သတင်း ဒေသန္တရသတင်း သေတွင်းမှလွတ်မြောက်ခဲ့သူ မြန်မာ ၆၀ ကျော် နေရပ်ပြန်မည်
သေတွင်းမှလွတ်မြောက်ခဲ့သူ မြန်မာ ၆၀ ကျော် နေရပ်ပြန်မည် Print E-mail
နေသွင်   
ကြာသပတေးနေ့၊ မေလ 01 2008 14:12 - မြန်မာစံတော်ချိန်

ချင်းမိုင်။  ။ ကံကောင်း ထောက်မ၍ သေကံမရောက် သက်မပျောက်ဖြစ်ခဲ့ရသော ထိုင်းနိုင်ငံတွင်း ခိုးဝင်ခဲ့သည့် မြန်မာ ၆၀ ကျော်ကို မိခင်နိုင်ငံသို့ ပြန်ပို့တော့မည် ဖြစ်သည်။

ဧပြီလ (၉) ရက်နေ့က ထိုင်းနိုင်ငံသို့ ခိုးဝင်လာသူ မြန်မာလူမျိုး (၁၂၁) ဦးအနက် (၅၄) ဦးသည် လမ်းခုလတ်တွင် ကားတွင်း၌ အသက်ရူကြပ် သေဆုံးခဲ့ပြီး အသက်ရှင်ကျန်ရစ်သူ (၆၇) ဦးသည် ရနောင်းရှိ လူဝင်မှုကြီးကြပ်ရေး ဌာနတွင် ထိန်းသိမ်းခံနေရသည်။ သူတို့ကို သတင်းပတ် ၂ ပတ်အတွင်း မြန်မာနိုင်ငံသို့ ပြန်ပို့ရန် ထိုင်းက စီစဉ်နေသည်။

ယခုအခါ အဆိုပါအမှုကို ထိုင်းရှေ့နေများ ကောင်စီသို့ အလုပ်သမားများက တရားဝင် လွှဲအပ်ထားပြီ ဖြစ်ရာ ထိုင်းဥပဒေ အကျိုးဆောင်အဖွဲ့သည် မြန်မာများ၏ နစ်နာမှုအတွက် ဥပဒေအရ ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်သည်။  အမှုကို မနက်ဖြန်တွင် ရနောင်းရှိ တရားရုံးတွင် စတင် ကြားနာတော့မည် ဖြစ်သည်။

မြန်မာများကို နေရပ်ရင်း ပြန်ပို့ရေး ကိစ္စသည် မြန်မာဘက်မှ  ကိုယ်စားလှယ် အဖွဲ့နှင့် ထိုင်းဘက်မှ အာဏာပိုင်များ ရနောင်းမြို့တွင် ဆွေးနွေးအပြီး (၂) ရက်အကြာတွင် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

ပြီးခဲ့သော အင်္ဂါနေ့က ကော့သောင်းခရိုင် တရားသူကြီး၊ ကမ်းရိုးတန်းဒေသ ရဲမှူကြီး၊ နေပြည်တော်မှ စေလွှတ်လိုက်သော ကိုယ်စားလှယ် အဖွဲ့တဖွဲ့ ရနောင်းသို့ ရောက်ရှိလာပြီး ပြန်ပို့ခံရမည့် သူများ၏ လုံခြုံရေး အတွက် အာမခံသွားသည်ဟု သိရသည်။

"ဒီလူတွေကို မြန်မာဘက် အမြန်ဆုံး ပြန်ပို့ပေးဖို့၊ ဒီလူတွေအတွက် ဘာအခက်အခဲမှ မရှိစေရဘူး ဆိုတာကို ထိုင်းအာဏာပိုင်တွေကို အာမခံ သွားတယ်၊ သူတို့ကို ယုံကြည်တယ် ဆိုရင် ထည့်ပေးလိုက်ပါ၊ တကယ်လို့ ထိုင်းတရားရုံးက သက်သေအဖြစ် လိုချင်တယ်ဆိုရင် လာပို့ပေးပါမယ် ဆိုပြီး ကတိပြုသွားတယ်” ဟု မြန်မာအလုပ်သမားများ ကိစ္စကို အကူအညီပေးရန် ရနောင်းသို့ ရောက်နေသော အခြေခံ လူ့အခွင့်အရေး ပညာပေးရေးအဖွဲ့မှ ကိုမောင်ကို က မဇ္ဈိမသို့ ပြောသည်။

အလုပ်သမားများ ကိုယ်တိုင်ကလည်း မြန်မာပြည်ပြန်ရန် ဆန္ဒ ရှိနေကြသည်ဟု ဆိုသည်။

ကိုမောင်ကို က "ဒီလူတွေရဲ့ ဆန္ဒကိုလည်း ကျနော်တို့က တားလို့ မရဘူးလေ၊ သူတို့ စိတ်ကိုက မြန်မာပြည်ကို ပြန်မယ်ဆိုတဲ့ အကြောင်းကိုပဲ ဖြစ်နေကြတာဆိုတော့ ကျနော်တို့ဘက်ကလည်း ကန့်သတ်ချက်တွေ ထုတ်လို့မရဘူး၊" ဟုပြောသည်၊

မြန်မာ ၁၂၁ ဦးသည် သားငါးတင် ကွန်တင်နာကားနှင့် ထိုင်းတောင်ပိုင်းသို့ ခိုးဝင်လာစဉ် ရနောင်းနှင့် ဖူးကက်မြို့ကြားရှိ ရနောင်းခရိုင်  စွတ်ဆမ်ရန်မြို့အနီးတွင် အသက်ရူမွန်းကြပ်ပြီး ထက်ဝက်ခန့် သေဆုံးခဲ့ရခြင်း ဖြစ်သည်။ ယခုအခါ အမှုနှင့် ပတ်သက်သော ကားဒရိုင်ဘာနှင့် ကားပိုင်ရှင်ကို ဖမ်းမိထားသော်လည်း နောက်ကွယ်မှ လူမှောင်ခို ဂိုဏ်းခေါင်းဆောင်များကို ခြေရာခံနိုင်ခြင်း မရှိသေးပါ။

အစောပိုင်းတွင် မြန်မာများကို တရားမ၀င် နိုင်ငံဝင်ရောက်မှု ပုဒ်မဖြင့် အပြစ်ပေးမည့် ထိုင်း၏ အစီအစဉ်ကို လူ့အခွင့်အရေး အဖွဲ့များက ကန့်ကွက်ခဲ့ကြသည်၊  ထို့နောက် ထိုင်းအစိုးရက  မြန်မာများကို အရေးယူမည် မဟုတ်ကြောင်း ဧပြီလ (၁၇) ရက်နေ့က ထုတ်ပြန် ကြေညာခဲ့သည်။

ထိုင်းနိုင်ငံသို့ အလုပ်အကိုင် ရှာဖွေရန် ခရီးတွင် အဖြစ်ဆိုးကြုံခဲ့သော မြန်မာနိုင်ငံသား အများစုသည် မွန်ပြည်နယ် ကျိုက်ထို၊ သထုံ၊ မောင်လမြိုင်၊ ချောင်းဆုံမြို့များမှ လာရောက်ကြသူများ ဖြစ်သည်။

 

သူတို့စကား

"ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရသည် နယ်နိမိတ် ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ ဥပဒေများအတိုင်း ဆောင်ရွက်လျက်ရှိပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ မှားယွင်းစွာ တောင်းဆိုမှုကို လက်ခံနိုင်ခြင်း မရှိသဖြင့် ပယ်ချခဲ့ကြောင်း၊ ထို့ပြင် မိမိတို့နိုင်ငံ၏ အကျိုးစီးပွားကို အပြည်ပြည်ဆိုင်ရာ ဥပဒေများနှင့်အညီ ဆက်လက် ကာကွယ်စောင့်ရှောက်သည့် အနေဖြင့် AD-7 လုပ်ကွက်အတွင်း ဆောင်ရွက်ရန် ရှိသည်တို့ကို ပြီးဆုံးသည်အထိ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်"

နိုဝင်ဘာလ ၇ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ

© Copyright 1998 - 2008 Mizzima News. All Rights Reserved