ဗဟိုအလုပ်အမှုဆောင်ထဲမှာ မပေါင်းလိုတဲ့သူတွေရှိသလို အများစုက ပေါင်းချင်တဲ့သူတွေလည်း ရှိတယ် (ဒေါက်တာအောင်နိုင်ဦး-မွန်ပြည်နယ် လွှတ်တော် ဒုတိယဥက္ကဋ္ဌ)

ဗဟိုအလုပ်အမှုဆောင်ထဲမှာ မပေါင်းလိုတဲ့သူတွေရှိသလို အများစုက ပေါင်းချင်တဲ့သူတွေလည်း ရှိတယ် (ဒေါက်တာအောင်နိုင်ဦး-မွန်ပြည်နယ် လွှတ်တော် ဒုတိယဥက္ကဋ္ဌ)

မတ်လ ၁၁ ရက် ။             ။ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ နဲ့ မွန်အမျိုးသားပါတီ မွန်ပါတီနှစ်ပါတီ ပေါင်းစည်းရေး အတွက် ညှိနှိုင်းဆောင်ရွက်မှုတွေ ပြုလုပ်နေဆဲပါ။ ဒီအချိန်အတွင်းမှာ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ ကနေ ပါတီဗဟိုအလုပ်အမှုဆောင်တွေနှုတ်ထွက်ခဲ့တယ်ဆိုတဲ့သတင်းတွေလည်း ထွက်ပေါ်လာ နေပါတယ်။ ဒီအကြောင်းအရာတွေနဲ့ ပတ်သက်ပြီး လက်ရှိအခြေအနေကို မွန်ပြည်နယ် လွှတ်တော် ဒုတိယဥက္ကဋ္ဌလည်းဖြစ်၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ဗဟိုကော်မတီဝင်လည်း ဖြစ်သူ ဒေါက်တာအောင်နိုင်ဦးကို မဇ္စျိမ သတင်းထောက် ဇေယျာမော်က ဆက်သွယ် မေးမြန်းထားပါတယ်။

မေး။       ။ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီအလုပ်အမှုဆောင်တွေ နှုတ်ထွက်တယ်လို့ ကြားတယ်။ ဘာကြောင့်လဲခင်ဗျ။

ဖြေ။         ။ နှုတ်ထွက်တဲ့အဆင့်တော့ မဟုတ်သေးပါဘူး။ သို့သော်လည်းပဲ လောလောဆယ် နှစ်ပါတီပေါင်းစည်းရေးအတွက်ကို အဓိက လုပ်နေရတာလေ။ တကယ်ပေါင်းစည်းပြီးဆိုရင်တော့ ဒီပါတီကနေ ကျွန်တော်တို့က နှုတ်ထွက်ရမှာပဲပေါ့။ ပြောချင်တာကတော့ နှစ်ပါတီဖြစ်နေတဲ့အတွက် မဲပေးတဲ့သူတွေလည်း မဲကပြန့်သွားတာပေါ့နော်။ ဟိုဘက်လည်းမရ၊ ဒီဘက်လည်းမရဘူးဆိုတော့ ကျွန်တော်တို့က အမြဲတမ်းအရှုံးတွေနဲ့ ဆက်လက်ရင်ဆိုင်ရမှာပဲ။ အဲ့တော့ ကျွန်တော်တို့က ရခိုင်ပါတီတို့လိုမျိုး သေချာကျကျနန ပေါင်းလိုက်မယ်ဆိုရင် ဘာပဲပြောပြော ကိုယ့်မဲဆန္ဒရှင် လူထုမဲတွေကလည်း မပြန့်ဘူး။ ကျွန်တော်တို့အချင်းချင်းလည်း စည်းစည်းလုံးလုံးနဲ့ အင်အားကြီးပါတီတွေကို ယှဉ်ပြိုင်နိုင်မယ်လို့ လက်ခံယုံကြည်တယ်။

မေး။          ။ မွန်အမျိုးသားပါတီနဲ့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီ နှစ်ပါတီ ပေါင်းစည်းဖို့ ညှိနှိုင်းမှုတွေလုပ်နေတယ် ဆိုတော့ လက်ရှိပါတီကနေ နှုတ်ထွက်သွားမှာလား။

ဖြေ။            ။ ပြည်သူလူထုကလည်း အမြဲတမ်းတောင်းဆိုနေတယ်၊ သံဃာတော် ဆရာတော်တွေကလည်း အကြိမ်ကြိမ်အခါခါ ကျွန်တော်တို့ကို တိုက်တွန်းအားပေးတာမျိုးရှိတယ်။ ဒါကြောင့်မို့လို့ ဆရာတော်တွေနဲ့ မွန်ပညာရှင်တွေဦးဆောင်တဲ့ ပေါင်းစည်းညှိနှိုင်းရေးအဖွဲ့ကနေ ညှိနှိုင်းမှုတွေ လုပ်ပေးနေတယ်။ အဲ့ဒီမှာ ကျွန်တော်တို့ပါတီကနေပြီးတော့ ပါတီအနေနဲ့ သွားပြီးတော့ ညှိနှိုင်းမှုတွေကို တက်ရောက်ခဲ့တာမျိုးတွေ မလုပ်ခဲ့ဘူး။ အဲ့ဒီပေါင်းစည်းညှိနှိုင်းရေးအဖွဲ့ကို အသိအမှတ် ပြုခဲ့တာမျိုးတွေ မရှိဘူး။ သို့သော်လည်းပဲ ကျွန်တော်တို့ပါတီထဲက ကျွန်တော်တို့လိုမျိုးပေါ့ ပါတီဝင်တော်တော်များများက အဲ့ဒီပေါင်းစည်းစေချင်တဲ့ စိတ်ဆန္ဒရှိကြတယ်။ အဲ့ဒီလို စိတ်ဆန္ဒရှိကြတဲ့ အလုပ်အမှုဆောင်တွေရော၊ ဗဟိုကော်မတီဝင်တွေရော၊ သာမန်ပါတီဝင်တွေရောက ဒီပေါင်းစည်းညှိနှိုင်းရေးပွဲကို သွားပြီးတော့ ပေါင်းမယ်ဆိုရင် ဒီပါတီကနေ အကုန်လုံးနှုတ်ထွက်ပြီးတော့  ပေါင်းစည်းရေးကို ဆက်လုပ်သွားပါမယ်။ အဲ့ဒါကြောင့်မို့လို့ ညှိနှိုင်းမှုလေးတွေ အတော်အတန် အဆင်ပြေလာအောင်လို့တော့ လုပ်နေရတယ်။ ညှိနှိုင်းမှုပြေလည်တာနဲ့ တစ်ပြိုင်နက် ဒီဘက်က ပါတီကနေ နှုတ်ထွက်မယ်ဆိုတဲ့ အစီအစဉ်မျိုး ကြိုပြင်ထားတာပါ။

မေး။       ။  မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှာ ပေါင်းစည်းညှိနှိုင်းရေးကို လုပ်ဖို့ စိတ်အားထက်သန်တဲ့သူ ဘယ်နှစ်ယောက်လောက်ရှိလဲ။

ဖြေ။         ။ ဗဟိုကော်မတီဝင်က ၅၀ ကျော်ရှိတယ်။ ဗဟိုအလုပ်အမှုဆောင်က ၂၂ ယောက်ရှိတယ်။ သို့သော်လည်းပဲ ဒီ ဗဟိုအလုပ်အမှုဆောင်ထဲမှာ မပေါင်းလိုတဲ့သူတွေရှိသလို အများစုက ပေါင်းချင်တဲ့သူတွေလည်း ရှိတယ်။ ဗဟိုကော်မတီဝင်မှာလည်း ဒီအတိုင်းပဲ၊ မပေါင်းချင်တဲ့သူ အတော်အတန်ရှိသလို ပေါင်းချင်တဲ့သူကတော့ အများစုရှိပါတယ်။

မေး။          ။ နှစ်ဘက်စလုံးမှာ ပေါင်းစည်းရေးကို လက်မခံတဲ့သူတွေ ရှိနေနိုင်တော့ မွန်ပါတီအသစ်တစ်ခု ပေါ်လာနိုင်မလား။

ဖြေ။       ။ ပေါ်နိုင်တယ်လို့ ကျွန်တော် ယူဆတယ်။ ဒါက သေချာ ကျကျနနပေါင်းမယ်ဆိုရင် မူလပါတီတွေက အားပျော့သွားနိုင်တဲ့အနေအထားမျိုး ရှိနေတယ်။ ပေါင်းစည်းမှုတွေက ဘယ်လိုပေါင်းစည်းမှုမျိုးနဲ့ ပေါင်းမလဲဆိုတာ အဓိကကျတယ်။ တစ်ဖက်နဲ့ တစ်ဖက် နစ်နာမှုမရှိအောင် အားလုံးပါ၀င်လာနိုင်အောင် အခြေခံမှုတွေသေသေချာချာ ကျကျနန ရေးဆွဲပြီး ပေါင်းစည်းမယ်ဆိုရင် ဘာပဲပြောပြော ပေါင်းစည်းမိတဲ့ ဒီတတိယအင်အားစုကတော့ ပိုပြီးတော့တောင် ခိုင်မာတောင့်တင်းတဲ့ အနေအထားမျိုး ရှိလာနိုင်တယ်။ အဲ့ဒါဆိုရင် အရင်ဟာတွေက အားပျော့သွားနိုင်တယ်။

မေး။     ။ ပေါင်းစည်းရေးအတွက် ညှိနှိုင်းမှုက အဆင်မပြေရင်ရော အခုလက်ရှိပါတီက နှုတ်ထွက်သွားမှာလား။

ဖြေ။       ။ ရှိတယ်၊ အဲ့ဒါလည်း ရှိပါတယ်။ ကျွန်တော်တို့လုပ်ခဲ့တာကတော့ မွန်အမျိုးသားရေး စိတ်ဓါတ် အခိုင်အမာနဲ့ ကျွန်တော်တို့လုပ်ခဲ့တယ်။ သို့သော်လည်းပဲ အမျိုးသားရေးခေါင်းဆောင် ပါတီနှစ်ဘက်စလုံးက ကိုယ့်လိုရာ ကိုယ်ဆွဲနေတာမျိုး၊ ပုဂ္ဂိုလ်ရေးအဆွဲကြောင့် ဒီလိုမျိုး ပါတီတွေ အကွဲကွဲအပြားပြားဖြစ်နေမယ်ဆိုရင်တော့ နောင်လာနောက်သားတွေအတွက်လည်းမကောင်းဘူး။ အဲ့လိုကွဲပြားနေတဲ့ကိစ္စအတွက်ဆိုရင်တော့ ကျွန်တော်တို့အတွက်လည်း ဆက်ပြီးတော့ လုပ်ချင်စိတ်မရှိတော့ဘူး။ ကျွန်တော်တစ်ဦးချင်းအနေနဲ့ဆိုရင် ပေါင်းသည်ဖြစ်စေ မပေါင်းသည်ဖြစ်စေ၊ ဘယ်လိုပြောရမလဲ မပေါင်းရင်လည်း ဘယ်ပါတီမှ မဝင်တော့ဘူး။ အကယ်၍ ပေါင်းမယ်ဆိုရင်တော့ ခိုင်မာအားကောင်းတဲ့ ဒီပေါင်းစည်းရေးပါတီနဲ့ ဆက်ပြီးတော့ လက်တွဲသွားမှာပါ။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly