မလေးရှားတွင် မြန်မာနိုင်ငံသား စျေးဆိုင်ပိုင်ရှင်တစ်ဦးနှင့် နောက်တစ်ဦး ဓားခုတ်ခံရကာ သေဆုံးလျက်တွေ့ရှိ

မလေးရှားတွင် မြန်မာနိုင်ငံသား စျေးဆိုင်ပိုင်ရှင်တစ်ဦးနှင့် နောက်တစ်ဦး ဓားခုတ်ခံရကာ သေဆုံးလျက်တွေ့ရှိ

မလေးရှားနိုင်ငံ ဘန်ဒါမန်ဂျာလာရာအရပ်တွင် အစားအသောက်အရောင်းဆိုင်တစ်ဆိုင်၌ မြန်မာနိုင်ငံသားနှစ်ဦး ဓားဖြင့် ခုတ်သတ်ခံရသည့် ဒဏ်ရာများဖြင့် သေဆုံးလျက်ရှိသည်ကို ဒီဇင်ဘာ ၂၉ ရက်တွင် တွေ့ရှိသည်။

အနီးနားဖြတ်သွားသူတစ်ဦးက သေဆုံးနေသူနှစ်ဦးအား သွေးအိုင်ထဲ လဲကျနေသည်ကို စတင်တွေ့ရှိခဲ့ခြင်းဖြစ်သည်။ သေဆုံးသူများ မည်သူမည်ဝါဖြစ်ကြောင်း စတင်တွေ့ရှိသူကပင် ပြောကြားခဲ့သည်ဟု လက်ထောက်ရဲမင်းကြီး မန်နုဆာမိက ပြောသည်။

"သေဆုံးသူတစ်ဦးက အစားအစာအရောင်းဆိုင်ပိုင်ရှင် အသက် ၃၄ နှစ်အရွယ်ရှိတဲ့ ကူမားဆိုသူဖြစ်ပါတယ်။ နောက်တစ်ယောက်ကတော့ လာစားသောက်တဲ့သူပါ။ အသက် ၄၂ နှစ်ရှိတဲ့ စောဆိုသူဖြစ် တယ်လို့ အလောင်းတွေကို စတွေ့တဲ့သူက ပြောပါတယ်။"ဟု ၎င်းက ဆိုသည်။

"မူခင်းဆရာဝန်တွေရဲ့ စုံစမ်းချက်အရ ကူမားက ဓားဒဏ်ရာ ၁၂ ချက်ရထားပြီး စောမှာ ၁၈ ချက်အထိ ရထားတာ သိရတယ်။"ဟု ဆာမိက ပြောပြီး အခင်းဖြစ်ပွားရာနေရာ၌ လူသတ်လက်နက်တစ်စုံတစ်ရာ မတွေ့ရှိရကြောင်းလည်း ဖြည့်စွက်ပြောသည်။

အလောင်းများကို ရင်ခွဲစစ်ဆေးရန် ကွာလာလမ်ပူဆေးရုံသို့ ပို့ဆောင်ထားသည်။ ယင်းမူခင်းဖြစ်ရပ်ကို လူသတ်မှု ဥပဒေဖြင့် အမှုဖွင့်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly