သတင်း ဒေသန္တရသတင်း မစိုးရိမ်ဆရာတော်ကြီး ဦးကောဝိဒ ပျံလွန်တော်မူ
မစိုးရိမ်ဆရာတော်ကြီး ဦးကောဝိဒ ပျံလွန်တော်မူ Print E-mail
မဇ္ဈိမသတင်းဌာန   
ဗုဒ္ဓဟူးနေ့၊ ဧပြီလ 30 2008 23:25 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ မန္တလေးမြို့ မစိုးရိမ်ကျောင်းတိုက် ဆရာတော်ကြီး ဘဒ္ဒန္တ ကောဝိဒ ဘိဝံသ သည် သက်တော် ၈၁ နှစ် အရွယ်တွင် နှလုံးရောဂါဖြင့် ယမန်နေ့က အမေရိကန်နိုင်ငံတွင် ပျံလွန်တော်မူသွားပြီ ဖြစ်သည်။

ဆရာတော်ကြီးသည် နယူးယောက်မြို့ ဘရွတ်ကင်း ကိုနီအိုင်းလန်း ဆေးရုံတွင်  နေ့လယ် ၁ နာရီ ၇ မိနစ်တွင် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့ခြင်း ဖြစ်သည်။

“နယူးယောက်မြို့မှာ သာသနာ့ အန္တရာယ် ကာကွယ်ဖို့၊ မြန်မာပြည် သံဃာတော်တွေ သာသနာ့အရေး ကာကွယ်ရေး စုဝေးညီညာ ဆောင်ရွက်ဖို့အတွက်  သာသနာမောဠိ အဖွဲ့ချုပ် “ညီမူရာ” သာသနာမောဠိ ခန်းမဖွင့်ပွဲ အခမ်းအနားကို ကြွရောက်လာတာပါ။ တရားချီးမြှင့်ပြီး အပြန်မှာ ဆရာတော်ဟာ သက်တော်ကြီးရင့်ပြီး ကျန်းမာရေး ချို့ယွင်းနေတဲ့အထဲမှာ သာသနာ့ အန္တရာယ်ကို ကာကွယ်ဖို့၊ သံဃာတော်တွေကို စောင့်ရှောက်ဖို့အတွက် အထူး လုံ့လစိုက် ဆောက်ရွက်ခဲ့တဲ့ ဆရာတော်တပါး ဖြစ်ပါတယ်” ဟု နယူးယောက်မြို့တွင် သတင်းသုံးနေသည့် ဦးဇင်းပညာနန္ဒက မဇ္ဈိမကို မိန့်ကြားသည်။

ဆရာတော်ကြီးသည် မန္တလေးမြို့ မစိုးရိမ်ကျောင်းတိုက် ပါဋကနယူပဒေသကျောင်း၊ မစိုးရိမ် ကျောင်းတိုက်ကြီး၏ မဟာနာယက စာချဆရာတော်၊ စိန်ပန်းရပ်၊ ယဉ်ပုံ ပရိယတ္တိ စာသင်တိုက်၏ မဟာနာယက၊ ရှမ်းပြည်နယ် မန်းပြိန်းကျောင်းတိုက်၏ ပဓာန မဟာနာယက၊ တိပိဋက အဘိဓာန် ကျမ်းပြုအဖွဲ့ဝင်၊ မစိုးရိမ် သာသနဇောတိကကျောင်း ပဓာနနာယက၊ သာသနာ့ဥသျှောင် အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များ အဖွဲ့ချုပ်၏ ပဓာနစေရ ဆရာတော်ကြီး ဖြစ်သည်။

သာသနာ့ ဥသျှောင် အဖွဲ့ချုပ်ကြီးကို မစိုးရိမ်ဆရာတော်ကြီး ဦးကောဝိဒသည် ပီနန်ဆရာတော်ကြီး ဦးပညာဝံသနှင့်အတူ ဦးဆောင်ကာ မြန်မာပြည်တွင် ဖြစ်ပေါ်နေသော ဘာသာရေး၊ နိုင်ငံရေး၊ လူမှုရေး၊ အခက်အခဲ အကြပ်အတည်းများကို ဖြေရှင်းနိုင်ရေးအတွက် အမေရိကန် နိုင်ငံတွင် ၂ဝဝ၇ ခုနှစ် အောက်တိုဘာလ ၂၈ ရက်နေ့က စတင်ဖွဲ့စည်းခဲ့ရာ ယခုအချိန်တွင် နိုင်ငံပေါင်း ၁၄ နိုင်ငံ၌ အဖွဲ့ခွဲများ ထူထောင် ဖွဲ့စည်းနိုင်ခဲ့ပြီ ဖြစ်သည်။

သာသနာမောဠိ - သာသနာ့ဥသျှောင် အဖွဲ့ချုပ်ကြီးအတွက် အထူး ဝါယမစိုက်ထုတ်ကာ ဆောင်ရွက်ခဲ့သဖြင့် သက်တော်ကြီး ဝါတော်ကြီးသူ ဆရာတော်ကြီးကို သံဃာတော်များက နာယက ဆရာတော်အဖြစ် သတ်မှတ်ပြီး ဦးဆောင်စေခဲ့သည်။

ပြီးခဲ့သည့်လ ၁၅ ရက်နေ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့ အခမ်းအနားတရပ်ကို နယူးယောက်မြို့ရှိ ကုလသမဂ္ဂ ပလာဇာ ဒုတိယထပ်တွင် ကျင်းပရာ၌ ဆရာတော်ကြီးက “စစ်အစိုးရကို ထောက်ခံရင် ကံကြီးထိုက်မယ်”၊ “နိုင်ငံရေးသမားတွေ ဟန်ဆောင်လေးဖြစ်ဖြစ် ညီညွတ်ကြစမ်းပါ” ဟူ၍ ဟောကြားတော်မူခဲ့သေးသည်။

၁၉၉ဝ ခုနှစ်တွင် ပတ္တနိကုဇ္ဇန သပိတ်မှောက် ကံဆောင်မှုတွင် ဦးဆောင်ပါဝင်ခဲ့ပြီး ရဟန်း သံဃာတော်များအား စစ်အစိုးရက ဖမ်းဆီး အကျဉ်းချသည့် အထဲတွင် ဆရာတော်ကြီးလည်း ပါဝင်သွားကာ ထောင်ဒဏ် ၂၂ လ ကျခံခဲ့ရဖူးသည်။

၂ဝဝ၇ ခုနှစ် စက်တင်ဘာလတွင် နအဖစစ်အစိုးရသည် သံဃာတော်များနှင့် ပြည်သူများအပေါ် အကြမ်းဖက် နှိမ်းနှင်းသည့်အတွက် သာသနာနှင့် သံဃာတော်များကို ကာကွယ် စောင့်ရှောက်ရန် ဘုရားရှင် ချမှတ်တော်မူသည့် သပိတ်မှောက် ကံဆောင်းခြင်းကို ထောက်ခံ အားပေးတော်မူပြီး ကိုယ်တိုင်က ခြိုးခြံနေထိုင်ကာ ရုပ်ပစ္စည်းနှင့် ဝတ္ထုအစုစုကို ပြည်တွင်းရှိ ရဟန်း သံဃာတော်များအရေး အတွက် လှူဒါန်းခဲ့သည့် ဆရာတော်ကြီးလည်း ဖြစ်သည်။ 

မကြာသေးခင်က အမေရိကန် အနောက်ခြမ်း ဆန်ဖရန်စစ္စကို တက္ကသိုလ်က မြန်မာပြည်တွင်းရှိ သံဃာ့ အာဇာနည်များအတွက် ဂုဏ်ပြုချီးမြှင့်သော ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ကို ဆရာတော်ကြီးက ကျန်မာရေး မကောင်းသည့်ကြားမှ ၂ဝဝ၇ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် မြန်မာ သံဃာတော်များကိုယ်စား ကြွရောက်ကာ လက်ခံ ရယူခဲ့သည်။

ဆရာတော်၏ အန္တိမဈာပနကိစ္စများ ဆောက်ရွက်ရန်အတွက် သာသနာမောဠိ ဥက္ကဋ္ဌ ပီနန်ဆရာတော်ကြီး ဦးပညာဝံသနှင့် အတွင်းရေးမှူးဖြစ်သူ ဆရာတော် ဦးဥတ္တရတို့သည် နယူးယောက်မြို့သို့ ကြွရောက်သွားပြီ ဖြစ်သည်။

 

သူတို့စကား

"ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရသည် နယ်နိမိတ် ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ ဥပဒေများအတိုင်း ဆောင်ရွက်လျက်ရှိပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ မှားယွင်းစွာ တောင်းဆိုမှုကို လက်ခံနိုင်ခြင်း မရှိသဖြင့် ပယ်ချခဲ့ကြောင်း၊ ထို့ပြင် မိမိတို့နိုင်ငံ၏ အကျိုးစီးပွားကို အပြည်ပြည်ဆိုင်ရာ ဥပဒေများနှင့်အညီ ဆက်လက် ကာကွယ်စောင့်ရှောက်သည့် အနေဖြင့် AD-7 လုပ်ကွက်အတွင်း ဆောင်ရွက်ရန် ရှိသည်တို့ကို ပြီးဆုံးသည်အထိ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်"

နိုဝင်ဘာလ ၇ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ

© Copyright 1998 - 2008 Mizzima News. All Rights Reserved