မိုင်ဂျာယန်အစည်းအဝေး တစ်ရက်ထပ်တိုးဆွေးနွေးဖွယ်ရှိ

မိုင်ဂျာယန်အစည်းအဝေး တစ်ရက်ထပ်တိုးဆွေးနွေးဖွယ်ရှိ
ဓာတ်ပုံ-ခင်စုကြည်

ချင်းမိုင်၊ ဇူလိုင် ၂၈ ။  ။ ကချင်ပြည်နယ်၊ မိုင်ဂျာယန်တွင်ကျင်းပနေသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ မျက်နှာစုံညီ အစည်းအဝေးကို ဆွေးနွေးချက်များ မပြီးပြတ်သဖြင့် သတ်မှတ်ရက်ထက် တစ်ရက် တိုးမြှင့်ရန်ရှိသည်ဟု သိရသည်။

အစည်းအဝေးကို ဇူလိုင်လ ၂၆ ရက်မှ ၂၉ ရက်ထိ လေးရက်ကြာ ကျင်းပရန် မူလသတ်မှတ်ထားသော်လည်း ဆွေးနွေးမှု မပြီးပြတ်သေးသဖြင့် တစ်ရက်ထပ်မံ တိုးမြင့်လိုက်သဖြင့် ဇူလိုင်လ ၃၀ ရက်ထိ ကျင်းပဖွယ်ရှိသည်ဟု ကျင်းပရေးကော်မတီမှ ပြောရေးဆိုခွင့်ရှိသူ ပဒိုကွယ်ထူးဝင်းက ပြောသည်။ 

“မနက်ဖြန် မပြီးရင် တစ်ရက် ထပ်တိုးဖို့တော့ ယာယီတော့ သတ်မှတ်ထားတယ်။ ဆွေးနွေးချက်တွေကလည်း များတာကိုး၊ တိုင်းရင်းသားအဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေရောဆိုတော့ ဆွေးနွေးမှုက အားကောင်းတာပေါ့နော်။ ဒါကြောင့် အချိန်က သတ်မှတ်တဲ့ အတိုင်း နည်းနည်းပိုသွားတာပေါ့”ဟု ၎င်းက မဇ္ဈိမကို ပြောသည်။

ယနေ့ တတိယနေ့ အစည်းအဝေးတွင် အနာဂတ် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု၏ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေး မူဝါဒဆိုင်ရာ အခြေခံမူများနှင့် ပတ်သက်၍ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC)နှင့် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးစာချုပ်(NCA)ကို လက်မှတ် ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၈ ဖွဲ့တို့မှ စာတမ်းနှစ်စောင်ကို တင်သွင်းခဲ့သည်။

အဆိုပါ စာတမ်း နှစ် စောင်အပေါ် တူညီသည့်အချက်များဖြစ်သော ပြည်ထောင်စု တပ်မတော်အား အရပ်ဘက် အုပ်ချုပ်မှုအောက်တွင် ထားရှိရေး အပါအဝင် အချက် ၁၀ ချက်ကို ဘုံသဘောတူညီချက်များရရှိခဲ့ပြီး ဆက်လက် ဆွေးနွေးရန် ကျန်ရှိသေးသည့် အခြေခံမူမျာကို စုစည်းရန်အတွက် အလုပ်အဖွဲ့ကို ဖွဲ့စည်းခဲ့သည်ဟု ပဒိုကွယ်ထူးဝင်းက ပြောသည်။

ယင်းအပြင် တတိယနေ့ ဆွေးနွေးခဲ့သည့် အနှစ်ချုပ် နှင့် စတုတ္ထနေ့ဆွေးနွေးမည့် အကြောင်းအရာများနှင့် ပတ်သက်၍ ယနေ့ သဘာပတိအဖြစ်ဆောင်ရွက်ခဲ့သည့် ချင်းအမျိုးသားတပ်ဦး(CNF) ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းက “ဒီနေ့တစ်နေ့လုံးဆိုရင် လုံခြုံရေးကဏ္ဍနဲ့ပတ်သတ်ပြီးတော့ အခြေခံမူတွေကို ဆွေးနွေးထားပါတယ်။ ဒါပေမယ့် မပြီးပြတ်သေးဘူး။ မနက်ဖန်ကျရင် ကျနော်တို့စဉ်စားထားတာက နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင်မှာ ကျနော်တို့လုပ်ထားတာက ဆပ်ကော်မတီတစ်ခုလုပ်ထားတယ်။ ဆပ်ကော်မတီ ၁မှာက ကျနော်တို့ လက်မှတ်ရေးထိုးထားတဲ့အဖွဲ့တွေပါတယ်။ အဲ့ဒါကနေကျနော်တို့ review လုပ်ထားတာရှိတယ်။ အဲ့လို ရီဗျူးလုပ်ထားတာကနေ မူကြမ်းလုပ်နိုင်ဖို့အတွက် မနက်ဖန်ကျနော်တို့တင်သွင်းပြီးတော့ အဲ့ဒီအပေါ်မှာအားလုံးရဲ့ခံယူချက် အားလုံးရဲ့လိုလားချက်တွေကို ကျနော်တို့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဆိုတော့ ဒါတွေအားလုံးပေါင်းလိုက်ရင်တော့ ၂၁ ရာစုပင်လုံအတွက် လုံလောက်သော ပြင်ဆင်မှုတော့ ရှိလိမ့်မယ် လို့မျှော်လင့်ပါတယ်။” ဟု အစည်းအဝေးအပြီး မီဒီယာများကို ပြောသည်။ 

အနာဂတ် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု၏ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး မူဝါဒဆိုင်ရာ အခြေခံမူများတွင် ပြည်ထောင်စု တပ်မတော်အား အရပ်ဘက် အုပ်ချုပ်မှုအောက်တွင် ထားရှိရေး၊ ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် နိုင်ငံသားများအား ကာကွယ်ရေး အပါအဝင် အခြားအခြေခံအချက် ၁၀ ချက်ကို ဘုံသဘောထားအဖြစ် စုစည်းခဲ့ကြောင်း ဇူလိုင်လ ၂၈ ရက်အတွက် သဘောထားထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဇူလိုင်လ ၂၇ ရက် ဒုတိယနေ့ အစည်းအဝေးတွင်လည်း အနာဂတ်ဖက်ဒရယ် ပြည်ထောင်စု ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် မပါမဖြစ်ပါဝင်ရမည့် အခြေခံမူများအဖြစ် အချက် ၈ ချက်ဖြစ်သည့် အချုပ်အခြာအာဏာ၊ တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စု၊ တိုင်းရင်းသား လူနည်းစုများ၏ အခွင့်အရေးများကို ကာကွယ်ခြင်း၊ ဒီမိုကရေစီ အခွင့်အရေး၊ အခြေခံလူအခွင့်အရေးနှင့် ကျား/မ ဆိုင်ရာ တန်းတူညီမျှမှု၊ ပါတီစုံပါတီစုံ ဒီမိုကရေစီ အခွင့်အရေးနှင့် ဘာသာရေးကို အခြေမခံသော နိုင်ငံစသည့်တို့ကို တက်ရောက်လာသော အဖွဲ့အစည်း ခေါင်းဆောင်များက ဆွေးနွေး၍ အသေးစိတ်ကို ကျန်သည်အစည်းအဝေးရက်များတွင် ဆက်လက် ဆွေးနွေးသွားရန် သဘောထားချမှတ်ခဲ့သည်ဟု သိရသည်။

ထို့ပြင် ပြည်နယ် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ အခြေခံမူများ ဆွေးနွေးပြီး အသေးစိတ် ဆက်လက် ဆွေးနွေးနိုင်ရန်အတွက် ငါးဦးပါဝင်သော အဖွဲ့တဖွဲ့ကို ဖွဲ့စည်းခဲ့သည်။

စတုတ္ထနေ့ အစည်းအဝေးတွင် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင်ကို ပြန်လည် ပြင်ဆင်ရေးကို ဆွေးနွေးသွားမည် ဖြစ်သည်။ အဓိကအားဖြင့် NCA လက်မှတ်ရေးထိုးထားသည့် အဖွဲ့အစည်း ၈ ဖွဲ့က ၎င်းတို့ဆောင်ရွက်မှုကို တင်ပြသွားမည် ဖြစ်ပြီး နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးရေးတွင် ပါဝင်မည့် အစုအဖွဲ့ကိစ္စ၊ ဆွေးနွေးမည့် အကြောင်းအရာနှင့် အကောင်အထည်ဖော်မှုများကို ဆွေးနွေးသွားမည် ဖြစ်ကြောင်း ပဒိုကွယ်ထူးဝင်းက ပြောသည်။

၄ ရက်ကြာ ကျင်းပသော အစည်းအဝေးတွင် ပင်လုံလက်တွဲစာတမ်းဆွေးနွေးခြင်း၊ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ခြင်းဆိုင်ရာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေများအတွက် အခြေခံမူ၊ လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာ အခြေခံမူများနှင့် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ပြန်လည် ပြင်ဆင်ရေး စသည့် ခေါင်းစဉ် ၄ ခုကို ဆွေးနွေးသွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly