ဇွန် ၈ ရက် ။ ။ မြန်မာ့နိုင်ငံရေးအပြောင်းအလဲတွင် လူငယ်များ ပါဝင်ခွင့်ရရှိရေး၊ လူငယ်များ၏ အခန်းကဏ္ဍမြင့်မားလာစေရေး၊ လူငယ်များ ဘဝလုံခြုံမှုရှိရေးစသည့် အချက်များကို အစိုးရမှ ဆောင်ရွက်ပေးနိုင်ရေး တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်မှုတစ်ခုကို ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့တွင် ဇွန် ၇ရက် နံနက် ၉ နာရီခန့်က ပြုလုပ်ခဲ့သည်။
“ကျွန်တော်ဒီနေ့ ပြုလုပ်ခဲ့တဲ့ ဆန္ဒထုတ်ဖော်မှုဟာ မြန်မာနိုင်ငံမှာရှိနေတဲ့ လူငယ်တွေအတွက်ကို အဓိကရည်ရွယ်ပြီးတောင်းဆိုမှုတွေကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ လူငယ်တွေရဲ့ အနာဂတ်အတွက် နိုင်ငံရေးအပြောင်းအလဲမှာ လူငယ်တွေကို ဦးစားပေးပြီးတော့ ပါဝင်ခွင့်တွေပေးဖို့အတွက် တောင်းဆိုတာဖြစ်ပါတယ်။” ဟု ဆန္ဒထုတ်ဖော် သူ ကိုမင်းသိန်းဇံက မဇ္ဈိမကို ပြောသည်။
ဆန္ဒထုတ်ဖော်ရာတွင် လူငယ်ဆိုင်ရာမူဝါဒ တစ်ခုချမှတ်ပေးရေး၊ ပြည်ထောင်စုလူငယ်ညီလာခံခေါ်ယူကျင်းပရေး၊ ပြည်ပ ရောက်မြန်မာလူငယ်များ၏ ဘဝအနာဂတ်လုံခြုံစိတ်ချမှုရှိစေရေး၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကျင်းပပေးရေး၊ ဒုတိယပင်လုံညီလာခံတွင် လူငယ်များပါဝင်ခွင့်ရရှိရေး၊ တိုက်ပွဲများဖြစ်ပွားနေသေနေရာများမှ လူငယ်များပညာသင်ကြားခွင့်ရရှိနေရးစသည့် အချက်ခြောက်ချက်ကို တောင်းဆိုခဲ့ကြောင်းသိရသည်။
“ကျွန်တော်ဒီတောင်းဆိုမှုကို လုပ်ရတာဟာ ကျွန်တော်တို့ လူငယ်တွေအတွက် အဓိကလိုအပ်တာတွေကို လုပ်ပေးနိုင်ဖို့၊ ပြောဆိုခွင့်ရရှိဖို့အတွက် ရည်ရွယ်ပါတယ်။ နောက်ပြီး တော့လည်း ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လူငယ်တွေအရေး၊ ပြည်သူ့အရေး၊ စတာတွေကိုသူ့အနေနဲ့ လုပ်ပေးသွားမယ်။ ဦးစားပေးပြိးတော့ ဆောင်ရွက်သွားမယ် လို့ပြောထားတာတွေရှိပါတယ်။ NLD အစိုးရအနေနဲ့လည်း ဒါတွေကိုအကောင်အထည်ဖော်လာလိမ့်မယ်လို့လည်းယုံကြည်ပါတယ်။”ဟု ဆက်လက်ပြောကြားခဲ့သည်။
ယခုအကြိမ်ဆန္ဒထုတ်ဖော်မှုသည် ရခိုင်ပြည်နယ်အတွင်း အစိုးရသစ်လက်ထက်တွင် စတုတ္ထအကြိမ်ဆန္ဒထုတ်ဖော်မှုဖြစ်ကာ ပထမဆုံးသော တစ်ကိုယ်တော် ဆန္ဒထုတ် ဖော်မှုဖြစ်ပြီး ယင်းဆန္ဒထုတ်ဖော်မှုမှာ တရားဝင်ခွင့်ပြုချက်ခြင့်ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းလည်းသိရသည်။