မဲဆန္ဒလက်မှတ် ရိုက်နှိပ်မှု ငါးသန်းကျော် ပိုနေ

မဲဆန္ဒလက်မှတ် ရိုက်နှိပ်မှု ငါးသန်းကျော် ပိုနေ

နိုဝင်ဘာ ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်လက်မှတ် အရေအတွက်ကို ၁၂၅ သန်းကျော် ရိုက်နှိပ်မည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားသော်လည်း ပြန်ကြားရေး ဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေရေး လုပ်ငန်းသို့ မဲဆန္ဒရှင် လက်မှတ်များ ပုံနှိပ်ရန် အပ်နှံသည့် အရေအတွက်သည် သန်း ၁၃၀ ကျော် ဖြစ်ခြင်းကြောင့် ဆန္ဒမဲလက်မှတ် ငါးသန်းကျော် ပိုမိုရိုက်နှိပ်ထားသည်ကို တွေ့ရှိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ညွှန်ကြားရေးမှူး ဦးဝင်းဦးခိုင်က ရန်ကုန်မြို့ သိမ်ဖြူ လမ်းမပေါ်ရှိ ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေရေးလုပ်ငန်းရုံးတွင် စက်တင်ဘာ ၁၇ ရက် က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် မဲလက်မှတ်ပေါင်း ၁၂၅ ဒဿမ ၅၅ သန်း ရိုက်နှိပ်မည်ဟု ပြောဆိုခဲ့သည်။

သို့သော် ပြန်ကြားရေး ဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေရေး လုပ်ငန်းသို့ မဲဆန္ဒရှင် လက်မှတ်များ ပုံနှိပ်ရန် အပ်နှံသည့် အရေအတွက်ကို အောက်တိုဘာ ၂၇ ရက်က ထုတ်ပြန်ရာတွင် ၁၃ဝ,၈၁၁,၂၇၂ စောင်ဖြစ်ခြင်းကြောင့် ဆန္ဒမဲ လက်မှတ် ငါးသန်းကျော် ပိုနေခြင်းဖြစ်သည်။

မြန်မာ တစ်နိုင်ငံလုံးတွင် ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူ ၃၂ သန်းကျော် ရှိသည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးဝင်းကြည်က ပြောဆိုထားသည်။ မဲဆန္ဒရှင် တစ်ဦးသည် ယေဘုယျအားဖြင့် အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်နှင့် တိုင်းရင်းသားရေးရာ ဝန်ကြီးတို့အတွက် ဆန္ဒမဲလေးမဲ ပေးရမည်ဖြစ်သည်။

ထို့ကြောင့် မဲပေးခွင့်ရှိသူ ၃၂ သန်းကျော်နှင့် ဆန္ဒမဲပြား အရေအတွက်ကို တွက်ချက်ကြည့်မည် ဆိုပါက သန်း ၁၂၀ ကျော်သာ ရိုက်နှိပ်ရမည်ဖြစ်သည်။

ပြန်ကြားရေး ဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေရေး လုပ်ငန်းသို့ မဲဆန္ဒရှင် လက်မှတ်များ ပုံနှိပ်ရန် အပ်နှံထားရာ အချိန်မီ အပ်နှံရန်နှင့် ထိုသို့မဟုတ်ပါက လုပ်ငန်း နှောင့်နှေးနိုင်သည်ဟုလည်း  ပြန်ကြားရေး ဝန်ကြီးဌာနက ရွေးကောက်ပွဲကော်မရှင်ထံ အကြောင်းကြားထားကြောင်း အောက်တိုဘာ ၂၇ ရက် ရက်စွဲဖြင့် ထုတ်ပြန်သည်။

အောက်တိုဘာ ၃၁ ရက် မတိုင်ခင် ဆန္ဒမဲ လက်မှတ်များ အပ်နှံရန် တောင်းခံထားပြီး “အဆိုပါနေ့ရက်ထက် နောက်ကျအပ်နှံလာမှုများအပေါ် ပုံနှိပ် လုပ်ငန်းစဉ်အဆင့်ဆင့်အရ အချိန်မီပုံနှိပ် ပြီးစီးနိုင်ရန် ကန့်သတ်ချက်ရှိနိုင်” ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

ပြန်ကြားရေး ဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေရေး လုပ်ငန်းသည် မဲဆန္ဒ လက်မှတ်ပေါင်း ၁၃ သန်းကျော် ရိုက်နှိပ်ပြီးဖြစ်သည်ဟု ဆိုသည်။ အတိအကျမှာ ၁၃ဝ,၈၁၁,၂၇၂ စောင် ဖြစ်သည်။ ထိုအထဲတွင် စက်တင်ဘာ ၉ ရက်မှ ၁၉ ရက်အတွင်း အမှာစာ ကိုးကြိမ်ဖြင့် ၁၃ဝ,၆၂ဝ,၂၇၂ စောင်၊ ပြည်ပသို့ ပို့ဆောင်ရန် ဆန္ဒမဲလက်မှတ် ၁၉၁,ဝဝဝ စောင် ရိုက်နှိပ်ပေးခဲ့ပြီးဖြစ်သည်ဟုလည်း ပြန်ကြားရေး ဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေရေး လုပ်ငန်းက ဆိုသည်။

ထိုအထဲတွင် ပြည်ပသို့ ပို့ဆောင်ရန် ၁၉၁,ဝဝဝ စောင်ရိုက်နှိပ်ခဲ့သည်ဟု ပါရှိရာ နိုင်ငံခြားရောက် မြန်မာများ မဲပေးရန်လျောက်ထားသည့် ဦးရေမှ ၁၈,၀၀၀ ဝန်းကျင်သာရရှိထားသည်ဟု စက်တင်ဘာလ ၃ ရက်နေ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် သတင်းစာရှင်းလင်းပွဲတွင် လည်းကော်မရှင် ဥက္ကဌ ဦးတင်အေးက မဇ္ဈိမသို့ ဖြေကြားထားခြင်းကြောင့် ထိုအရေအတွက်လည်း ကွာခြားနေသည်ကို တွေ့ရသည်။

တိုက်ဆိုင်စွာပင် ဆန္ဒမဲပေးမည့်သူများစာရင်းတွင် လူပိုများ ပါဝင်နေကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အောက်တိုဘာ ၂၇ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။ တောင်ဥက္ကလာပ မြို့နယ်တွင် ၉၀,၀၀၀၊ နေပြည်တော် ကောင်စီနယ်မြေတွင် ၆၀,၀၀၀ နှင့် ရှမ်းပြည်နယ် တစ်ပြည်နယ်လုံးတွင် ပထမ အကြိမ် မဲစာရင်း ထုတ်ပြန်စဉ်က မဲဆန္ဒပေးခွင့်ရှိသူ ၂၈ သိန်းကျော် ရှိခဲ့သော်လည်း နောက်ဆုံးအကြိမ် ထုတ်ပြန်မှုတွင် ၃၂ သိန်းကျော် ရှိလာသည်ကို မဇ္ဈိမက လေ့လာတွေ့ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags