ကြည်လင်း၏ အမှုတွဲက လုုပ်ကြံမှုကျူးလွန်ရန် ကမ်းလှမ်းခဲ့ဟု ထောင်ထွက်တစ်ဦး ထုုတ်ဖော်

ကြည်လင်း၏ အမှုတွဲက လုုပ်ကြံမှုကျူးလွန်ရန် ကမ်းလှမ်းခဲ့ဟု ထောင်ထွက်တစ်ဦး ထုုတ်ဖော်
အကျဉ်းသားဟောင်း ဦးအောင်စိုးကို အင်းစိန်မြို့နေအိမ်တွင် တွေ့ရပုံ။ ဦးအောင်စိုးသည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ လူမှုရေး လုပ်ငန်းတစ်ခုတွင် စေတနာ့ဝန်ထမ်းတစ်ဦးအဖြစ် ကူညီ ဆောင်ရွက်လျက်ရှိသည် (ဓာတ်ပုံ - ဇော်ထက်/Myanmar Now)

ရန်ကုန် (Myanmar Now) – ရှေ့နေဦးကိုနီကို ရန်ကုန်လေဆိပ်တွင် လုပ်ကြံခဲ့သည့် ဦးကြည်လင်းနှင့် ဘုရားခိုးဂိုဏ်းတွင် လက်တွဲလုပ်ကိုင်ဖူးသူတစ်ဦးက ရန်ကုန်မြို့လယ်တွင် လုပ်ကြံသတ်ဖြတ်မှုတစ်ခု တာဝန်ယူပေးရန် ယမန်နှစ်က ကမ်းလှမ်းခဲ့ကြောင်း အကျဉ်းသားဟောင်းတစ်ဦးက ထုတ်ဖော်ပြောဆိုလိုက်သည်။

ကမ်းလှမ်းမှှုကို သူက ငြင်းပယ်လိုက်ပြီးနောက်ပိုင်း ဦးကြည်လင်းက တာဝန်ကို လက်ခံကာ အမှုကျူးလွန်လိုက်သည်ဟု ယူဆကြောင်း ထုတ်ဖော်ပြောဆိုသူမှာ ရန်ကုန် အင်းစိန်မြို့နယ်၊ ဖော့ကန် ရပ်ကွက်တွင် နေထိုင်သော ၅၁ နှစ် အရွယ် ဦးအောင်စိုး ဖြစ်သည်။

သူသည် ၂ဝဝ၉၊ ၂ဝ၁ဝ ပြည့်နှစ်တို့တွင် မန္တလေးအိုးဘိုထောင် အဆောင်အမှတ် (၃) တွင် ရှိနေစဉ် ဦးကြည်လင်း၊ ဦးအောင်ဝင်းဇော်တို့နှင့် ဆုံတွေ့ခဲ့သူ ဖြစ်သည်။

ဦးကြည်လင်း၊ ဦးအောင်ဝင်းဇော်တို့မှာ ဘုရားခိုးမှှုဖြင့် နှစ်ရှည်ထောင်ကျနေသူ အမှှုတွဲများ ဖြစ်ကြောင်း ဦးအောင်စိုးက ပြောကြားပြီး၊ ထိုအချိန်က အိုးဘိုအကျဉ်းထောင်တွင် တာဝန် ထမ်းဆောင်ခဲ့သူ အကျဉ်းဦးစီးတာဝန်ရှိသူတစ်ဦး နှင့် နှစ်ရှည်ထောင်ကျခဲ့သော နိုင်ငံရေးအကျဉ်းသားဟောင်း ဦးဘိုဘို ခေါ် စမ်းချောင်းဘိုဘိုကလည်း ထိုအချက်ကို အတည်ပြု ပြောဆိုသည်။

၎င်းတို့ ၃ ဦးလုံးသည် ၂ဝ၁၄ ဇန်နဝါရီတွင် နိုင်ငံတော် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာခဲ့ကြသည်။

၂ဝ၁၆ ဇွန်လတွင် ဦးအောင်ဝင်းဇော်က ဦးအောင်စိုး နေထိုင်ရာ အင်းစိန်မြို့နယ်သ့ို ခဲရောင် ပါဂျဲရိုးကားဖြင့် ရောက်ရှိလာပြီး လူသတ်ရမည့်အလုပ် ရှိကြောင်း၊ လူမျိုးခြား ဘာသာခြား နိုင်ငံခြား သံတမန်တစ်ဦးကို နေ့ခင်းကြောင်တောင် မြို့လယ်ခေါင်တွင် ပစ်သတ်ရမည့် အလုပ်ဖြစ်ကြောင်း၊ အလုပ် အောင်မြင်လျှင် အားလုံးအတွက် အကျိုးရှိမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု ဦးအောင်စိုးက ဆိုသည်။

“ကိုယ့်နိုင်ငံအတွက်၊ ကိုယ့်လူမျိုးအတွက်၊ ကိုယ့်ဘာသာအတွက် အကျိုးရှိမယ်၊ ခင်ဗျား ငွေကြေးလည်း ထိုက်ထိုက်တန်တန် ရမယ်။ ဘယ်လောက်ရမှာလဲလို့ မေးလိုက်တော့ ကျွန်တော့်ကို ခင်ဗျား ဘယ်လောက်လိုချင်လဲ၊ လောလောဆယ် (သိန်း) ၃ဝဝ ပါတယ်၊ ခင်ဗျား ၅ဝဝ ယူမလား၊ ၁,ဝဝဝ ယူမလား မေးတယ်” ဟု ဦးအောင်စိုးက Myanmar Now နှင့် ဇန်နဝါရီ ၃၁ ရက်နေ့က အင်းစိန်မြို့နယ်ရှိ သူ၏အိမ်တွင် တွေ့ဆုံစဉ်ပြောကြားခဲ့သည်။

အလုပ်လက်ခံပါက သေနတ်ပစ် လေ့ကျင့်ရန် တောတွင်းသို့ ချက်ချင်း လိုက်ရမည်၊ လုပ်ကြံမှှု ပြုလုပ်သည့်အခါ ဦးအောင်ဝင်းဇော် ကိုယ်တိုင် ကား သို့မဟုတ် ဆိုင်ကယ်ဖြင့် စောင့်ပြီး သူ့အား ခေါ်ယူ ထွက်ပြေးမည်၊ ကျူးလွန်မှု အထမြောက်ပြီးသည်နှင့် ကရင်ပြည်နယ်ရှိ DKBA တပ်များ လှှုပ်ရှားရာ နယ်မြေဘက်သို့ တိမ်းရှောင်ရမည်ဟု သူ့အား ပြောဆိုခဲ့ကြောင်း ဦးအောင်စိုးက ရှင်းပြသည်။

ဦးအောင်စိုးက ဒုစရိုက်အမှောင်လောကကို ပြန်မသွားလိုတော့ကြောင်း၊ ကောင်းရောင်း ကောင်းဝယ် လုပ်ကိုင်စားသောက်ပြီး မိသားစုနှင့်အတူ နေထိုင်လျက် ရှိနေကြောင်း ပြောဆိုပြီး ကမ်းလှမ်းမှှုကို ငြင်းဆန်ခဲ့သည်ဟု ဆိုသည်။

ထိုအလုပ်ကို သူ့အားလာရောက်အပ်နှံခြင်းမှာ သူသည် ယခင်က တပ်ထဲသို့ နှစ်နှစ်ခန့် ဝင်ရောက်ဖူးပြီး သေနတ်ပစ်တတ်ခြင်း၊ အကျဉ်းထောင်အတွင်း နေထိုင်စဉ် အခြားသော ရာဇဝတ် အကျဉ်းသား အများအပြားကဲ့သို့ အကျဉ်းဦးစီးဝန်ထမ်းတို့ကို ကျွန်သာသာ ရိုကျိုး၍ နေသူမဟုတ်ဘဲ သဘောထားတင်းတင်းမာမာဖြင့် နေတတ်သူဖြစ်သောကြောင့်ဟု ယူဆကြောင်း ဦးအောင်စိုးက ပြောသည်။ ဦးအောင်စိုးမှာ အရပ် ၆ ပေခန့်ရှိပြီး၊ ခိုင်မာ တောင့်တင်းသော ခန္ဓာကိုယ်ရှိ၍ ထောင်တွင်းလူဆိုးများ အချင်းချင်းကြားပင် ကြောက်ရွံ့ရသူဖြစ်သည်ဟု အကျဉ်းသားဟောင်းတချို့က ပြောဆိုသည်။

ယခုအချိန်တွင် အသက် ၄၈ နှင့် ၅ဝ ကြားရှိမည်ဟု ယူဆရသည့် ဦးအောင်ဝင်းဇော်မှာ အသားညိုညို၊ ပိန်ပိန်ပါးပါး၊ အရပ်ရှည်သူဖြစ်ကြောင်း၊ တပ်မတော် အရာရှိငယ်ဘဝတွင် ပြစ်ချက်ဖြင့် ထုတ်ပယ်ခံရဖူးပြီး နောက်ပိုင်းတွင် ဘုရားခိုးဂိုဏ်းတချို့နှင့် ပေါင်းပြီး စီးပွားရှာရင်း ထောင်ကျခဲ့သူဖြစ်ကြောင်း ဦးအောင်စိုး၏ ပြောဆိုချက်အရ သိရသည်။

“သူ့ကို ဘာလုပ်နေလဲလို့ ကျွန်တော်က မေးတော့ သူက သူ့ကို တိုက်ခန်းပေးထားတယ်၊ ကားပေးထားတယ်၊ လက်ရှိ ဒီအလုပ်တွေ လုပ်ရတယ် (လို့ ဖြေတယ်)” ဟု ဦးအောင်စိုးက ပြောသည်။

အိုးဘိုထောင်တွင် အတူရှိစဉ် ဦးအောင်ဝင်းဇော်သည် သူ၏အမှှုတွဲ ဦးကြည်လင်းနှင့် နီးနီးကပ်ကပ် ဆက်ဆံကြောင်း၊ ၎င်းတို့ နှစ်ဦးလုံးသည် ငွေရလျှင် ဘာမဆိုလုပ်မည့် လူစားများ ဖြစ်ကြောင်း ဦးအောင်စိုးက ဆိုသည်။

ထောင်တွင်းကာလတွင် ဦးကြည်လင်းသည် အေးဆေး တည်ငြိမ်စွာ ပြောဆို နေထိုင်တတ်ပြီး၊ သူ့ကိုထိလျှင် ပြန်လည်တုန့်ပြန်ရန် အသင့်ရှိသည့် အနေအထား တွေ့ခဲ့ရကြောင်းလည်း သူက ဆိုသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ရန်ကုန်လေဆိပ်ရှေ့တွင် ဖမ်းဆီးရမိသည့် ဦးကြည်လင်း၏ဓာတ်ပုံကို ဖေ့ဘုတ် လူမှှုကွန်ရက်တွင် တွေ့ရှိခဲ့ပြီးနောက် သူ့ကို လာရောက် ကမ်းလှမ်းခဲ့သော အလုပ်မှာ ဦးကိုနီအား သတ်ရန်ဖြစ်သည်ဟု ခိုင်ခိုင် မာမာ ယုံကြည်ကြောင်း ဦးအောင်စိုးက ဆိုသည်။

“သူတို့နှစ်ယောက်လုံးက ထောင်ထဲမှာတုန်းကတည်းက စိတ်တူကိုယ်တူတွေ။ အတူတူ စားတယ်။ အတူတူ အိပ်တယ်။ နှစ်ယောက်လုံးက ငွေရရင် ဘာမဆို ဂရုမစိုက်ဘူး၊ သူတို့က တွဲဖက်ညီတယ်။ ကျွန်တော် မှားသွားရင်တော့ မတတ်နိုင်ဘူး။ ဒါပေမယ့် ကြည်လင်း မျက်နှာကို မြင်လိုက်ကတည်းက သူတို့ အတူလုပ်ကြတယ်လို့ ပြောနိုင်တယ်။ သူတို့တွေ သူငယ်ချင်း အရင်းခေါက်ခေါက်တွေ” ဟု ဦးအောင်စိုးက ပြောဆိုသည်။

ဦးအောင်စိုး လုပ်ကြံမှုကျူးလွန်ရန် ကမ်းလှမ်းခံရသည် ဟူသော ပြောဆိုချက် မှန်ကန်မှု ရှိမရှိကို Myanmar Now က သီးခြား အတည်ပြုနိုင်ခြင်း မရှိပေ။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ဥပဒေအကြံပေး အစ္စလမ်ဘာသာဝင် ရှေ့နေ ဦးကိုနီလုပ်ကြံခံရခြင်းသည် ပုဂ္ဂိုလ်ရေးအငြိုးအတေးလော၊ ဘာသာရေးလူမျိုးရေးကိုအကြောင်းခံသည်လော သို့တည်းမဟုတ် နိုင်ငံရေးအရလုပ်ကြံခြင်းဖြစ်သည်လောဆိုသည်ကို ယခုအချိန်ထိ ရှင်းလင်းမှု မရှိသေးပေ။ ဇန်နဝါရီ ၃ဝ ရက်က ထုတ်ပြန်သော နိုင်ငံတော်သမ္မတရုံးကြေညာချက်တွင်မူ ယခုလုပ်ကြံမှှုသည် နိုင်ငံတော်တည်ငြိမ်မှုပျက်ပြားစေရန် လုပ်ဆောင်မှှုဖြစ်သည်ဟု ရေးသားထားသည်။

ဦးအောင်စိုးက သူ့အနေဖြင့် ယခုကဲ့သို့ တရားဝင် ထုတ်ဖော်ပြောဆိုမှှုများကြောင့် အသက်အန္တရာယ် ကျရောက်နိုင်သည်ကို သဘောပေါက်သော်လည်း အကျဉ်းထောင်အတွင်းတွင် အသက်ဘေးနှင့် ကြိမ်ဖန်များစွာ ရင်ဆိုင်ခဲ့ဖူးသောကြောင့် အလွန်အမင်းစိုးရိမ်စိတ်များ မရှိတော့ကြောင်း၊ ယခုအမှှုနှင့် ပတ်သက်၍ နောက်ကွယ်မှ ခိုင်းစေသူများကို ဖော်ထုတ်နိုင်စေလိုသောကြောင့် ထုတ်ဖော် ပြောဆိုရခြင်း ဖြစ်ကြောင်း ပြောကြားသည်။

ဦးအောင်စိုးသည် လုယက်မှှုများ ကျူးလွန်မှှုဖြင့် ၁၉၉၆ တွင် ထောင်ဒဏ် ၅၈ နှစ် ချမှတ်ခံရပြီး၊ ၂ဝ၁၄ ဇန်နဝါရီ ၃ ရက်နေ့တွင် နိုင်ငံတော်လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်ခဲ့သည်။ ဘုရားခိုးမှှုဖြင့် ၂ဝဝ၃ ခုနှစ်မှစ၍ ထောင်ဒဏ်အနှစ် ၂ဝ ကျနေသော ဦးကြည်လင်းသည်လည်း ထိုနေ့တွင်ပင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ထောင်မှ လွတ်မြောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လွတ်မြောက်ပြီးနောက် အကျဉ်းထောင်များ၊ ရဲဘက်စခန်းများတွင် ဖြစ်ပျက်နေသော လူ့အခွင့်အရေး ချိုးဖောက်မှှုများကို မီးမောင်းထိုးပြသည့်အနေဖြင့် “အုတ်ရိုးအတွင်း သံဆူးကြိုးဝင်းမှ လူဆိုးများ” ဟူသော စာအုပ်ကို အင်းစိန်အောင်စိုး ကလောင်အမည်ဖြင့် ရေးသား ထုတ်ဝေခဲ့သည်။

ထို့အပြင် သူသည် အားလပ်ချိန်များတွင် အင်းစိန်မြို့နယ်၊ ဖော့ကန်ရပ်ကွက်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ အမေ့အိမ်ပညာဒါနစာသင်ကျောင်းတွင် ကလေးငယ်များကို ဆံပင် အခမဲ့ ညှပ်ပေးခြင်း၊ သူ၏ဘဝအတွေ့အကြုံအပေါ် အခြေခံပြီး ပညာပေး ဟောပြောခြင်းတို့ဖြင့် လုပ်အားပေးလျက်ရှိသည်။ ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly