မြန်မာ့ငြိမ်းချမ်းရေးစင်တာ (MPC) ကိုအမည်ပြောင်း၍ အဖွဲ ့ဝင်အသစ်များဖြင့် ပြန်လည်ဖွဲ ့စည်းမည်

မြန်မာ့ငြိမ်းချမ်းရေးစင်တာ (MPC) ကိုအမည်ပြောင်း၍ အဖွဲ ့ဝင်အသစ်များဖြင့် ပြန်လည်ဖွဲ ့စည်းမည်
 ဓာတ်ပုံ- နေသာ

နေပြည်တော် ၊ဧပြီ ၂၇ ။            ။ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းများ အဓိကဆောင်ရွက်သည့် မြန်မာ့ငြိမ်းချမ်းရေးစင်တာ (MPC) ကို အမျိုးသားရင်ကြားစေ့ရေး ငြိမ်းချမ်းရေးအဖွဲ့ ဟုအမည်ပြောင်းလဲကာ ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုင်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC-U) အတွင်းရေးမှူး ဗိုလ်မှူးကြီး ဝဏ္ဏအောင်ကပြောသည်။

နေပြည်တော်တွင် ဧပြီလ ၂၇ ရက်နေ့နေ့လည်ပိုင်းက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် JMC-U အဖွဲ့ဝင်များတွေဆုံပွဲအပြီးတွင် ဗိုလ်မှူးကြီး ဝဏ္ဏအောင်က ယခုကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။

“ အမျိုးသားရင်ကြားစေ့ ငြိမ်းချမ်းရေးအဖွဲ့ဆိုပြီးတော့ ပြန်ပြီးတော့ဖွဲ့စည်းမယ်လို့လမ်းညွှန်မှုရှိပါတယ် ဖွဲ့တဲ့အခါမှာလည်း လက်ရှိ JMC ကတော့ ဒီအဖွဲ့အစည်းတွေနဲ့ပဲ JMC အဖွဲ့ဝင်တွေနဲ့ပဲလုပ်ကိုင်သွားမှာဖြစ်ပြီးတော့ အသစ်ပြန်ဖွဲ့မယ့်အဖွဲ့မှာတော့ ကော်မတီတစ်ရပ် ဖွဲ့စည်းပြီးမှ အဖွဲ့ဝင်တွေကို ရွေးချယ်ဖွဲ့စည်းသွားမှာဖြစ်ပါတယ် ” ဟု ဗိုလ်မှူးကြီး ဝဏ္ဏအောင်ကပြောသည်။

အသစ်ပြန်လည်ဖွဲ့စည်းမည် အမျိုးသားရင်ကြားစေ့ရေးငြိမ်းချမ်းရေးစင်တာတွင်ပါဝင်မည့် ပုဂ္ဂိုလ်များကို ကော်မတီတစ်ရပ်ဖွဲ့စည်းကာ ယင်းကော်မတီမှ ရွေးချယ်တာဝန်ပေးသွားမည်ဖြစ်သည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့်ပက်သက်၍ မြန်မာ့ငြိမ်းချမ်းရေးစင်တာ ပြင်ဆင်ဖွဲ့စည်းရေး နှင့် ငြိမ်းချမ်းရေးညီလာခံ ကျင်းပနိုင်ရေးကို အမြန်ဆုံးဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါအစည်းအဝေးသို့တက်ရောက်ခဲ့သည့် ဦးကိုကိုကြီးကပြောသည်။

သမ္မတဦးသိန်းစိန်အစိုးရလက်ထက်တွင် မြန်မာ့ငြိမ်းချမ်းရေးစင်တာကို ဖွဲ့စည်းခဲ့ကာ ဥက္ကဌအဖြစ် သမ္မတရုံးဝန်ကြီးဖြစ်သူ ဦးအောင်မင်းကို တာဝန်ပေးအပ်ခဲ့ပြီး ဦးသိန်းစိန် အစိုးရသက်တမ်းကုန်ဆုံးခါနီး အချိန်တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ စာချုပ်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ရှစ်ဖွဲ့နှင့် အစိုးရ ၊ တပ်မတော် တို့ လက်မှတ်ရေးထိုးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly