တရားမဝင် သစ်ခိုးထုတ်မှုများအရေး မြန်မာ-တရုတ် ပူးပေါင်းဆောင်ရွက်သွားမည်ဟုဆို

တရားမဝင် သစ်ခိုးထုတ်မှုများအရေး မြန်မာ-တရုတ် ပူးပေါင်းဆောင်ရွက်သွားမည်ဟုဆို

တရားမဝင်သစ်ခိုးထုတ်နေခြင်းများကို ကိုင်တွယ်ဖြေရှင်းရေးအတွက် မြန်မာနှင့် တရုတ်နိုင်ငံတို့က အကျိုးရှိစွာ ပူးပေါင်းဆောင်ရွက်သွားမည်ဟု မြန်မာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီး ဦးဝင်းထွန်းက နေပြည်တော်တွင် စက်တင်ဘာ ၂၄ ရက်က ပြုလုပ်သည့် မြန်မာ-တရုတ် သစ်ကုန်သွယ်ရေးလုပ်ငန်းများဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် ပြောခဲ့သည်။

မှောင်ခိုသစ်ခိုးထုတ်မှုများအရေးကို ဆောင်ရွက်နေစဉ် သစ်နှင့် သစ်ထွက်ပစ္စည်း တရားဝင်ကုန်သွယ်မှုများ မြှင့်တင်သွားရေးအတွက်လည်း လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း ဦးဝင်းထွန်းက ပြောသည်။

မှောင်ခိုသစ်ခိုးထုတ်ခြင်းများ ရှင်းလင်းဖယ်ရှားခြင်းထက် နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်မှုများ လိုအပ်ကြောင်းလည်း တရုတ်နိုင်ငံတော်သစ်တောရေးရာစီမံခန့်ခွဲမှုမှ တာဝန်ရှိသူ Fu Gui ကလည်း အလေးအနက်ပြောသည်။

မြန်မာ-တရုတ်နယ်စပ်ဒေသ သစ်ခိုးထုတ်မှုများသည် နှစ်နိုင်ငံ၏ ပုံရိပ်ကို ဆိုးရွားစေသကဲ့သို့ သစ်တောများ ဆုတ်ယုတ်ပျက်စီးစေနိုင်ကြောင်း၊ ဇီဝသက်ရှိမျိုးကွဲများကိုလည်း ကျဆင်းစေပြီး ရာသီဥတုပြောင်းလဲမှုဖြစ်ကာ ဒေသတွင်း ပြည်သူများ၏ လူမှုစီးပွားဘဝများကို ဆိုးကျိုးများ သက်ရောက်စေလိမ့်မည်ဖြစ်ကြောင်းလည်း ဦးဝင်းထွန်းက သတိပေးပြောကြားသည်။

နှစ်ရက်ကြာကျင်းပပြုလုပ်သည့် အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ ဥရောပသမဂ္ဂမှ ကိုယ်စားလှယ်များလည်း တက်ရောက်ခဲ့ကြသည်။

ယင်းအလုပ်ရုံဆွေးနွေးပွဲကို သစ်ကုန်သွယ်ရေးမှုများ၊ တရားမဝင်သစ်ခိုးထုတ်ခြင်းများအရေးနှင့် ပတ်သက်သည့် နှစ်နိုင်ငံတာဝန်ရှိသူများကြား အတွေ့အကြုံများ ဖလှယ်ဆွေးနွေးနိုင်ရေး ရည်ရွယ်လျက် ကျင်းပခြင်းဖြစ်ကာ ယင်းအရေးကိစ္စစိန်ခေါ်မှုများအား ကိုင်တွယ်ဖြေရှင်းသွားနိုင်ရေးတို့အတွက်ဖြစ်သည်။

Ref: Xinhua

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly