အမေရိကန်တွင် Pokemon Go ဂိမ်းကစားရင်း အမျိုးသားနှစ်ဦး ကမ်းပါးစောင်းပေါ်ကနေ ပြုတ်ကျ

အမေရိကန်တွင် Pokemon Go ဂိမ်းကစားရင်း အမျိုးသားနှစ်ဦး ကမ်းပါးစောင်းပေါ်ကနေ ပြုတ်ကျ

ဇူလိုင် ၁၆ ။              ။ အမေရိကန်နိုင်ငံ ဆန်ဒီယာဂိုကောင်တီမြောက်ပိုင်းတွင် အမျိုးသားနှစ်ဦး Pokemon Go ဂိမ်းကစားရင်း ပင်လယ် ကမ်းပါးစောင်းပေါ်မှ ပြုတ်ချမှု ဖြစ်ပွားခဲ့သည်ဟု အာဏာပိုင်များက ပြောသည်။

ဆန်ဒီယာဂိုကောင်တီရှိ ကမ်းခြေမြို့တစ်မြို့ဖြစ်သော Encinitas မြို့တွင် အမြင့်ပေ ၅၀ ရှိ ပင်လယ်ကမ်းပါးစောင်းတစ်ခုပေါ်မှ အမျိုးသားတစ်ဦး ဂိမ်းကစားရင်း ပြုတ်ချခဲ့သကဲ့သို့ အခြားအမျိုးသားတစ်ဦးလည်း  ပေ ၈၀ နှင့် ၉၀ ကြားအမြင့် ကမ်းပါးယံမှ ကမ်းခြေသဲပြင်ပေါ်သို့ ပြုတ်ချခဲ့သည်ဟု မီးသတ်ဌာနအကြီးအကဲ ရော်ဘီဖို့ဒ်က ပြောသည်။

Pokemon Go ဂိမ်းမှာ ဖုန်းကင်မရာ၊ ဂျီပီအက်စ်မြေပုံတို့ဖြင့် ချိတ်ဆက်ပြီး ဒစ်ဂျစ်တယ် သတ္တဝါလေးများကို လိုက်ဖမ်းရသည့် ဂိမ်းဖြစ်ပြီး ဂိမ်းကစားသူများအနေဖြင့် အပြင်လက်တွေ့ ကမ္ဘာတွင်ပါ ရောက်ရှိဆော့ကစားနေရသယောင် ဖန်တီးပေးထားခြင်းဖြစ်သည်။

အမြင့်ပေ ၅၀ ပင်လယ်ကမ်းပါးပြတ်မှ ပြုတ်ကျသည့် အမျိုးသားကို မီးသတ်သမားများက ခက်ခက်ခဲခဲကယ်တင်ခဲ့ရပြီး ယခုအခါ အဆိုပါအမျိုးသားနှစ်ဦးစလုံးကို ဆေးရုံသို့ တင်ပို့ထားရသည်ဟုတာဝန်ရှိသူများက ပြောသည်။

ယခုအခါ နိုင်ငံတွင် အဆိုပါ Pokemon Go ဂိမ်းကစားသူများအနေဖြင့် သတိဖြင့် ကစားကြရန် အာဏာပိုင်များက တိုက်တွန်းမှုများ ပြုလုပ်ထားသည်။

" ဂိမ်းကစားသူတွေကို ပြောချင်တာက တောင်စောင်းတွေ၊ ပင်လယ်ကမ်းပါးပြတ်တွေ၊ တောင်စွယ်တွေလိုနေရာမျိုးကို သတိနဲ့ ရှောင်စေချင်ပါတယ်၊ နောက်ပြီး ဒီဥစ္စာက ဂိမ်းတစ်ခုပဲဖြစ်တယ်ဆိုတာကို သူတို့ကို သတိချပ်စေချင်ပါတယ်၊ ကိုယ့်အသက်လောက် ဘာမှတန်ဖိုးအရေးမကြီးပါဘူး၊ ဘယ်ဂိမ်းမှ လူ့ဘဝမှာ အရေးမပါလှပါဘူး" ဟု ဆန်ဒီယာဂိုကောင်တီ အုပ်ချုပ်ရေဌာနမှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် Rich Eaton  ပြောသည်။

Pokemon Go ဂိမ်းသည် ပြီးခဲ့သည့် ဇူလိုင်လ ၇ ရက်က ထွက်ရှိခဲ့ပြီးနောက်ပိုင်း အမေရိကန်နိုင်ငံတွင် အက်ပဲလ်နှင့် အန်းဒရွိုက်ဖုန်းများမှတဆင့် ဒေါင်းလုပ်ဆွဲမှုပေါင်း ၁၀ သန်းကျော်ခဲ့သည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags