သတင်း ဒေသန္တရသတင်း မြန်မာဝန်ကြီးချုပ် ဘန်ကောက်ရောက်ရှိ
မြန်မာဝန်ကြီးချုပ် ဘန်ကောက်ရောက်ရှိ Print E-mail
မဇ္ဈိမသတင်းဌာန   
အင်္ဂါနေ့၊ ဧပြီလ 29 2008 22:50 - မြန်မာစံတော်ချိန်

ချင်းမိုင်။    ။ ဘန်ကောက်သို့ ရောက်ရှိသော နအဖ ၀န်ကြီးချုပ်ကို ယနေ့ ညနေပိုင်းတွင် ထိုင်းဝန်ကြီးချုပ် မစ္စတာစမတ်က သူ၏ နေအိမ်တွင် ကိုယ်တိုင် ချက်ပြုတ်သော ညစာဖြင့် ဧည့်ခံမည် ဖြစ်သည်။

ယခု ခရီးစဉ်အတွင်း ဆန္ဒခံယူပွဲ ကိစ္စ၊ နယ်စပ်ဖြတ်ကျော် မူးယစ်မှောင်ခိုကိစ္စ၊ ရွှေ့ပြောင်း အလုပ်သမားကိစ္စများ ဆွေးနွေးရန် စီစဉ်ထားသည်ဟု ထိုင်းနိုင်ငံခြားရေးဌာနက ကြေညာထားသည်။

ဝန်ကြီးချုပ်နှစ်ဦး၏ တရားဝင် ဆွေးနွေးမှုကို မနက်ဖြန်တွင် ပြုလုပ်မည်ဖြစ်ပြီး ထို့နောက်တွင် ထိုင်းဘုရင် မင်းမြတ်ကို ဂါရ၀ပြုရန် စီစဉ် ထားသည်ဟုလည်း သိရသည်။

မနက်ဖြန် ဆွေးနွေးမှုတွင် ရာဘာစက်ရုံနှင့် ဆီအုန်း စက်ရုံ တည်ဆောက်ရေးအတွက် လက်မှတ်ထိုးကြမည် ဟုလည်း ထိုင်းနိုင်ငံထုတ် နေရှင်း သတင်းစာက ဆိုသည်။

ဗိုလ်ချုပ်သိန်းစိန်၏ ပထမဆုံး ထိုင်းခရီးစဉ်အတွင်း ထားဝယ်ရေနက် ဆိပ်ကမ်း တည်ဆောက်ရေး ကိစ္စကိုလည်း ဆွေးနွေးကြမည်ဟု ထိုင်းဝန်ကြီးချုပ် က ပြောသည်။

ကြာသပတေးနေ့တွင် ရွှေတြိဂံဒေသ အစိတ်အပိုင်းဖြစ်သော မြောက်ပိုင်းရှိ ချင်းရိုင်းခရိုင်ရှိ စိုက်ပျိုးရေး စီမံကိန်းလုပ်ငန်းများကို သွားရောက် လေ့လာဖွယ် ရှိသည်။

ပြီးခဲ့သည့်လက ထိုင်းဝန်ကြီးချုပ်၏ မြန်မာပြည် ခရီးစဉ်တွင် အိမ်နီးချင်း နှစ်နိုင်ငံသည် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကာကွယ်ရေး သဘောတူညီချက် စာချုပ် လက်မှတ်ထိုးခဲ့ကြသည်။

 

သူတို့စကား

"ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရသည် နယ်နိမိတ် ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ ဥပဒေများအတိုင်း ဆောင်ရွက်လျက်ရှိပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ မှားယွင်းစွာ တောင်းဆိုမှုကို လက်ခံနိုင်ခြင်း မရှိသဖြင့် ပယ်ချခဲ့ကြောင်း၊ ထို့ပြင် မိမိတို့နိုင်ငံ၏ အကျိုးစီးပွားကို အပြည်ပြည်ဆိုင်ရာ ဥပဒေများနှင့်အညီ ဆက်လက် ကာကွယ်စောင့်ရှောက်သည့် အနေဖြင့် AD-7 လုပ်ကွက်အတွင်း ဆောင်ရွက်ရန် ရှိသည်တို့ကို ပြီးဆုံးသည်အထိ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်"

နိုဝင်ဘာလ ၇ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ

© Copyright 1998 - 2008 Mizzima News. All Rights Reserved