ကြာသပတေး, ၂၃ မေ ၂၀၁၃

Mizzima Burmese

Home > သတင်း > ဒေသန္တရသတင်း > MOU စာချုပ်ဖြင့် လာခဲ့သည့် မြန်မာအလုပ်သမားများ ပွဲစားအလိမ်ခံရ

MOU စာချုပ်ဖြင့် လာခဲ့သည့် မြန်မာအလုပ်သမားများ ပွဲစားအလိမ်ခံရ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

စံခလပူရီ (မဇ္ဈိမ) ။       ။ မြန်မာ အလုပ်သမား ၅၀ ဦးတို့အား ထိုင်းနိုင်ငံ၌ တကယ် မရှိသည့် ဆောက်လုပ်ရေး ကုမ္ပဏီတခုတွင် အလုပ်သွင်းပေးမည်ဟု ပွဲစားမှ ပြောဆိုပြီး ခေါ်ဆောင်ခဲ့ကြောင်း ထိုင်းတောင်ပိုင်း အခြေစိုက် Grass Roots Human Rights Education & Development (GRHRED) အဖွဲ့မှ ဒါရိုက်တာ ဦးထူးချစ် က မဇ္ဈိမကို ပြောသည်။

“ထိုင်းတောင်ပိုင်း ဖူးကက်မြို့မှာ ရှိတဲ့ ဆောက်လုပ်ရေး ကုမ္ပဏီတခုမှာ အလုပ်လုပ်ဖို့ အလုပ်သွင်းပေးမယ် ပြောပြီး
ခေါ်လာတာ။ ဒီရောက်တော့ အဲဒီကုမ္ပဏီမှ တကယ် မရှိဘူး။ သူတို့က လူကုန်ကူးမှု ဘာညာ ဖြစ်မှာစိုးပြီး ကျနော်တို့ဆီ ကို လာတိုင်ထားတယ်” ဟု ဆိုသည်။

အဆိုပါ အလုပ်သမား ၅၀ ဦးမှာ မဲဆောက်မြို့မှတဆင့် အေးဂျင့် ဦးအောင်နိုင်စိုး က ပွဲစားတဦးဖြင့် ထည့်ပေးလိုက်ခြင်း
ဖြစ်သည်။

ဖူးကက်ရှိ ဆောက်လုပ်ရေး ကုမ္ပဏီတခုမှ အလုပ်သမား အယောက် ၅၀ လုံးအား ခေါ်ဆိုမည်ဟု အလုပ်သမားများနှင့်
အေးဂျင့်တို့အကြား မြဝတီမြို့၌ သဘောတူ စာချုပ် ချုပ်ဆိုခဲ့ကြပြီး ဖြစ်သည်ဟု အလုပ်သမားများက ဆိုသည်။

အဆိုပါ အလုပ်သမားများမှာ မန္တလေးတိုင်း ရမည်းသင်းမြို့၊ တောင်တွင်းကြီးမြို့နှင့် ဧရာဝတီတိုင်း မြန်အောင်မြို့တို့မှ
ဖြစ်ကြောင်း သိရသည်။

မြဝတီမြို့မှတဆင့် ဖူးကက် မြို့သို့ ရောက်ပြီး အလုပ်သွင်းပေး အပြီးအစီးအထိ ထိုင်းဘတ်ငွေ ၁၂,၀၀၀ ဖြင့် လုပ်ဆောင်ပေးမည်ဟု ပွဲစားမှတဆင့် သဘောတူ ပြောဆိုခဲ့သော်လည်း ဖန်ငါခရိုင်၊ တကူယ်ပါသို့ အရောက်၌ အလုပ်လုပ်ခွင့် လက်မှတ် (Work-Permit) ကြေးဟု ဆိုကာ နောက်ထပ် ထိုင်းဘတ်ငွေ ၈,၀၀၀ ကို အလုပ်သမား တဦးချင်းစီထံမှ ထပ်တောင်းခဲ့သည်။

“၁၂,၀၀၀ ဘတ်နဲ့ အပြီးစီး လုပ်ပေးမယ် ပြောပြီးတော့၊ ဒီရောက်မှ ဟိုကြေး ဒီကြေး ထပ်တောင်းတယ်။ အခု ကျနော်တို့ ရထားတာက ခရီးသွားလာခွင့် လက်မှတ်ပဲ ရှိသေးတယ်။ အလုပ်လုပ်ခွင့် လက်မှတ် မဟုတ်ဘူး။ ထိုင်းရဲက ဖမ်းမယ် ဘာညာ အဲလို ပွဲစားက ခြိမ်းခြောက်တယ်။ ကျနော်တို့ သူ့ကို မယုံတော့ဘူး။ အဲဒါကြောင့် ကယ်ဆယ်ရေး စခန်းကို ဖုန်းဆက် အကြောင်းကြားခဲ့တာပါ ” ဟု ကာယကံရှင် အလုပ်သမားတဦး ဖြစ်သူ ကိုညွှန့်မြိုင် က မဇ္ဈိမကို ပြောသည်။

“သူဌေးတယောက်ကို ငါးယောက်ယူ၊ ဆယ်ယောက်ယူ ဆိုပြီး ဖန်ငါခရိုင်၊ တကူယ်ပါ မြို့နယ်က ဆီဆိုင်တခုမှာ မြန်မာ အလုပ်သမား ၅၀ လောက် ပြဿနာ တက်နေတယ်လို့ ကြားလို့ ကျနော်တို့ သွားကြည့်တယ်။ ဟိုရောက်တော့ ပွဲစားတွေနဲ့ စကားပြောတယ်။ သူတို့ပြောတဲ့ ဖူးကက်က ဆောက်လုပ်ရေး ကုမ္ပဏီဆိုတာ အကြွှေးတွေနဲ့ ဒုက္ခရောက်လို့ ဖျက်လိုက်ပြီ။ ပွဲစားတွေက သူတို့က ခေါ်လာဖို့ပဲ တာဝန်ရှိတယ်။ ပြန်ပို့ပေးဖို့ တာဝန် မရှိဘူးလို့ ပြောတယ်။ ကျနော်တို့ မရောက်ခင် ၁၅ ယောက်လောက် တခြား အလုပ်ရှင် တယောက်ဆီ ပါသွားတယ်” ဟု GRHRED မှတ်တမ်းဌာန တာဝန်ခံ ကိုထွန်းထွန်းနိုင် က မဇ္ဈိမကို ပြောသည်။

ဆက်သွားလိုသူ ၁၅ ဦးမှာ ပွဲစားဖြင့် ဆက်လက် လိုက်ပါသွားကြပြီး မသွားလိုတော့သူ ကျန် ၃၅ ဦးမှာ လူ့အခွင့်အရေး ကူညီ စောင့်ရှောက်ပေးရေး အဖွဲ့က ယာယီ နေရာချထားပြီး အကူအညီပေးနေသည်။ ၎င်းတို့တွင် အသက် ၂၀ မှ ၄၅ ကြား ကျား ၃၃ ဦးနှင့် မ ၂ ဦး ပါဝင်သည်။

အလုပ်သမားများမှာ ပွဲစားအား ယုံကြည်မှု မရှိ၍ နောက်ကြောင်း ပြန်လှည့်လိုကြောင်း မြဝတီမြို့ရှိ အေ့ဂျင့်အား ပြောဆို ထားသော်လည်း ယနေ့ညနေ အထိ တစုံတရာ အကြောင်းမပြန်သေးကြောင်း အလုပ်သမားများက ပြောသည်။

ဇူလိုင်လ ၇ ရက်နေ့ကလည်း ဤအလားတူ MOU ဖြင့် ဝင်ရောက်လာသည့် အလုပ်သမား ၁၃ ဦးအား စာချုပ်ပါအတိုင်း ကျသင့်ငွေများ ဖြတ်တောက်ပြီး မိမိတို့၏ ယာယီ နိုင်ငံကူးလက်မှတ် မထုတ်ပေးသဖြင့် မိမိတို့ထံ တိုင်ကြားမှု ရှိခဲ့သေး
ကြောင်း သိရှိရသည်။



 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 135 guests online