မြန်မာ့ သယံဇာတတွေကို ပြတ်ပြတ်သားသား ကာကွယ်ပါ

မြန်မာ့ သယံဇာတတွေကို ပြတ်ပြတ်သားသား ကာကွယ်ပါ

မြန်မာနိုင်ငံသည် ဒေသတွင်း နိုင်ငံများနှင့် နှိုင်းယှဉ်ပါက သယံဇာတ ပေါသည့် နိုင်ငံဟု လူသိ များသည်။ အိမ်နီးချင်း နိုင်ငံအချို့က အားကျရသည့် မြန်မာ့ မြေပေါ် မြေအောက် သယံဇာတများ ရှိနေသည်ကို ငြင်းနိုင်ရန် မရှိပါ။ စင်ကာပူ နိုင်ငံသားများက မြန်မာ့ သယံဇာတများကို အလွန်အံ့သြ ဖွယ်ကောင်းသည့် သယံဇာတများ ထွက်ရှိသည့် နိုင်ငံဟု တလေးတစား တန်ဖိုးထားကြသည်။

သောက်ရေကိုပင် အိမ်နီးချင်း မလေးရှားနိုင်ငံမှ ၆၀ ရာခိုင်နှုန်း မှာယူ သောက်သုံးနေရသည့် စင်ကာပူနိုင်ငံသည် မြန်မာနိုင်ငံကို အားကျကောင်း အားကျပေလိမ့်မည်။ သူ့နိုင်ငံတွင်းရှိ မြေကွက်လပ် များတွင် သစ်ပင်များ စိုက်လျက် အနာဂတ်အတွက် ပြင်ဆင်သည်။ သစ်ပင်များ စိုက်ပျိုးထားသည့် မြေကွက်တိုင်းတွင် ကင်မရာများ တပ်ဆင်ထားသည် ၂၄ နာရီစလုံး စောင့်ကြည့်သည်။ စောင့်ကြပ် သည်။ အားကျ အတုယူဖွယ်ပင် ဖြစ်သည်။ မရှိသည်ကို ရှိအောင်လုပ်ကာ ရှိလာသည်ကို တန်ဖိုးထား တတ်သည့် အလေ့အထ ဖြစ်သည်။

ဆိုခဲ့သကဲ့သို့ စင်ကာပူနိုင်ငံသားများ အားကျလောက်ဖွယ်၊ မက်လောက်ဖွယ် သယံဇာတများ အတွက် မြန်မာနိုင်ငံကကော မိမိတို့ သယံဇာတများအတွက် မည်သည့်နည်းဖြင့် ကာကွယ်နေပါ သနည်း။ အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ကယားပြည်နယ် ခရီးစဉ် တွင် တောင်တွေ ကတုံးဖြစ်ကုန်ပြီဟု ပြောဆိုခဲ့သည်။

သိမီလိုက်ကြသည့် အသက် ၅၀၊ ၆၀၊ ၇၀ အရွယ် ပုဂ္ဂိုလ်များထံမှ သစ်တောထွက် သယံဇာတ နှင့် ပတ်သက်သည့် စကားလုံးအချို့ကို မကြာခဏ ကြားရသည်။ “အရင် ဒီနေရာတွေဟာ တောချည်း ပဲခု တောင်တွေလည်း ကတုံးတွေ ဖြစ်ကုန်ပြီ” ဟူ၍ ဖြစ်သည်။ နိုင်ငံထွက် သယံဇာတများအပေါ် အစိုးရတစ်ရပ်၏ ကာကွယ်မှုကို မီးမောင်းထိုးပြထားသည့် စကားလုံးများ ဖြစ်သည်။

ဤသည်က စနစ်တကျ မလေ့လာထားသေးသည့် မြန်မာနိုင်ငံသား အချို့၏ သဘာဝ သယံဇာ တအပေါ် မှတ်ချက်အချို့ ဖြစ်သည်။ သို့ဆိုလျှင် အလုပ်တစ်ခုကို စနစ်တကျ လုပ်ကိုင်တတ်သည့် အနောက်နိုင်ငံအချို့၏ မြန်မာ့ သယံဇာတပေါ် မှတ်ချက်ပေးမှုကို ကြည့်ပါဦးစို့။

လန်ဒန်အခြေစိုက် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ စုံစမ်းစစ်ဆေးရေး အေဂျင်စီ (EIA) က စက်တင်ဘာ ၂၂ ရက်တွင် ထုတ်ပြန်သည့် ထုတ်ပြန်ချက်တစ်ရပ်၌ မြန်မာနိုင်ငံတွင်းမှ သစ်လုံးများ ပြည်ပနိုင်ငံ များသို့ အလုံးလိုက် တင်ပို့ခွင့်ကို တားမြစ်ထားသော်လည်း တရုတ်-မြန်မာ နယ်စပ်တွင် ခိုးသွင်းမှုများ ရှိနေဆဲဟု ဆိုသည်။

တရားမဝင် သစ်မှောင်ခိုကူးမှုကို တရုတ်မှောင်ခိုဂိုဏ်း တစ်ခုက ထိန်းချုပ်ထားကြောင်း တိတိ ပပ ထုတ်ပြန်သည်။ ထိုအဖြစ်အပျက်ကို မတားနိုင်ပါက သဘာဝ ပတ်ဝန်းကျင်နှင့် သစ်တော ပြုန်းတီး မှုများကို ထိုင်ကြည့်နေကြရတော့မည်ဟု EIA ၏ သစ်တောရေးရာ စည်းရုံးလှုံ့ဆော်ရေး အဖွဲ့ခေါင်း ဆောင်က ဆိုသည်။

ပြည်ပနိုင်ငံမှ အဖွဲ့အစည်း တစ်ခုပင်လျှင် ထိုကဲ့သို့ မြန်မာ့ သယံဇာတများအပေါ် စိုးရိမ်ကြီးစွာ ထုတ်ဖော် ပြောဆိုလာခဲ့ပြီ။ သို့ဆိုလျှင်နိုင်ငံတစ်နိုင်ငံ၏ ဦးစီးဦးဆောင် အစိုးရ၊ ထိုမှတစ်ဆင့် သစ်တောရေးရာ ဝန်ကြီးဌာနတို့ မျက်စိပိတ် နားပိတ် နေကြပြီလော သို့မဟုတ် မမြင် မကြားနိုင်ကြ ပြီလော။ နိုင်ငံအတွက် အလွန် အရေးကြီးနေပါပြီ။ ယုန်ကလေး နှာစီးမနေကြပါနှင့်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags