ကချင်ပြည်နယ် မြစ်ကြီးနား၊ တနိုင်းမြို့တို့တွင် တိုက်ပွဲများ ရပ်တန့်ရေး ဆန္ဒဖော်ထုတ်

ကချင်ပြည်နယ် မြစ်ကြီးနား၊ တနိုင်းမြို့တို့တွင် တိုက်ပွဲများ ရပ်တန့်ရေး ဆန္ဒဖော်ထုတ်
ဓါတ်ပုံ ခွန်းအောင်

ချင်းမိုင်၊ အောက်တိုဘာလ ၃ ။            ။ ကချင်ပြည်နယ်အတွင်း တပ်မတော်၏ ထိုးစစ်များ ရပ်ဆိုင်းရန် လူထုဆန္ဒဖော်ထုတ်ခြင်း အခမ်းအနားကို ကချင်ပြည် နယ် မြစ်ကြီးနားမြို့တွင် လူထုရာနှင့်ချီက အောက်တိုဘာလ ၃ ရက် နံနက် ၈ နာရီမှ ၁၀ နာရီထိ ပြုလုပ်ခဲ့သည်။

မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်ရှိ မနောကွင်းတွင် ဆုတောင်းဝတ်ပြုခြင်းဖြင့် တပ်မတော်မှ ကချင်လွတ်လပ်ရေး အဖွဲ့ (KIO) ထိန်းချုပ်နယ်မြေအတွင်း လက်နက်ကြီးများဖြင့် ထိုးစစ်ဆင် တိုက်ခိုက်နေမှုများ ရပ်တန့်ပေးရန် လူထု ဆန္ဒဖော် ထုတ်ခြင်း ဖြစ်ပြီး ငြိမ်းချမ်းရေး အမြန်ဆုံးရရှိရန် တောင်းဆိုရခြင်း ဖြစ်သည်ဟု ကချင်ပြည်နယ် ဒီမိုကရေစီပါတီ  (KSD P) ဥက္ကဌ ဒေါက်တာ တူးဂျာက ပြောသည်။

“ အထူးသဖြင့် ၂၁ ရာစု ငြိမ်းချမ်းရေးညီလာခံလည်း ကျင်းပခဲ့ပြီးပြီ။ တဖက်မှာ တိုက်ပွဲတွေက အရင်ကထက် ပိုပြီး ပြင်း ထန်လာတဲ့ အနေအထားမျိုးရှိတော့ ကျနော်တို့က အဲဒါကို မလိုလားဘူး။ ဒါကြောင့် တိုက်ပွဲကို ရပ်ပြီးတော့မှ နိုင်ငံရေး ဆွေးနွေးပွဲကို အားလုံး လက်တွဲဆောင်ရွက်ဖို့ တပ်မတော်ကို ပန်ကြားချင်တာပေါ့နော်။ ဒါကြောင့် စစ်မြေပြင်ကနေ စားပွဲ ပေါ်သို့ ဆိုတာကို ဖော်ပြချင်တဲ့အနေနဲ့ ဆန္ဒဖော်ထုတ်တာပါ” ဟု သူက မဇ္ဈိမကို ပြောသည်။

“ကချင်ဒေသအတွင်း တပ်မတော် ထိုးစစ် ချက်ချင်းရပ်” ၊ “စစ်ရှောင်စခန်းများတွင် တပ်မတော်၏ ဝင်ရောက် စစ်ဆေးမှု  များ ရှုံ့ချသည်” ၊ “ပဋိပက္ခအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများ ချက်ချင်းရပ်” ၊ “ပဋိပက္ခကို ဖြစ်ပေါ်စေသော အကြီး စား သတ္တုတူဖော်ရေးများ ရပ်ဆိုင်းရေး”စသည့် ဗီနိုင်းစာတမ်းများ ကိုင်ဆောင်၍ ဆန္ဒဖော်ထုတ်ခဲ့ခြင်း ဖြစ်သည်။

အလားတူ ကချင်ပြည်နယ် တနိုင်းမြို့တွင်လည်း ဒေသခံ ၇၀၀ ကျော်က ယနေ့နံနက် ၉ နာရီမှ ၁၁ နာရီချိန်ထိ ကချင် ပြည်နယ်အတွင်း တိုက်ပွဲများ ရပ်တန့်ရန် လမ်းလျှောက် ဆန္ဒဖော်ထုတ်ခဲ့သည်ဟု ဆန္ဒဖော်ထုတ်ပွဲကျင်းပရေးမှ ဦး ဆောင်သူ ဦးအင်ဖန်နော်တောင်က ပြောသည်။

“ကျနော်တို့ ၉ နာရီလောက်ကနေစတာ တနိုင်းမြို့အတွင်းပတ်တာ၊ ကချင်ဒေသမှ စစ်တပ်မှ ထိုးစစ်တာ ချက်ချင်း ရပ် ပေးဖို့ စာတမ်းတွေကိုင်၊ လမ်းလျှောက်ဆန္ဒဖော်ထုတ်တာ၊ ကြွေးကြော်ဆန္ဒဖော်ထုတ်ခဲ့တယ်”ဟု မဇ္ဈိမကို ပြောသည်။

လမ်းလျှောက် ဆန္ဒဖော်မှုကို တနိုင်းမြို့ရှိ ကချင်နှစ်ခြင်း ခရစ်ယာန်ဘုရား ကျောင်းဝင်းမှ ရဲစခန်းရှေ့ လမ်းမကြီးအတိုင်း မြို့တစ်ပတ်လမ်းလျှောက်ချီတက်ခဲ့ပြီး “ ကချင်ဒေသအတွင်း ထိုးစစ်ဆင်မှုချက်ချင်းရပ်ဆိုင်းရေး၊ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့်် ဖြေရှင်းရေး၊ နိုင်ငံရေးပြဿနာ မပြေလည်သ၍ အကြီးစားစီမံကိန်းများ ရပ်ဆိုင်းရေး၊ စစ်ပြေး ရှောင် များ ဂုဏ်သိက္ခာရှိစွာ နေရပ်ပြန်နိုင်ရေး၊ ကချင်ပြည်နယ်တွင် ဖက်ဒရယ်စနစ်နှင့် ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေး စသည့် အချက် ၅ ချက်ကို ဆိုင်းဘုတ်များ ကိုင်ဆောင်၍ ကြွေးကြော်ခဲ့ကြကြောင်း သိရသည်။
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly