ဘာစီလိုနာအသင်းက ပြိုင်ပွဲကြီး (၃)ရပ်မှာ ယှဉ်ပြိုင်ကစားဖို့ အဆင်သင့်ဖြစ်နေဟု နည်းပြ အင်းနရစ် ပြော

ဘာစီလိုနာအသင်းက ပြိုင်ပွဲကြီး (၃)ရပ်မှာ ယှဉ်ပြိုင်ကစားဖို့ အဆင်သင့်ဖြစ်နေဟု နည်းပြ အင်းနရစ် ပြော
(ဓာတ်ပုံ - အီးပီအေ)

ချန်ပီယံလိဂ် ရှုံးထွက် (၁၆)သင်းအဆင့်မှာ ဘာစီလိုနာအသင်းက PSG ကို အနိုင်ကစားပြီး သမိုင်းဝင် ပြန်လာနိုင်ပြီးနောက် နည်းပြအင်းနရစ်က အပြည့်အဝ ယုံကြည်စိတ်ချထားတဲ့ သူ့ရဲ့ ကစားသမားတွေဟာ ရာသီအဆုံးသတ်အထိ ပြိုင်ပွဲကြီးအရပ်ရပ်မှာ ယှဉ်ပြိုင်ကစားဖို့ အဆင်သင့်ဖြစ်လိမ့်မယ်လို့ စနေနေ့က ပြောကြားသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ချန်ပီယံလိဂ် ရှုံးထွက် (၁၆)သင်းအဆင့် ဒုတိယအကျော့မှာ PSG ကို ၆-၁ ဂိုးနဲ့ နိုင်ခဲ့ပြီး ဘာကာအသင်းဟာ ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်ခဲ့ပါတယ်။ ဘာစီလိုနာဟာ ချန်ပီယံလိဂ် ရှုံးထွက်အဆင့်တွေမှာ သမိုင်းတစ်လျှောက် ပထမအကျော့ ၄-၀ ဂိုးပြတ် အရှုံးကနေ ပြန်လာနိုင်တဲ့ ပထမဆုံးအသင်းဖြစ်လာပါတယ်။

နည်းပြ အင်းနရစ်က PSG ကို အနိုင်ရပြီးနောက် သူ့အသင်းဟာ သက်တောင့်သက်သာဖြစ်နိုင်ပါတယ်လို့ ဒီပို့ဒီပိုနဲ့ လာလီဂါပွဲစဉ်အကြို သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

"ကျနော်ကစားသမားတွေရဲ့ အတွေ့အကြံုနဲ့ သိမြင်နိုင်မှုတွေအပေါ် ယုံကြည်ပါတယ်"လို့ အင်းနရစ်က အလေးအနက် ပြောပါတယ်။

"ကျနော်တို့အားလုံးသိထားတာက အရာရာတိုင်းဟာ အဆုံးအဖြတ်အနေအထားတွေမှာ ရှိနေသေးပါတယ်။ ချန်ပီယံလိဂ်မှာဆိုရင် အသင်း ၈ သင်းကျန်ရှိပါတယ်။ ဒါ့အပြင် လာလီဂါမှာ ပြိုင်ဘက် နှစ်သင်းနဲ့ တိုက်ပွဲဝင်ရအုံးမှာဖြစ်ပြီး ကျနော်တို့က ဘုရင့်ဖလားဗိုလ်လုပွဲမှာ ကစားဖို့ရှိပါတယ်။ ဆိုလိုတာက ပြိုင်ပွဲ ၃ ရပ်လုံး ဒါမှမဟုတ် ပြိုင်ပွဲရပ်လက်မဲ့လည်းဖြစ်သွားနိုင်ပါတယ်။"လို့ နည်းပြ အင်းနရစ်က ပြောပါတယ်။

နည်းပြ လူးဝစ်အင်းနရစ်ဟာ လက်ရှိရာသီကုန်ဆုံးချိန်မှာ ၎င်းရဲ့ စာချုပ်သက်တမ်းတိုးတော့မှာ မဟုတ်ဘဲ သူ့အနေနဲ့ အနားယူဖို့ လိုအပ်နေတာကြောင့် ဘာစီလိုနာနည်းပြရာထူးကနေ ထွက်ခွာသွားမယ်လို့ မကြာသေးခင်က ကြေညာထားသူဖြစ်ပါတယ်။

©EFE_EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly