ကိုုယ်ကျိုးစီးပွားအတွက် လုုပ်ဆောင်တာနဲ့ နိုုင်ငံရေးကစားကွက်တွေ ရပ်ကြဖိုု့ သင့်ပြီ

ကိုုယ်ကျိုးစီးပွားအတွက် လုုပ်ဆောင်တာနဲ့ နိုုင်ငံရေးကစားကွက်တွေ ရပ်ကြဖိုု့ သင့်ပြီ

အထွေထွေ ရွေးကောက်ပွဲက နောက်ထပ် ၄ လကျော်အတွင်း ရောက်ရှိလာတော့ ပေမည်။ ငါးနှစ်တာ ကာလအတွက် အများကို ကိုယ်စားပြုသည့် ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်း ကိုရွေးချယ်ပေးရမည့် ရွေးကောက်ပွဲဖြစ်သဖြင့် နိုင်ငံရေးပါတီများ နိုင်ငံရေးသမား များအတွက် အရေးပါသည့် ကာလတစ်ခု ဖြစ်သည်။

ရွေးကောက်ပွဲတည်းဟူသော ဖြစ်စဉ်တွင် အနိုင်ရသည့် ပုဂ္ဂိုလ်သော်လည်းကောင်း၊ ပါတီသော်လည်းကောင်း၊ ငါးနှစ်တာစီမံခန့်ခွဲ ခွင့်နှင့် ဥပဒေပြုခွင့်တို့ကို အပ်နှင်းခံရမည် ဖြစ်သည့်အတွက်လည်း အရေးကြီးသည်ဟု ဆိုရခြင်းပင်။

ရွေးကောက်ပွဲတွင် အများစု အနိုင်ရသည့် ပါတီက အစိုးရဖွဲ့နိုင်မည်ဖြစ်ပြီး အစိုးရအဖွဲ့ကို ဦးဆောင်ဖွဲ့စည်းနိုင်မည်ဖြစ်သည်။

ဤနေရာတွင် ပြောလိုသည်မှာ ရွေးကောက်ပွဲအကြောင်း မဟုတ်ဘဲ ရွေးကောက်ပွဲ နီးလာသည်နှင့်အမျှ နိုင်ငံရေးနှင့် ဆက်စပ် သည့် အဖွဲ့အစည်းများ၏ ပြည်သူ့အကျိုး၊ အများအကျိုးကို ဦးစားမပေးခြင်းကို မီးမောင်းထိုးပြလိုခြင်း ဖြစ်သည်။

ရှေးဦးစွာ လက်ရှိအာဏာကို ရရှိထားသည့် အစိုးရအဖွဲ့၏ မရိုးသားမှုကို ထောက်ပြလိုပေသည်။ အစိုးရအဖွဲ့ဝင်များ အနေဖြင့် လည်းအစိုးရသက်တမ်းငါးနှစ်ကုန် ခါနီးတွင် အများပြည်သူ ကောင်းကျိုးဖိလုပ်သည့် နမူနာယူစရာကိစ္စများ မတွေ့ရဘဲ သက်တန်း ကုန်ခါနီးတွင် အပေးအယူတွေကို လက်စပြတ်အောင် လုပ်နေသည့် သဘောမျိုး သာတွေ့နေရပေသည်။

လွှတ်တော်တွင်မည်မျှဝေဖန်ဝေဖန် ဇွတ်ရှေ့ဆက်တိုးမည်ဆိုသည့် အရိပ်လက္ခဏာများယခုတလောက်ဆက်တိုက် ဆိုသလိုတွေ့ လာရသည်။ ဥပမာ ပြရလျှင် ရန်ကုန်မြို့သစ် စီမံကိန်းများ၊ ရေကူးအသံလွှင့်ရ ုံတင်ဒါ ခေါ်သည့် ကိစ္စရပ်များတွင် ပြည်ထောင်စု အစိုးရ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့တို့သည် သတင်းမီဒီယာ၊ လွှတ်တော်တို့မှ ဝေဖန်ထောက်ပြ ပြောဆိုနေကြ သည့်ကြား မှ ရှေ့ဆက်တိုးဖို့သာ လုပ်ဆောင်နေကြပေသည်။

အများပြည်သူအကျိုးထက် အစိုးရအဖွဲ့ဝင်များ၏ နောက်ကွယ်တွင် အကျိုးစီးပွားများ ရှိနေသလားဟုပင် သံသယဖြစ်စရာ ဖြစ်ပေတော့သည်။ ယင်းစီမံကိန်းများ၏ ပမာဏသည် လည်း သေးသေးမွှားမွှား ပမာဏ မဟုတ်ပေ။ ကျပ်ငွေ ဘီလျံရာချီထောင်ချီသည့် တန်ဖိုးများ ဖြစ်နေသည်ကို တွေ့ရပေသည်။ ယခုပေးသည့် ဥပမာများမှာ လက်လှမ်းမီသည့် ကိစ္စရပ်များ ဖြစ်ပေသည်။

အခြားသော လူသိမများသည့် စီမံကိန်းများ တင်ဒါများလည်း ရှိကောင်း ရှိပေလိမ့်ဦးမည်။ အစိုးရအဖွဲ့ဝင်များ အနေဖြင့်နောက် ငါးနှစ်တွင် ၎င်းတို့ ပြန်တာဝန်ယူရမည် မယူရမည်ဆိုသည်မှာ မသေချာသဖြင့် လောလောဆယ် သေချာသည့် အရာများကိုရွေး ကြသည့် သဘောလည်း ဖြစ်နိုင်ပေသည်။ နောက်အဖွဲ့အစည်း တစ်ခုမှာ ဥပဒေပြု လွှတ်တော် ဖြစ်သည်။

ဥပဒေပြုလွှတ်တော်တွင်းရှိ ကိုယ်စားလှယ်များမှာ ရွေးကောက်ပွဲ နီးလာပြီဖြစ်သဖြင့် ပြန်လည် အရွေးခံရဖို့ရာ လူထုအကြိုက် ကိစ္စရပ်များကို လုပ်ဆောင်ပြရမည်မှာ ဓမ္မတာ ဖြစ်သည်။ ဥပမာအားဖြင့် အခြေခံဥပဒေ ပြင်ဆင်ရေးလို ကိစ္စရပ်ပင် ဖြစ်သည်။

အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် လွှတ်တော်အနေဖြင့် နဂိုဖွဲ့စည်းထားသည့် ကော်မတီကို မစောင့်ဆိုင်း တော့ဘဲ အာဏာရ ပါတီ၏ကိုယ်စားလှယ်တစ်ဦးက အရေးကြီး အဆိုတင်သွင်းကာ ယခု သက်တမ်း မကုန်မီ မြန်မြန်ဆန်ဆန် ပြင်ဆင်ဖို့ လုပ်ဆောင် လျက် ရှိသည်။

ယေဘုယျအားဖြင့် ဆိုရလျှင် ကြိုဆိုရမည့် လုပ်ဆောင်ချက်ဟု ပြောနိုင်ပေသည်။ သို့သော် လက်တွေ့တွင်မှု ယင်းပြင်ဆင်ရန် တင်ပြချက်သည် အမှန်တကယ် ပြည်သူအများစုကြီး လိုလားသော အဓိကအချက်များ မပါဝင်ခြင်းက လှည့်စားခြင်းလား၊ မလိမ့် တပတ် လုပ်ခြင်းလား ဟုမေးရမည့် အခြေအနေမျိုးဖြစ်နေပေသည်။

အထက်က ဖြစ်စဉ်များကို ကြည့်ပါလျှင် ရွေးကောက်ပွဲနီးလေ ကိုယ်ကျိုးစီးပွားအတွက် လုပ်ဆောင်ခြင်းနှင့် နိုင်ငံရေး ကစားကွက် များကို ရပ်တန့်ကာ အများပြည်သူအကျိုးကို ငဲ့ကြည့်သင့်ပြီ ဖြစ်ပါကြောင်း မဇ္ဈိမအနေဖြင့် တိုက်တွန်းရေးသား လိုက်ရပေသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly