ဦးတင်အေး မှတ်တမ်းကောင်းရမှာ မဟုတ်

ဦးတင်အေး မှတ်တမ်းကောင်းရမှာ မဟုတ်

ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတမှုရှိအောင် ကျင်းပပေးမယ်လို့ တဖွဖွ ပြောနေတဲ့ကြားက တရားမျှတမှု မရှိတာတွေ တစ်ခုပြီးတစ်ခုပေါ်ထွက် လာနေတာတွေ့ရပါ တယ်။အဲဒီအထဲ ထင်ရှားတဲ့ပြဿနာ တစ်ခုကတော့ ကိုယ်မွေး ဖွားစဉ်က ကိုယ့်မိဘနှစ်ပါးစလုံး နိုင်ငံသား ဖြစ်နေရမယ်ဆိုတဲ့ အချက်နဲ့ ငြိနေတဲ့ အမတ် လောင်းတစ်ယောက်ကိုကော်မရှင်က လက်ခံလိုက်ခြင်း ပါ။ အဲဒီ အမတ်လောင်းဟာ နှယ်နှယ် ရရ ပုဂ္ဂိုလ်တော့ မဟုတ်ပါဘူး။ လက်ရှိ သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးသိန်းညွန့်ပါ။ ဦးသိန်းညွန့် မွေးဖွားစဉ်က မိဘနှစ်ပါး နိုင်ငံသား မဖြစ်ခဲ့ဖူးဆိုတဲ့အချက်ကို အင်န်အယ်လ်ဒီ ဘက်က အမတ်လောင်းက သိရှိပြီးနောက် ကော်မရှင်ကို အထောက်အထားနဲ့တကွ ကန့်ကွက် တိုင်ကြားတာတောင် ကော်မရှင်ဘက်က အချိန်နောက်ကျသွားလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ပယ်ချခဲ့တာ ဖြစ်ပါတယ်။ ဒီအကြောင်း ဆွေးနွေးကြည့်ကြရအောင်။

တကယ်တော့ အမတ်လောင်းတွေဟာ ဥပဒေပါ သတ်မှတ်အရည်အချင်းနဲ့ ညီမညီ စစ်ဆေးဖို့ တာဝန်ရှိသူဟာ ရွေးကောက်ပွဲကော်မရှင်ပဲ ဖြစ်ပါတယ်။ ကော်မရှင်ဟာ ပြည်ထဲရေး နဲ့ လဝက အကူအညီ ရယူပြီး စစ်ဆေးရမှာပါ။ အမတ်လောင်းအဖြစ် လျှောက်လွှာလာတင်ထား သူ အားလုံးကို တပြေးညီ စစ်ဆေးဖို့ တာဝန်ရှိပါတယ်။ ပြည်ခိုင်ဖြိုးက အမတ်ကို တစ်မျိုး၊ အင်န်အယ်လ်ဒီက အမတ်ကို တစ်မျိုး၊ ဝန်ကြီးကို တစ်ဖုံ၊ အငြိမ်းစားဗိုလ်ချုပ်တွေကို တသွယ် လုပ်လို့မရပါဘူး။ အားလုံးကို စစ်ရမှာပါ။ ဝန်ကြီးမို့လို့ မစစ်တော့တာ၊ အငြိမ်းစားဗိုလ်ချုပ်မို့လို့ စစ်ဖို့မလိုဘူး လုပ်လို့မရပါဘူး။ အကြောင်းကတော့ ၂၀၁၀ ရွေးကောက်ပွဲမှာ အမတ်အရည် အချင်း ပြည့်လို့ဆိုပြီး ရွေးကောက်ပွဲဝင်၊ အနိုင်ရ၊ လက်ရှိအချိန်ထိ လွှတ်တော်အမတ် ဖြစ်နေ သေးတဲ့ ဦးရွှေမောင်းလို လူကိုတောင် သေသေချာချာ ပိုက်စိတ်တိုက် စစ်ရင် တခြားဘယ်သူ ကိုမဆို စစ်သင့်တယ်ဆိုတာ အတော်ရှင်းပါတယ်။ ဒါပေမယ့်လည်း အခုနောက်ဆုံး ထွက်ပေါ် လာတဲ့ ပြဿနာကိုကြည့်ရင် ကော်မရှင်ဟာ သူတို့ စစ်ချင်တဲ့သူတွေကိုကျရင် အသေအလဲ စစ်ပြီး မစစ်ချင်သူတွေကိုတော့ မျက်နှာလွဲှခဲ့တယ်ဆိုတာ အတော်လေး ပေါ်လွင်နေပါတယ်။

ပြည်ထောင်စုဝန်ကြီး ဦးသိန်းညွန့် အမတ်လောင်းစာရင်း တင်ပြီးနောက် ကော်မရှင် ဘက်က ဘာပြစ်ချက်မှ တွေ့တယ်လို့ မှတ်ချက် ပြုမထားပါဘူး။နောက်ပိုင်း အင်န်အယ်လ်ဒီ ဘက်ကအချက်အလက်တွေ ရပြီးနောက်မှ ကော်မရှင်ဆီ တိုင်ကြားတာပါ။ အင်န်အယ်လ်ဒီ ဘက်က တိုင်ကြားစာမှာ ဦးသိန်းညွန့်ရဲ့ မိဘတွေဟာ တရုတ်နိုင်ငံကနေ ပြောင်းရွှေ့လာကြ သူတွေ ဖြစ်တယ်၊ ဖခင်နာမည်က ဦးအင်ဝှက်၊ မိခင်က ဒေါ်ကျင်ရန် ဖြစ်တယ်၊ ဦးသိန်းညွန့်ကို ၁၉၄၈ ခုနှစ်မှာ မွေးဖွားခဲ့တယ်၊ သူ့ဖခင်ဟာ နိုင်ငံသား မဖြစ်မီ ၁၉၅၂ ခုနှစ်မှာ ဆုံးပါးသွားခဲ့ တယ် ဆိုတာပါပဲ။ ဒီအချက်ကိုကြည့်ရင် ဦးသိန်းညွန့်မွေးဖွားစဉ် ကမိဘနှစ်ပါး နိုင်ငံသားမဖြစ် တာ သေချာနေပြီး အမတ်လောင်းအရည်အချင်း မပြည့်မီဘူး ဆိုတာကလည်း ရှင်းနေပြီး ဖြစ်ပါတယ်။

တကယ်တော့ ဦးသိန်းညွန့်ရဲ့ အချက်အလက် အဲလို ဖြစ်တယ်ဆိုတာ အပြင်လူ တစ်ယောက်ယောက် သိဖို့ မလွယ်ပါဘူး။ ခိုင်လုံတဲ့ အထောက်အထား ရဖို့ဆိုတာ ပိုပြီး ဝေးပါ သေးတယ်။ ဒါပေမယ့်ကော်မရှင်က အချက်အလက်တောင်းတယ် ဆိုရင်တော့ လဝက ဘက်က ပေးမှာ အမှန်ပဲ ဖြစ်ပါတယ်။ အခုဖြစ်စဉ်မှာ ကော်မရှင်က ဦးသိန်းညွန့် ကိုယ်ရေးအ ချက်အလက်ကို မတောင်းတာလား၊ လဝက က လိမ်ညာပေးခဲ့လေသလား မသဲကွဲပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ဒီအဖြစ်မှန်ကို သိပြီးနောက် ကော်မရှင်ဘက်က လုပ်ရမှာက (၁) အင်န်အယ်လ်ဒီ ဘက်က စွပ်စွဲသလို ဦးသိန်းညွန့်ဟာ အမတ်လောင်းအရည်အချင်း မပြည့်မီ သူလား စစ်ဆေးရပါမယ်၊ ဒါကလည်း လွယ်ပါတယ်။ (၂) စစ်ဆေးလို့ အမတ်လောင်း အရည် အချင်း မပြည့်မီဘူးဆိုရင် ဒါကို ဘယ်သူ စိစစ်တာလဲ၊ ဘယ်သူ့မှာ တာဝန်ရှိတာလည်း ရှာရပါ မယ်၊ ကော်မရှင်မှာလား၊ လဝက မှာလား။ ဖော်ထုတ် အရေးယူရပါမယ်။ (၃) အမတ်လောင်း အရည်အချင်း မပြည့်မီဘူးဆိုတာကို သိပြီဆိုမှတော့ ဦးသိန်းညွန့်ကို အမတ်လောင်းစာရင်း ကနေ ပယ်ဖျက်ပစ်ရပါလိမ့်မယ်။ တရားမျှတတဲ့ ရွေးကောက်ပွဲ ကော်မရှင်ဆိုရင် အဲလို လုပ်ပါလိမ့်မယ်။ ဒါ အလွန်ရှင်းပါတယ်။ အခု ကော်မရှင်ဘက်က လုပ်ပုံက အင်န်အယ်လ်ဒီက တိုင်တာနောက်ကျနေတယ်၊ ဒါကြောင့် ဒီကိစ္စ မကိုင်တွယ်နိုင်တော့ဘူးဆိုပြီး မျက်စေ့မှိတ် ငြင်းလိုက်တာ ဖြစ်ပါတယ်။

ဦးတင်အေးအနေနဲ့ ဥပဒေအတိုင်း လုပ်နေပါတယ်၊ ဥပဒေအတိုင်း လုပ်နေပါတယ် ဘယ်လောက် အော်ပြီးပြောပြော၊ ဘယ်နှစ်ကြိမ် အထပ်ထပ်ဆိုဆို ပြည်သူလူထု အမြင်မှာ ဥပဒေအတိုင်း လုပ်နေ ပါတယ်ဆိုတာ ယုံကြည်ဖို့လည်း လိုအပ်နေပါတယ်။ အခု ဖြစ်စဉ်ကို ကြည့်ရင် ပြည်ခိုင်ဖြိုးမဟုတ်တဲ့ ကျန်ပါတီဝင် အမတ်လောင်းတွေ တစ်သီးပုဂ္ဂလ အမတ်လောင်းတွေ ကိုတော့သေအောင်စစ် ၊နောက်ဆုံးမဖြစ်နိုင်တဲ့ အထောက်အထား တင်ပြခိုင်း တာတွေကိုတောင် လုပ်ခိုင်းပြီး အမတ်လောင်းအဖြစ်ကနေ အများအပြား ပယ်ချခဲ့တာ ဖြစ်ပါတယ်။ ဖြစ်စဉ်ကိုကြည့်ရင် အမတ်လောင်းအရည်အချင်း မပြည့်မီလို့ဆိုပြီး ပယ်ချခံရတဲ့ အမတ်လောင်း ၈၀ ဝန်းကျင်အထိ ရှိနေပါတယ်။ အဲဒီအထဲမှာ အင်န်အယ်လ်ဒီ ပါတီက (၆) ယောက်တောင် ရှိပါတယ်။ နည်းတာ မဟုတ်ပါဘူး။ မွတ်ဆလင် လူနည်းစုတွေနဲ့ ဖွဲ့စည်းထား တဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးပါတီဆိုရင် အမတ်လောင်း (၁၈) ယောက်တင်တာ (၁၇) ယောက် ပယ်ချခံရပါတယ်။ အမတ်တစ်ယောက်ပဲ အရွေးခံရတော့မှာမို့ အဲဒီပါတီ သေချာ ပေါက် ဖျက်သိမ်းခံရပါလိမ့်မယ်။ ဒါပေမယ့် ထူးခြားတာက ပြည်ခိုင်ဖြိုးပါတီက တစ်ယောက်မှ အမတ်လောင်းအရည်အချင်း မပြည့်မီလို့ဆိုပြီး ပယ်ချခံရတာ မရှိခဲ့ပါဘူး။ ဒါဟာ ဘက်မလိုက် ပါဘူးဆိုတဲ့ ဦးတင်အေးရဲ့ ကော်မရှင်ကို မေးခွန်းထုတ်စရာ အလွန်ကောင်းတဲ့ အခြေအနေပါ။

လောလောဆယ် အခြေအနေအရ နိုင်ငံရေးပါတီတွေ အမတ်လောင်းတွေဟာ ဘာမှ မတတ်နိုင်ကြပါဘူး။ ကော်မရှင်လုပ်သမျှ ငုံ့ခံနေကြရတာပါ။ ရွေးကောက်ပွဲကျင်းပဖို့ ရက်ပေါင်း ၅၀ ကျော် ကျန်ပါသေးတယ်။ ကော်မရှင်ဘက်က ဒီအတိုင်း ဆက်လုပ်နေဦးမယ်ဆိုရင် ဦးတင် အေး ပြောသလို ကျွန်တော်ဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတစ်ခု လုပ်ပေး သွားတယ်ဆိုတဲ့ မှတ်တမ်းကောင်းမဝင်ဘဲ အလွန်ချို့ယွင်းချက်များ၊ အလွန် ဘက်လိုက်၊ အလွန်ဥပဒေကို မျက်ကွယ်ပြုတဲ့ ရွေးကောက်ပွဲတစ်ခု ကျင်းပပေးသွားတယ်ဆိုတဲ့ မှတ်တမ်းပဲ ရနိုင်မှာ ဖြစ်ပါကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags