ဒလမြို့နယ် ရေရှားပါးမှုပြဿနာဖြေရှင်းရန် လာမည့်နွေရာသီတွင် ရေသိုလှောင်နိုင်အောင် ပြုလုပ်မည်

ဒလမြို့နယ် ရေရှားပါးမှုပြဿနာဖြေရှင်းရန် လာမည့်နွေရာသီတွင် ရေသိုလှောင်နိုင်အောင် ပြုလုပ်မည်
 ဓာတ်ပုံ- သက်ကို

ရန်ကုန် ၊ မေ၄ ။               ။ ဒလမြို့နယ်တွင်းကာလရှည်ဖြစ်ပေါ်နေသော ရေရှားပါးမှုပြဿနာကို ရေတို၊ ရေရှည်နည်းလမ်းများဖြင့် ဖြေရှင်းရန် စီစဉ်လျက်ရှိပြီး လာမည့်နွေရာသီတွင်   ရေသိုလှောင်နိုင်အောင် ပြုလုပ်မည်ဖြစ်ကြောင်း ဒလမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိန်မြအေးကမေ ၄ ရက်နေ့က ပြုလုပ်ခဲ့သော P&G၏ ရေအလှူလီတာ ၁၀ ဘီလီယံဂုဏ်ပြုပွဲတွင် ပြောကြားသည်။

ရေရှည်ဖြေရှင်းနည်းအနေဖြင့် ကန်များတူးဖော်ခြင်း၊ လွှတ်တော်ကိုယ်စားလှယ်များ၊ စည်ပင်သာယာရေး ကော်မတီဝင်များ၊ အုပ်ချုပ်ရေးတာဝန်ခံများ၏ အားပေးကူညီမှုဖြင့် ရွာဆယ်ရွာတွင်   နောက်နှစ်နွေရာသီအတွက် ကန် ၁၅ကန်၊ ၂၀ကန်တူးဖော်ခြင်း၊ ရေသိုလှောင်ခြင်းများပြုလုပ်ရန်စီစဉ်လျက် ရှိကြောင်း ဒေါက်တာစိန်မြအေးက ဆက်လက်ပြောကြားသည်။

ဒလမြို့နယ် ရေရှားပါးမှုပြဿနာကို ရေတိုဖြေရှင်းနည်း အနေဖြင့် အလှူရှင်များ၏ လာရောက်လှူဒါန်းမှုထိရောက်အောင် လွှတ်တော်ကိုယ်စားလှယ်များဦးစီး  ဖွဲ့စည်းထားသော ဌာနပေါင်းစုံပါဝင်သည့် ဒလမြို့နယ်လုံးဆိုင်ရာ ရေရှားပါးမှု ကူညီရေးကော်မတီ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ သီးခြားဖွဲ့စည်းထားသော ဒလမြို့နယ်ရေရှားပါးမှုှုပြဿနာဖြေရှင်းရန်ဖွဲ့စည်းထားသော ကော်မတီများ၊ မြို့နယ်အုပ်ချုပ်ရေးနှင့် စည်ပင်သာယာတို့ကလည်း ကူညီလျက်ရှိကြောင်း ဒေါက်တာစိန်မြအေးက ပြောကြားသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဝင် ဒေါက်တာအေးမင်းက ဒလမြို့တွင် ရေလှောင်ကန်တည်ဆောက် မှုပြီးစီးသွားပြီး ပိုက်သွယ်ရန်သာလိုတော့ကြောင်း၊ ရေသန့်စက်များနှင့်   ရေတူးစက်များကို ရွာထဲတွင် တည်ဆောက်နေကြောင်း၊ တွံတေးဘက်မှ အဝီစိတွင်းများတူးပြီး ဒလဘက်သို့ပို့နေသော်လည်း မလုံလောက်သေးကြောင်း၊ လာမည့်သုံးလေးနှစ်အတွင်း အဆင်ပြေသွား မည်ဖြစ်ကြောင်း ပြောကြားသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသရှိကျေးရွာ ၃၀၀ခန့်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ မြောက်ဦး၊ ပေါက်တော၊ မောင်းတောနှင့် မကွေးတိုင်းရှိ ရေနံချောင်း၊ နတ်မောက်၊ မြို့သစ်၊ တောင်တွင်းကြီး၊ ပွင့်ဖြူ၊ ဂန့်ဂေါ၊ အထက်မင်းလှ၊ ဆင်ပေါင်ဝဲမြို့နယ်တို့တွင်လည်း ရေရှားပါးမှုပြဿနာကြုံတွေ့နေကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly