ရှမ်းပြည်နယ်အတွင်း မဲဆွယ်စည်းရုံးရန် နိုင်ငံရေးပါတီ ငါးခုနှင့်တသီးပုဂ္ဂလကိုယ်စားလှယ် တစ်ဦးသာရှိသေး

ရှမ်းပြည်နယ်အတွင်း မဲဆွယ်စည်းရုံးရန် နိုင်ငံရေးပါတီ ငါးခုနှင့်တသီးပုဂ္ဂလကိုယ်စားလှယ် တစ်ဦးသာရှိသေး

၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကြီးတွင် ရှမ်းပြည်နယ်အတွင်းရှိ မဲဆန္ဒနယ်အသီးသီး၌ ဝင်ရောက် ယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီ၂၈ ခုနှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်အဖြစ် ဝင်ပြိုင်မည့်သူ ၄၈ ဦးရှိသော်လည်း စက်တင်ဘာလ ၂၆ ရက်အထိ နိုင်ငံရေးပါတီ ၅ ခုနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ် တစ်ဦးသာ မဲဆွယ်စည်းရုံးခွင့် တင်ထားသေးသည်ဟု ရှမ်းပြည်နယ် ရွေးကော်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသို့ မဲဆွယ်စည်းရုံးခွင့် တင်သွင်းထားသော နိုင်ငံရေးပါတီများမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်၊ ဓနုတိုင်းရင်းသားလူမျိုးများ ဒီမိုက ရေစီပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီတို့ဖြစ်ပြီး တောင်ကြီးမြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်အမှတ် (၁)မှ တစ်သီးပုဂ္ဂလအဖြစ် ဝင်ရောက် ယှဉ်ပြိုင်မည့် ဦးစိုင်းထွန်းရင်တို့သာ တင်ထားသည်ဟု ပြည်နယ်ကော်မရှင်အဖွဲ့ခွဲရုံး တာဝန်ရှိသူက ပြောသည်။

“မဲဆွယ်စည်းရုံးခွင့်မတင်ဘဲ မဲဆွယ်စည်းရုံးရင်တော့ အရေးယူရမှာပေါ့။ အခုလောလောဆယ်အထိကတော့ နိုင်ငံရေးပါတီ ၅ ခုနဲ့ တစ်သီးပုဂ္ဂလကိုယ်စားလှယ် ၁ ဦးကပဲ မဲဆွယ်စည်းရုံးခွင့် လာတင်ထား တာရှိပါ သေးတယ်”ဟု ရှမ်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်ထားသော ကြေညာချက်အမှတ် ၉၁/၂၀၁၀ ပါ အပိုဒ် ၄ စုဝေးခွင့်နှင့် ဟောပြောခွင့်လျှောက်ထားခြင်း၌ သက်မှတ်သည့်နေရာတွင် စည်းဝေးခြင်းနှင့် ဟောပြောခြင်း ပြုလုပ်လိုသည့် လွှတ်တော်ကိုယ်စားလှယ်လောင်းနှင့် ရွေးကောက်ပွဲကိုယ်စားလှယ်များသည် အချက် သုံးချက်နှင့်အညီ သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲသို့ ခုနစ်ရက်ကြိုတင်၍ ခွင့်ပြုမိန့်လျှောက်ထားရမည်ဖြစ်သည်။

နိုင်ငံရေးပါတီများကို ၂၀၁၅ အထွေထွေရွေးကောက်ပွဲအတွက် တရားဝင် မဲဆွယ်စည်းရုံးခွင့်ကို စက်တင်ဘာလ ၈ရက်တွင် စပေးထားပြီး ပါတီများသည် ရွေးကောက်ပွဲမတိုင်မီ ၁ရက်အလို နိုဝင်ဘာ ၆ရက်အထိ မဲဆွယ်ခွင့် ပြုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly