သူရဦးရွှေမန်း၏ ကော်မရှင်က ဦးစားပေးပြဌာန်းသင့်သည့် ဥပဒေ ၄၈ခု တင်ပြ နည်းဥပဒေထုတ်ပြန်ရန် ကြန့်ကြာနေသည့် ဥပဒေပေါင်းများစွာရှိနေဟုဆို

သူရဦးရွှေမန်း၏ ကော်မရှင်က ဦးစားပေးပြဌာန်းသင့်သည့် ဥပဒေ ၄၈ခု တင်ပြ နည်းဥပဒေထုတ်ပြန်ရန် ကြန့်ကြာနေသည့် ဥပဒေပေါင်းများစွာရှိနေဟုဆို
ဓာတ်ပုံ- သက်ကို/မဇ္ဈိမ)

နေပြည်တော်(စက်တင်ဘာ ၁၂၊ ၂၀၁၆ခုနှစ်)။ ။ယနေ့ ခေတ်စနစ်နှင့်ကိုက်ညီသည့် ဥပဒေပေါင်း ၄၈ခုကို
ဦးစားပေးပြဌာန်းရန်နှင့် ပြဌာန်းပြီးသားဥပဒေအချို့မှာလည်း နည်းဥပဒေမထုတ်ပြန်ဘဲ ကြန့်ကြာနေရသည့်
ဥပဒေများစွာ ရှိနေသည်ဟု သူရဦးရွှေမန်းက ဥက္ကဌအဖြစ်တာဝန်ယူထားသည့် ဥပဒေရေးရာနှင့်
အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်က လွှတ်တော်သို့ တင်ပြလိုက်သည်။

ဥပဒေတစ်ရပ်ပြဌာန်းပြီးပါက လိုအပ်သည့်နည်းဥပဒေကို သုံးလ(ရက်ပေါင်း ၉၀)အတွင်း ရေးဆွဲထုတ်ပြန်ရန်
သတ်မှတ်ထားသော်လည်း ဥပဒေပြဌာန်းပြီး ၃နှစ်ခန့်ကြာသည့်တိုင်အောင် နည်းဥပဒေရေးဆွဲထုတ်ပြန်ခြင်း
မရှိသေးသည်ကို စိစစ်တွေ့ရှိရသည်ဟု ကော်မရှင်က လွှတ်တော်သို့ တင်ပြခဲ့သည်။

ထို့သို့ နည်းဥပဒေရေးဆွဲထုတ်ပြန်ရန် ကြန့်ကြာမှု၊ ပျက်ကွက်မှုတို့ကြောင့် ပြဌာန်းထားသော
ဥပဒေ၏ အကာအကွယ်နှင့် ရပိုင်ခွင့်ကို ပြည်သူများ မရရှိဘဲဖြစ်နေကြောင်း ကော်မရှင်၏
ဒုတိယဥက္ကဌဖြစ်သူ ဦးကိုကိုနိုင်က ကော်မရှင်ကိုယ်စား စက်တင်ဘာ ၁၂ရက်၊ ပြည်ထောင်စုလွှတ်တော်
အစည်းအဝေးတွင် လွှတ်တော်သို့ တင်ပြသည်။

"ဥပဒေပြဌာန်းပြီးဖြစ်သော်လည်း နည်းဥပဒေမရှိသေးသဖြင့် လိုက်နာရမည့်သူများက မည်သို့လိုက်နာရမည်ကို
မသိရှိသလို အကောင်အထည်ဖော်ဆောင်ရွက်ရမည့် ဌာန၊ အဖွဲ့အစည်းကလည်း မည်သို့ အကောင်အထည်ဖော်
ဆောင်ရွက်ရမည်ကို မသိရှိနိုင်ပါ။ ထို့အတူ ပြည်သူများကိုလည်း အသိပညာပေးနိုင်မည် မဟုတ်ပါ" ဟု ဦးကိုကိုနိုင်က
ကော်မရှင်၏ကိုယ်စား ပြောကြားသည်။

ပြီးခဲ့သည့် ပြည်ထောင်စုလွှတ်တော်ကာလအတွင်း ပြဌာန်းခဲ့သည့် ဥပဒေများအနက် နည်းဥပဒေထုတ်ပြန်ခြင်း
မရှိသေးသည့် ဥပဒေပေါင်း ၂၇ခုရှိနေသည်ဟုလည်း ကော်မရှင်၏ တင်ပြချက်တွင် ပါရှိသည်။

ထုတ်ပြန်လိုက်သည့် နည်းဥပဒေမှာလည်း မူလပြဌာန်းသည့် ဥပဒေနှင့် လိုက်လျောညီထွေမှု
ရှိ၊ မရှိ စိစစ်သုံးသပ်ရန် လိုအပ်သလို နည်းဥပဒေရေးဆွဲထုတ်ပြန်ရာတွင် ပူးပေါင်းညှိနှိုင်းမှု
အားနည်းချက်ကြောင့် အချို့နည်းဥပဒေများသည် သက်ဆိုင်ရာ မူလဥပဒေပါ ပြဌာန်းချက်များနှင့်
ညီညွတ်မှုမရှိခြင်းဘဲ ကွဲလွဲနေသည်ကို စိစစ်တွေ့ရှိရသည်ဟု ကော်မရှင်က ဆိုထားသည်။

နည်းဥပဒေထုတ်ပြန်ခွင့်နှင့်စပ်လျဉ်း၍ အခြေခံဥပဒေပုဒ်မ ၉၇(က)တွင် "ပြည်ထောင်စုလွှတ်တော်သည်
ဥပဒေတစ်ရပ် ပြဌာန်းသည့်အခါ ပြည်ထောင်စုအဖွဲ့အစည်း တစ်ရပ်ရပ်အား ထုတ်ပြန်ခွင့်ကို အပ်နှင်းနိုင်သည်" ဟု ပါရှိသည်။

သူရဦးရွှေမန်းဦးဆောင်သည့် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်ကမူ
"ပြည်ထောင်စုအဖွဲ့အစည်း တစ်ရပ်ရပ်အား အပ်နှင်းခြင်းမပြုဘဲ ပြည်ထောင်စုလွှတ်တော်က
ရေးဆွဲထုတ်ပြန်ခြင်းလည်း ဆောင်ရွက်နိုင်ပါတယ်" ဟု ဆိုသည်။

ကော်မရှင်က ဦးစားပေးပြဌာန်းရန် လိုအပ်သည်ဟုဆိုထားသည့် ဥပဒေပေါင်း(၄၈)ခုမှာ
အောက်ပါအတိုင်းဖြစ်သည်။
၁) ပြည်သူ့ဘဏ္ဍာငွေ စီမံခန့်ခွဲရေးဆိုင်ရာဥပဒေ
၂) အစိုးရဝယ်ယူရေးဥပဒေ(Procurement Law)
၃) သွင်းကုန်ပမာဏမြင့်တက်ခြင်းမှ အကာအကွယ်ပေးရေးဥပဒေ(Safeguard Law)
၄) ဒီဇိုင်းဥပဒေ
၅) ကုန်အမှတ်တံဆိပ်ဥပဒေ
၆) မူပိုင်ခွင့်ဥပဒေ(Copy Right Law)
၇) တီထွင်မှု မူပိုင်ခွင့်ဥပဒေ(Patent Law)
၈) အမျိုးသမီးများအား အကြမ်းဖက်မှုကာကွယ်စောင့်ရှောက်ရေး ဥပဒေ
၉) ပေါက်ဈေးအောက်လျှော့၍ ရောင်းချခြင်းကို တားဆီးရေးဥပဒေ(Anti-Dumping Law)
၁၀) ကျေးလက်ဒေသဖွံ့ဖြိုးရေးဥပဒေ
၁၁) ထောက်ပံ့တင်ပို့မှုအပေါ် အကာအကွယ်ပေးရေးဥပဒေ(Countervailing Law)
၁၂) ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေ
၁၃) နည်းပညာကျွမ်းကျင်မှုနှင့် အသက်မွေးပညာဥပဒေ
၁၄) မသင်မနေရပညာရေးဥပဒေ
၁၅) Information and Technology Law(IT Law)
၁၆) မြန်မာ့ပုဂ္ဂလိကပိုင်ပြုလုပ်ရေးဥပဒေ
၁၇) အလှကုန်ပစ္စည်းဥပဒေ
၁၈) ကုန်သွယ်ရေကြောင်းသွားလာရေးတူးမြောင်းဥပဒေ
၁၉) နိုင်ငံခြားသားအလုပ်သမားဆိုင်ရာဥပဒေ
၂၀) လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဥပဒေ
၂၁) စက်မှုဇုန်ဥပဒေ
၂၂) ဓာတ်ခွဲခန်းဆိုင်ရာ အရည်အသွေးစစ်ဆေးရေးဥပဒေ
၂၃) အမျိုးသားပြတိုက်နှင့် ပြတိုက်များဥပဒေ
၂၄) အမျိုးသားစာကြည်တိုက်ဥပဒေ
၂၅) အပင်နှင့် အပင်ထွက်ပစ္စည်းများ ပိုမွှားရောဂါထိန်းချုပ်ရေးဥပဒေ
၂၆) ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဥပဒေ
၂၇) အခြေခံပညာရေးဥပဒေ
၂၈) ပုဂ္ဂလိကသင် ပညာရေးဥပဒေ
၂၉) အဆင့်မြင့်ပညာရေးဥပဒေ
၃၀) မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး/ပြည်နယ် အုပ်ချုပ်ရေးဆိုင်ရာ ဥပဒေများ
၃၁) ကြွေးမြီဆိုင်ရာ သတင်းအချက်အလက်ဥပဒေ
၃၂) ဘဏ်နှင့်ဆက်သွယ်ဆောင်ရွက်သူများအား အကာအကွယ်ပေးရေး ဥပဒေ
၃၃) မြန်မာနိုင်ငံနယ်ခြားစောင့်ရဲတပ်ဖွဲ့ဥပဒေ
၃၄) မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲဝန်ထမ်းဆိုင်ရာဥပဒေ
၃၅) ကုန်းလမ်းပို့ဆောင်ရေးအဖွဲ့ ဥပဒေ
၃၆) မြန်မာ့လေဆိပ်များ အာဏာပိုင်ဥပဒေ
၃၇) တိကျစွာတိုင်းတာခြင်းနည်းပညာဥပဒေ
၃၈) မြန်မာနိုင်ငံ ကျန်းမာရေးမှူးကောင်စီဥပဒေ
၃၉) မြန်မာနိုင်ငံဆေးဝါးကောင်စီဥပဒေ
၄၀) တိုင်းရင်းဆေးပညာဖြင့် ပုဂ္ဂလိကကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းဆိုင်ရာဥပဒေ
၄၁) HIV ပိုး ကူးစက်ခံရသူများ၏ အခွင့်အရေးဆိုင်ရာဥပဒေ
၄၂) ဆေးပစ္စည်းကိရိယာဥပဒေ
၄၃) မြန်မာ့အသံနှင့် ရုပ်မြင်သံကြားကို အများပြည်သူဝန်ဆောင်မှု ရုပ်မြင်သံကြားနှင့်
အသံထုတ်လွှင့်ခြင်းလုပ်ငန်းအဖြစ်သို့ ပြောင်းလဲသည့် ဥပဒေ
၄၄) တိရစ္ဆာန်မွေးမြူရေးနှင့် ကျန်းမာရေးဥပဒေ
၄၅) အမျိုးသားအိမ်ရာဖွံ့ဖြိုးရေးဥပဒေ
၄၆) မြို့ပြနှင့် ဒေသဖွံ့ဖြိုးရေးစီမံကိန်းဥပဒေ
၄၇) အဆောက်အအုံနှင့် ဆောက်လုပ်မှုကဏ္ဍဖွံ့ဖြိုးရေးဥပဒေနှင့်
၄၈) တံတားကြီးများဥပဒေတို့ ဖြစ်သည်။
...............................................................။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly