်နယ်အတွင်းရှိ IDPs စခန်းများ ပိတ်သိမ်းရေးနှင့် ၎င်းတို့နေရပ်ပြန်နိုင်ရေးအား အစိုးရအနေဖြင့် သက်ဆိုင်ရာလူမှုအဖွဲ့အစည်းများနှင့် တိုင်ပင်ကာ စီမံချက်ချဆောင်ရွက်သင့်ကြောင်း ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်က ယမန်နေ့က ထုတ်ပြန်သော အစီရင်ခံစာတွင် ဖော်ပြထားသည်။

ယမန့်နေ့ မတ်လ ၁၇ ရက်နေ့ ညနေက ရန်ကုန်မြို့ ဆူးလေ ရှန်ဂရီလာတွင်ပြုလုပ်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်က အစိုးရထံ တင်သွင်းခဲ့သည့် ကြားဖြတ်အစီရင်ခံစာတွင် ယင်းအချက်လည်း ပါ၀င်သည်။

၂၀၁၂ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် မွတ်ဆလင် လူဦးရေ ၁၂၀၀၀၀ ကျော်သည် ရခိုင်ပြည်နယ်အတွင်းရှိ IDPs စခန်းများ၌ ကန့်သတ်မှုများဖြင့် နေထိုင်နေကြရသည်ဟုလည်း ကိုဖီအာနန်ကော်မရှင်က ဆိုသည်။

IDP စခန်းတွင် နေထိုင်ရသော နှစ်ဖက်အသိုက်အဝန်းလုံးကို ရည်ညွှန်းခဲ့ပြီး အထူးသဖြင့် ရမ်းဗြဲမြို့နယ်ရှိ ကမန်လူမျိုး မိသားစု (၅၅) စု ၊ ကြိမ်နီပြင် IDPs စခန်းတွင် နေထိုင်သည့် မင်းသာဖကျေးရွာမှ မွတ်ဆလင်မိသားစု(၂၁၅) စု ၊ ကညင်တောမှ ရခိုင်အိမ်ထောင်စု(၆၅) စု တို့အား ၄င်းတို့၏ မူလဒေသများ၌ ပြန်လည်အခြေချနေထိုင်ခွင့်ပြုခြင်းကို အစိုးရအနေဖြင့် ဗျူဟာတစ်ရပ်ချမှတ်ကာ လုပ်ဆောင်ပေးသင့်သည်ဟု အကြံပြုချက်အနေဖြင့် ဖော်ပြထားသည်။ ထိုသို့ လုပ်ဆောင်ရမည့် အချိန်ဇယားကို ရှင်းလင်းစွာဖော်ပြသင့်သည်ဟု ဆိုသည်။

ပြန်လည်နေထိုင်မည့် မိသားစုတစ်စုချင်းအတွက်လုံးချင်းအိမ်များဆောက်လုပ်ပေးရန် ၊ မူလနေရာများတွင် ပြန်လည်နေရာချရန်၊ နှစ်ဖက်အသိုင်းအဝန်းများနှင့်ပေါင်းစည်းပေးခြင်း လုပ်ဆောင်ရန်များအပြင် ၎င်းတို့နေထိုင်ရာဒေသအနီး လုံခြံုရေးတပ်ဖွဲ့များ ဖွဲ့စည်းပေးသင့်သည်ဟု ပါရှိသည်။

ထို့ပြင် ကညင်တောမှ ရခိုင်အိမ်ထောင်စု (၆၅) စုမှလည်း နေရပ်ပြန်ရန် အဆင်သင့်ဖြစ်နေပြီဟု ဖော်ပြထားသည်။

အဆိုပါ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်၏ ကြားဖြတ်အစီရင်ခံစာပါ အကြံပြုချက်များကို အစိုးရအနေဖြင့် လက်ခံသွားမည်ဖြစ်ပြီး အချိန်မဆိုင်းဘဲ ထိထိရောက်ရောက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဟုလည်း ယမန်နေ့ မတ်လ ၁၆ ရက်နေ့ ညက နိုင်ငံတော်အတိုင်ပင်ခံရုံးမှ သတင်းထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်တွင် မစ္စတာကိုဖီအာနန် ဦးဆောင်ပြီး နိုင်ငံတကာ ပညာရှင် သုံးဦး ၊ မြန်မာနိုင်ငံသား အဖွဲ့ဝင် ခြောက်ဦးဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။ ယင်းကော်မရှင်ကို နိုင်ငံတော်အတိုင်ပင်ခံရုံးမှ ပြီးခဲ့သည့်နှစ် သြဂုတ်လအတွင်းက ဖွဲ့စည်းပေးထားခဲ့ခြင်းဖြစ်ပြီး အကြံပြုစာကို တစ်နှစ်အတွင်း ပေးပို့ရမည်ဖြစ်သည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ ပန်ကြားချက်အရ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်အနေဖြင့် 'ဘင်္ဂါလီ' ဆိုသည့် အသုံးအနှုန်းနှင့် 'ရိုဟင်ဂျာ' ဆိုသည့် အသုံးအနှုန်းကို ခေါ်ဝေါ်သုံးစွဲသွားမည် မဟုတ်ဘဲ 'မွတ်ဆလင်' သို့မဟုတ် 'ရခိုင်ပြည်နယ်အတွင်းရှိ မွတ်ဆလင် လူ့အဖွဲ့အစည်း' ဟု ရည်ညွှန်းသုံးစွဲသွားမည်ဖြစ်ကာ ကမန်မွတ်ဆလင်များကိုမူ 'ကမန်' ဟုသာ သုံးစွဲခေါ်ဝေါ်သွားမည်ဖြစ်သည်။

အကြံပြုချက် ၁၂ ချက်ပါ၀င်သော ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်၏ ကြားဖြတ်အစီရင်ခံစာကို ယမန်နေ့က ထုတ်ပြန်ခဲ့ခြင်းဖြစ်စည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly