အားကစားမီဒီယာ အစည်းအရုံး၏ ဂုဏ်ပြုဆုကို ရွန်နီ လက်ခံရရှိ

အားကစားမီဒီယာ အစည်းအရုံး၏ ဂုဏ်ပြုဆုကို ရွန်နီ လက်ခံရရှိ
 

ဇန်နဝါရီ ၂၃၊ အင်္ဂလန် ။               ။ စတုခ်စီးတီးနှင့်မန်ယူတို့ သရေကျခဲ့သည့်ပွဲတွင် အဖိုးတန်ချေပဂိုးသွင်းယူပေးခဲ့ပြီး မန်ယူအသင်း၏သမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံးကစားသမားဖြစ်လာသည့် ဝိန်းရွန်နီကို အားကစားမီဒီယာ အစည်းအရုံးက အထူးဂုဏ်ပြုဆု ပေးအပ်ချီးမြှင့်ခဲ့သည်။

အားကစားမီဒီယာအစည်းအရုံးသည် ယခင်ကလည်း အထူးဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ဖူးပြီး မန်ယူကစားသမားဟောင်းများဖြစ်သည့် ရွိုင်ယန်ဂစ်၊ ဒေးဗစ်ဘက်ခမ်၊ ချယ်လ်ဆီးကစားသမားဟောင်း လမ်းပတ်နှင့် လီဗာပူးလ်ကွင်းလယ်ကစားသမားဟောင်း စတီဗင်ဂျရတ်တို့ ရရှိခဲ့ဖူးသည်။ မန်ယူအတွက် ၂၅၀ မြောက်သွင်းဂိုးကို သွင်းယူပြီး ဘော်ဘီချာလ်တန်၏စံချိန်ကို ရိုက်ချိုးနိုင်ခဲ့သည့် ရွန်နီမှာ ငါးကြိမ်မြောက် ဂုဏ်ပြုခံရသည့် ကစားသမားဖြစ်သည်။

'အားကစားမီဒီယာအစည်းအရုံးရဲ့ ဂုဏ်ပြုဆုအတွက် ရွေးချယ်ခံခဲ့ရပြီး ဒီနေ့ ဒီနေရာမှာ ရှိနေရတာက ကျွန်တော့်အတွက် အလွန်ကို ဂုဏ်ယူစရာကောင်းပါတယ်။ ဒီဆု ကျွန်တော့်လက်ထဲမရောက်ခင် အရင်က ဆုရရှိခဲ့သူတွေကို ကြည့်လိုက်မိပါတယ်။ ဒီဆုကို ရရှိခဲ့ဖူးတွေတွေက ကြီးမားတဲ့အောင်မြင်မှုတွေရရှိခဲ့သူတွေပါ။ ဒီစာရင်းမှာ ပါဝင်ရတော့မှာကို အလွန်ဂုဏ်ယူမိပါတယ်။ ဒီဆုအတွက် ကျွန်တော့်ကို ရွေးချယ်ပေးခဲ့ကြတဲ့သူတွေကို အထူးကျေးဇူးတင်ပါတယ်။

ရွန်နီရယ်လို့ ဖြစ်လာအောင် အလုပ်အတူ တွဲဖက်လုပ်ကိုင်ခဲ့ပြီး သွန်သင်ပေးခဲ့တဲ့ နည်းပြတွေနဲ့ အသင်းဖော်တွေအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်' ဟု ရွန်နီက ပြောဆိုခဲ့သည်။

ထို့အပြင် ရွန်နီက အင်္ဂလန်ကစားသမားများနှင့် မီဒီယာများကြားတွင် ကောင်းမွန်သည့် ဆက်ဆံရေးအမြန်ဆုံးတည်ဆောက်နိုင်ပါက အင်္ဂလန်ဘောလုံးလောကအတွက်   ကောင်းမွန်လိမ့်မည်   ဖြစ်ကြောင်းနှင့်  အင်္ဂလန်လက်ရွေးစင်အသင်းကို အောင်မြင်စေလိမ့်မည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ရည်ညွှန်း ဒေးလီးမေးလ်

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly