အိုင်အက်စ်ကို ထောက်ခံသည့် အင်ဒိုနီးရှား စစ်သွေးကြွများက နှစ်ကူးအကြိုတွင် ရဲစခန်းကို ဓားဖြင့် တိုက်ခိုက်ကြရန် ကြံစည်

အိုင်အက်စ်ကို ထောက်ခံသည့် အင်ဒိုနီးရှား စစ်သွေးကြွများက နှစ်ကူးအကြိုတွင် ရဲစခန်းကို ဓားဖြင့် တိုက်ခိုက်ကြရန် ကြံစည်

ဂျကာတာ၊ ဒီဇင်ဘာ ၂၆ ။         ။ အိုင်အက်စ်အဖွဲ့အား ထောက်ခံသည့် အင်ဒိုနီးရှားစစ်သွေးကြွများက နှစ်သစ်ကူးအကြိုတွင် ရဲစခန်းတစ်ခုသို့ ဓားများဖြင့် ဝင်ရောက်တိုက်ခိုက်ရန် စီစဉ်ထားကြောင်း ရဲဌာနပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဒီဇင်ဘာ ၂၆ ရက်၌ ပြောသည်။

ဒီဇင်ဘာ ၂၅ ရက်က ရဲများကို ဓားဖြင့် တိုက်ခိုက်ရန် ကြိုးစားသူ လေးဦးတွင် နှစ်ဦးကို အသေပစ်သတ်ပြီး နှစ်ဦးကို ဖမ်းမိရာမှ နှစ်သစ်ကူးအကြိုတွင် ရဲစခန်းတစ်ခုအား တိုက်ခိုက်ရန် ကြံစည်ထားကြောင်း သိရခြင်းဖြစ်သည်။

“ဒီလေးယောက်က မြို့တော် ဂျကာတာမှ မိုင် ၆၀ အကွာခန့်တွင် ရှိသည့် ပူဝါကာတာက ရဲစခန်းတစ်ခုကို တိုက်ခိုက်ဖို့ ကြံစည်နေတာဖြစ်တယ်။ နှစ်သစ်ကူးအကြိုညမှာ တိုက်ခိုက်ဖို့ စီစဉ်ထားတာပါ။”ဟု အမျိုးသားရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ရတ်ဝန်တိုက ပြောသည်။

ကမ္ဘာတွင် မွတ်စလင်အများဆုံးဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံတွင် နိုင်ငံတွင်း စစ်သွေးကြွများ ပိုမိုထကြွလာခြင်းအတွက် စိုးရိမ်မှုများ မြင့်တက်နေရသည်။ ယခုလေးဦးအား နှိမ်နင်းနိုင်ခြင်းသည် ပြီးခဲ့သည့်
သီတင်းပတ်များအတွင်း တိုက်ခိုက်မှုများ ဖြစ်ပွားရာ၌ နောက်ဆုံးဖြစ်ရပ်လည်းဖြစ်သည်။

ပြီးခဲ့သည့် သီတင်းပတ်အတွင်း ဂျကာတာမြို့တော်ရှိ သမ္မတနန်းတော်နှင့် အခြားတစ်နေရာကို အသေခံဗုံးခွဲရန် ကြံစည်မှုနှင့် ပတ်သက်ပြီး လူ ၁၄ ဦးကို ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း ရဲက ပြောသည်။

 ထိုကြံစည်မှု၌ အမျိုးသမီးအသေခံဗုံးခွဲမည့်သူ နှစ်ဦးလည်း ပါဝင်ရာ အင်ဒိုနီးရှားစစ်သွေးကြွများအနေဖြင့် နည်းဗျူဟာသစ်တစ်ရပ်အနေဖြင့် အမျိုးသမီးများ အသေခံဗုံးခွဲဖို့ လုပ်ဆောင်လာခြင်းလည်းဖြစ်သည်။

ဒီဇင်ဘာ ၂၅ ရက်က နှိမ်နင်းလိုက်သည့် စစ်သွေးကြွလေးဦးတို့က ဗုံးပြုလုပ်ဖို့ရန်လည်း လုပ်ဆောင်နေခြင်း ရှိမရှိကို ရဲက စုံစမ်းမေးမြန်းနေဆဲဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly