သတင်း ဒေသန္တရသတင်း မလေးရှားရောက် ဒုက္ခသည်များက စခန်းကို မီးရှို့ဖျက်ဆီး
မလေးရှားရောက် ဒုက္ခသည်များက စခန်းကို မီးရှို့ဖျက်ဆီး Print E-mail
မောင်ဒီး   
အင်္ဂါနေ့၊ ဧပြီလ 22 2008 21:18 - မြန်မာစံတော်ချိန်

နယူးဒေလီ။    ။ တတိယနိုင်ငံ အခြေချခွင့် မပေးသဖြင့် မလေးရှားရောက် မြန်မာဒုက္ခသည် ၇၂ ဦးက ကွာလာလမ်ပူမြို့ပြင်ရှိ ထိန်းသိမ်းရေးစခန်းကို ယမန်နေ့က မီးရှို့ ဖျက်ဆီးခဲ့ကြသည်။

ဖမ်းဆီး ထိန်းသိမ်းခံနေရသူ ဒုက္ခသည် ၇၂ ဦးက ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) မှ သူတို့ကို တတိယနိုင်ငံသို့ အခြေချခွင့် မပေးတော့ကြောင်း ပြောဆိုခဲ့သည့်အပေါ်  မကျေမနပ်ဖြစ်ကာ ယမန်နေ့က ထိန်းသိမ်းရေးစခန်းကို မီးရှို့ ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။

"ကွာလာလမ်ပူမြို့ အပြင်က Lenggeng စခန်းက ဒုက္ခသည်တွေပေါ့။ အဓိက UNHCR က Resettlement (တတိယနိုင်ငံ အခြေချရေး အစီအစဉ်) မစီစဉ် ပေးနိုင်ဘူး ဆိုလို့ စိတ်တိုပြီး မီးရှို့တာ" ဟု မလေးရှားရောက် မြန်မာဒုက္ခသည်တဦးက မဇ္ဈိမကို ပြောသည်။

မြန်မာ ဒုက္ခသည်များက ရုံးခန်းအတွင်းရှိ ပရိဘောဂများကို မီးရှို့ ဖျက်ဆီးခဲ့ရာ မလေးရှားရဲ ၂ဝဝ ခန့်က စခန်းအတွင်း ဝင်ရောက်ကာ အခြေအနေကို ပြန်ထိန်းခဲ့ရသည်။

မလေးရှား အစိုးရက နိုင်ငံခြားသား အလုပ်သမား ၂ သိန်း လျှော့ချမည်ဟု ယခင်လက တရားဝင် ထုတ်ဖော်ပြောဆိုပြီးနောက် အစိုးရ ကျောထောက်နောက်ခံ ပေးထားသည့် ရယ်လာအဖွဲ့က တရားမဝင် နိုင်ငံခြားသား အလုပ်သမားများအား အဓိကထားကာ တရစပ် ဖမ်းဆီးနေသည်။

ကွာလာလမ်ပူမြို့ပြင်တွင် စခန်းဖွဲ့ စုရုံးနေထိုင်ပြီး UNHCR ၏ ကူညီစောင့်ရှောက်မှုကို မျှော်လင့်နေကြသည့် မြန်မာနိုင်ငံသား ဒုက္ခသည်များ၏ စခန်းငယ်လေးများကိုလည်း ရယ်လာအဖွဲ့က ယခုရက်ပိုင်းအတွင်း မီးရှို့ ဖျက်ဆီးခြင်း၊ ဖမ်းဆီးခြင်းများ လုပ်ဆောင်နေသည်။ 

"သူတို့တွေက ဒီနား ဒီနားမှာ လာနေတယ်ဆိုတာကို သိပြီဆိုရင် လာဖျက်ဆီးတယ်။ တဲတွေကို မီးရှို့တယ်။ ဒုက္ခသည်တွေကို ဖမ်းတယ်" ဟု မြန်မာဒုက္ခသည်က ပြောသည်။

မလေးရှားနိုင်ငံတွင် တရားဝင်၊ တရားမဝင် မြန်မာအလုပ်သမားများနှင့် ဒုက္ခသည်ပေါင်း ၄ သိန်းကျော် ရှိသည့်အနက် အဆိုပါ ၇၂ ဦးသည် ဒုက္ခသည်လက်မှတ် ကိုင်ဆောင်ထားသူများ ဖြစ်လင့်ကစား ရယ်လာ၏ ဝင်ရောက်စီးနင်းမှုအတွင်း ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

"သူတို့တွေ (ရယ်လာအဖွဲ့) က ဘာ့လို့ဖမ်းလဲဆိုရင် လူတယောက် ဖမ်းမိရင် ရင်းဂစ် ၅ဝ နဲ့ ၈ဝ ကြား လဝက က ပေးတယ်ဆိုတော့ ထင်တိုင်းကြဲ ဖမ်းနေတော့တာ" ဟု မြန်မာဒုက္ခသည်က ပြောသည်။

ကွာလာလမ်ပူမြို့တွင် ထိန်းသိမ်းရေးစခန်း ၅ ခု ရှိပြီး စခန်းတခုလျှင် အဆောင် ၅ ဆောင်ရှိကာ တဆောင်လျှင် လူဦးရေ ၃ဝဝ မှ ၆ဝဝ အကြား ထိန်းသိမ်းထားနိုင်သည်။

 

သူတို့စကား

"ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရသည် နယ်နိမိတ် ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ ဥပဒေများအတိုင်း ဆောင်ရွက်လျက်ရှိပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ မှားယွင်းစွာ တောင်းဆိုမှုကို လက်ခံနိုင်ခြင်း မရှိသဖြင့် ပယ်ချခဲ့ကြောင်း၊ ထို့ပြင် မိမိတို့နိုင်ငံ၏ အကျိုးစီးပွားကို အပြည်ပြည်ဆိုင်ရာ ဥပဒေများနှင့်အညီ ဆက်လက် ကာကွယ်စောင့်ရှောက်သည့် အနေဖြင့် AD-7 လုပ်ကွက်အတွင်း ဆောင်ရွက်ရန် ရှိသည်တို့ကို ပြီးဆုံးသည်အထိ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်"

နိုဝင်ဘာလ ၇ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ

© Copyright 1998 - 2008 Mizzima News. All Rights Reserved