မြန်မာအမျိုးသမီးရက်သတ္တပတ် ကျင်းပသွားမည်

မြန်မာအမျိုးသမီးရက်သတ္တပတ် ကျင်းပသွားမည်

ရန်ကုန်၊ မတ် ၃ ။               ။ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ကမ္ဘောဇအုပ်စုတို့ပူးပေါင်းပြီး   မြန်မာအမျိုးသမီးရက်သတ္တပတ်  (Women’s Week –Myanmar) လှုပ်ရှားမှုများကို ရန်ကုန်မြို့ နှင့် နေပြည်တော်တို့တွင် မတ်လ(၆)ရက်နေ့ မှ မတ်လ (၁၂)ရက်အထိ ကျင်းပလျက်ရှိသည်။

အဆိုပါ ရက်သတ္တပတ်အတွင်း ကျား-မ တန်းတူ တူညီအခွင့်အရေးဆိုင်ရာကိစ္စရပ်များ နှင့် အမျိုးသမီးစွမ်းဆောင်ရည်မြှင့်တင်ရေး လှုံ့ဆော်ခြင်းများအဖြစ် ပညာပေးမှတ်တမ်းရုပ်ရှင်အစီအစဉ်များ၊   ဆွေးနွေးဟောပြောပွဲများ၊ အားကစားလှုပ်ရှားမှုများ နှင့် စာပေဆွေးနွေးပွဲများ ပါဝင်မည်ဖြစ်သည်။

“မြန်မာအမျိုးသမီးတွေဟာ အရမ်းသန်မာ အရမ်းအရည်အချင်းရှိပြီးသား သူတွေချည်းပဲ။ ဒါပေမယ့် ဘာတွေ လိုအပ်လဲဆိုတော့ ခေါင်းဆောင်လုပ်တဲ့နေရာတွေမှာရော ၊ ဆုံးဖြတ်ချက်ချတဲ့   နေရာတွေမှာရော သူတို့ကို နေရာပေးဖို့ လိုအပ်တယ်။ အမျိုးသမီးတွေနဲ့ အမျိုးသားတွေ တန်းတူနေရာရသွားအောင်လဲ အစီအစဉ်များများလုပ်သင့်တယ်။ မူဝါဒတွေ ချမှတ်သင့်တယ်” ဟု Head UN WOMEN, Myanmar မှ Jean D’Cunha က အဆိုပါပွဲတွင် ပြောကြားခဲ့သည်။

ယခုလှုပ်ရှားမှုများကို မတ်လ (၈) ရက်နေ့တွင် ကျရောက်သည့် “အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့” ကို ဂုဏ်ပြုသည့်အနေဖြင့်ပြုလုပ်ခြင်းဖြစ်ပြီး မတ်လ (၆) ရက်နေ့မှစ၍ နေပြည်တော်တွင် စတင်ကျင်းပသွားမည်ဖြစ်သည်။ မြန်မာအမျိုးသမီးများအနေဖြင့် လက်ရှိအခွင့်အရေးများအပြင် ပိုမိုကောင်းမွန်သော အခွင့်အရေးကောင်းများ ရရှိစေရန် ကြိုးစားဆောင်ရွက်သွားမည်ဟု KBZ Bank မှ Head of CSR ဒေါ်ယုဝေမောင်က ပြောကြားခဲ့သည်။

“ကျွန်မတို့အခွင့်အရေးကတော့ ရနေပါတယ်။ ဒီအခွင့်အရေးတွေထက်ပိုပြီးတော့ ကောင်းမွန်တဲ့ အခွင့်အရေးတွေလည်း ရရှိဖို့ လိုအပ်နေပါတယ်ရှင်။ Decision Making Position တွေမှာလည်း ရှိနေဖို့ လိုအပ်နေပါတယ်။ ဒါမှလည်း အမျိုးသမီးတွေကို အားပေးတဲ့ Policy တွေ ချမှတ်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လည်း ဒီလိုမျိုး Forum တွေလုပ်ပြီးတော့ Workshop တွေကျင်းပတယ်။ ဒါမှလည်း Awareness ပေါ့ သိရှိနိုင်မယ်။ မျက်စိတွေပွင့်လာမယ်။ နည်းလမ်းတွေသိလာမယ်။ တခြားကုမ္ပဏီတွေ တခြားနိုင်ငံတွေက ဘာတွေလုပ်နေလဲဆိုတာ သင်ကြားလို့ ရမယ်။ ကျွန်မတို့ အခုရရှိနေတဲ့ အခွင့်အရေးတွေထက် အများကြီးရရှိလာအောင် ကြိုးစားသွားမှာ ဖြစ်ပါတယ်။” ဟု ပြောသည်။

မြန်မာအမျိုးသမီး ရက်သတ္တပတ်အတွင်း အစိုးရအဖွဲ့တို့အပြင် နိုင်ငံတကာသံရုံးများ၊ ပုဂ္ဂလိက နှင့် NGO အဖွဲ့အစည်းများဖြင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟုသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly