ဘဏ်များပိတ်လိုက်ခြင်းကြောင့် ရုန်းကန်နေရသည့် ဂရိလုပ်ငန်းများအတွက် နေ့တိုင်းမှာ အားလပ်ရက် တနင်္ဂနွေများဖြစ်နေ

ဘဏ်များပိတ်လိုက်ခြင်းကြောင့် ရုန်းကန်နေရသည့် ဂရိလုပ်ငန်းများအတွက် နေ့တိုင်းမှာ အားလပ်ရက် တနင်္ဂနွေများဖြစ်နေ

အေသင်၊ ဇူလိုင်-၃ ။       ။ ခေတ်သစ်၏ အဆိုးရွားဆုံး စီးပွားရေးအကျပ်အတည်း ၆နှစ်တာကာလအပြီးတွင် အေသင် အနောက်မြောက်ပိုင်းက ကားပြန်ထုတ် (recycle)ကုမ္ပဏီတစ်ခုဖြစ်သည့် ANTYMETမှာ ကံဆိုးမိုးမှောင်ကျလာ ခဲ့သည်။ နောက်တော့ ဂရိအစိုးရက ဘဏ်များကို ပိတ်ပစ်လိုက်သည်။

‘နေ့တိုင်းဟာ တနင်္ဂနွေနေ့တွေပါပဲ။ စီးပွားရေးမှာ ဒီ့ထက်ကျဆင်းစရာတော့ မရှိတော့ပါဘူး’’ဟု အက်စပရိုပိုင်ဂေါ့စ်စက်မှုဇုန် ထဲတွင် သံချေးတက်ကားတန်းများကြားတွင် ရပ်ရင်း အလက်ဇန်းဒရော့ ဘူဂျီရော့လာကစ်က ပြောသည်။    

ကြောက်လန့်စိုးထိတ်နေသည့် ဂရိများက အပ်ငွေအပေါ်တွင် လည်ပတ်မှုကို ရပ်ဆိုင်းရန်အလို့ငှာ ဘဏ်များကို ပိတ်လိုက်ပြီး ၄ရက်အကြာတွင် ဆုတ်ကပ်၊ အလုပ်လက်မဲ့နှင့် လုပ်ခပင်စင်များ ကျဆင်းမှုက နင်းခြေဖျက်ဆီးထားသည့် စီးပွားရေးမှာ တဖြည်းဖြည်းနှင့် ငွေသားကို ဆာလောင်ငတ်မွတ်လာနေသည်။

ပြန်ထုတ်ကားစက်ရုံကို ၂၀၀၀ခုနှစ်က ညီဖြစ်သူနှင့်တူ ထူထောင်ခဲ့သည့် ဘူဂျီရော့လာကစ်ကမူ သူ့ခမျာ ပစ္စည်းထောက်ပံ့ သူများကို ငွေမပေးချေနိုင်တော့သလို၊ တရုတ်နှင့် ပြင်သစ်မှ စက်ပစ္စည်းအသစ်များအတွက် မှာယူထားသည့် အော်ဒါများကိုလည်း မဖြည့်ဆည်းနိုင်တော့ဘဲ ဖောက်သည်များမှာလည်း ကြက်ပျောက် ငှက်ပျောက် ပျောက်ကုန်ကြသည်ဟု ပြောကြားသည်။

‘ဖုန်းလည်းမမြည်တော့ဘူး။ ကျွန်တော်တို့လည်း ရုံးကိုလာပြီး ဘာအလုပ်မှမရှိဘဲ ထိုင်နေရုံသက်သက်ပဲ’’ဟု ၎င်းက ပြောကြား သည်။ စုပြုံတိုးဝှေ့နေသည့် ငွေထုတ်စက်များမှ တစ်ရက်လျှင် ယူရို၆၀ခွဲတမ်းနှင့် ဂရိနိုင်ငံသားများမှာ နိုင်ငံ၏ ယူရိုဇုန်ဘုံငွေကြေး အနာဂတ်ကို အဆုံးအဖြတ်ပေးမည့် ဇူလိုင် ၅ရက် ဆန္ဒခံယူပွဲ၏ ရလဒ်ကို ရင်တမမဖြင့် စောင့်စားနေကြသည်။     

လက်ဝဲယိမ်းသည့် အလက်ဇစ် ဇီပရပ်စ်၏ အစိုးရကမူ နိုင်ငံတကာ ကြွေးရှင်များနှင့် အကူအညီပေးရေး သဘောတူညီချက်၏ ပြင်း ထန်လွန်းသည့်စည်းမျဉ်းများကို ငြင်းပယ်ကြဖို့ မဲဆန္ဒရှင်များကို တိုက်တွန်းနေသည်။ ငွေလုံးငွေရင်း ထိန်းချုပ်မှုဟု သိထားကြသည့် ဘဏ်လုပ်ငန်းတင်းကျပ်ကန့်သတ်မှုများမှာလည်း ယာယီသာဖြစ်ပြီး၊ ဆန္ဒခံယူပွဲပြီးလျှင် ပြန်ဖွင့်ပေးမည်ဟုလည်း ဇီပရပ်စ်၏အစိုးရ က ပြောကြားခဲ့သည်။

ဂရိ၏ ဥရောပပါ့တနာများကမူ ခြိုးခြံခြွေတာရေးကို လက်မခံခြင်းမှာ ယူရိုကို ငြင်းပယ်ပြီး၊ အုပ်စုမှထွက်ခွာရန် အထိ ဖြစ်လာနိုင်သောကြောင့် ထိုအခြေအနေတွင် ငွေလုံးငွေရင်းထိန်းချုပ်မှုမှာလည်း ရက်အကန့်အသတ်မရှိ ကြာမြင့်သွားနိုင်ကြောင်း ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly