သတင်း ဒေသန္တရသတင်း ထိုင်းနိုင်ငံရှိ မြန်မာသံရုံးတွင် ယနေ့မှစ၍ မဲပေးနိုင်ပြီ
ထိုင်းနိုင်ငံရှိ မြန်မာသံရုံးတွင် ယနေ့မှစ၍ မဲပေးနိုင်ပြီ Print E-mail
မဇ္ဈိမသတင်းဌာန   
အင်္ဂါနေ့၊ ဧပြီလ 22 2008 16:52 - မြန်မာစံတော်ချိန်

ချင်းမိုင်။    ။ စစ်အစိုးရ ရေးဆွဲထားသည့် အခြေခံ ဥပဒေမူကြမ်းအပေါ် ဆန္ဒမဲပေးလိုသူ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအတွက် ဗန်ကောက်မြို့ရှိ မြန်မာသံရုံးတွင် ယနေ့မှစ၍ မဲပေးနိုင်သည်။

နိုင်ငံကူးလက်မှတ်ဖြင့် လာရောက်နေထိုင်သူများသာ အကျုံးဝင်သော မဲပေးခွင့်အတွက် ဧပြီ  ၂၂ ရက်နေ့မှ စ၍ ဧပြီလ ၂၇ ရက်နေ့အထိဖြစ်၍ မနက် ၆ နာရီမှ ညနေ ၄ နာရီ အထိ မဲပေးနိုင်သည်။

မဲပေးလိုသူ မြန်မာနိုင်ငံသားများသည် နိုင်ငံကူးလက်မှတ်၊ မှတ်ပုံတင်တို့ကို ယူဆောင်လာရမည် ဖြစ်ပြီး ထိုင်းနိုင်ငံ တနိုင်ငံလုံးအတွက် မဲပေးရာနေရာကို ဗန်ကောက်မြို့ရှိ မြန်မာသံရုံးတွင်သာ သတ်မှတ်ထားသေးကြောင်း သရုံးဝန်ထမ်းတဦးက ပြောပြသည်။

"သံရုံးရှေ့က ဂိတ်မှာ ၀န်ထမ်းတွေ စောင့်နေတယ်။ သူတို့က မဲလာပေးတဲ့သူကို ရှင်းပြပေးလိမ့်မယ်" ဟု သူမက ပြောပြသည်။

မြန်မာပြည်တွင်းတွင် မေလ ၁၀ ရက်နေ့ ကျင်းပမည့် ဆန္ဒခံယူပွဲမတိုင်မီ ပြည်ပရှိ မြန်မာနိုင်ငံသားများထံမှ ဆန္ဒကောက်ခံမှု ကြိုတင်ပြုလုပ်နေခြင်း ဖြစ်ပြီး ကန့်ကွက်မဲထည့်ရန် လှုံ့ဆော်မှုများလည်း အားကောင်းနေသည်။

သံရုံးသို့သွားရောက် မဲပေးခဲ့သူတဦးက " ဒီနေ့မဲလာပေးတာက သိပ်မများသေးဘူး။ ဂိတ်မှာ သူတို့က ပစ္စည်းတွေ စစ်တယ်။ ပတ်စ်ပို့ ပြရတယ်။ အိတ်တွေ ထားခဲ့ရတယ်။ အထဲရောက်တော့ ကျနော်တို့ နာမည်တွေ၊ မှတ်ပုံတင် နံပါတ်တွေကို စာရင်းလုပ်ထားပြီးသား။ ကျနော်တို့ကို မှတ်ပုံတင် နံပါတ်ပြောခိုင်းပြီး စစ်ပြီးတော့ မဲပေးတဲ့ စာရွက်နဲ့ စာအိတ်တစ်အိတ် ပေးတယ်။ အဲဒီနားမှာက လူ ၃ ယောက် စောင့်နေတယ်။ ကျနော်တို့ မဲလာပေးကြောင်း အဖြစ် စာရွက်တစ်ပိုင်းကို ပြန်ယူထားတယ်။ ပြီးတော့ မဲပုံးက ကန့်လန့်ကာ ကာထားတဲ့ အခန်းထဲမှာ အဲဒီမှာ ဘောလ်ပင်၊ ကော် စတာတွေ ထားထားပေးတယ်။ အဲဒီ အခန်းထဲမှာ စာရွက်ပေါ်မှာ ကန့်ကွက်တယ်၊ ထောက်ခံတယ်ဆိုတာ ကို ခြစ်ပြီးရင် စာအိတ်ထဲထည့် ကော်ပိတ်ပြီး ပုံးထဲ ထည့်ရတယ် " ဟု မဇ္စျိမသို့ ပြောသည်။

ဂျပန်နိုင်ငံရှိ မြန်မာသံရုံးတွင်မူ ဧပြီ ၂၆ နှင့် ၂၇ ရက်နေ့ များတွင် နံနက် ၈း၃၀ မှ ညနေ ၆း၃၀ အထိ မဲပေးခွင့် ပြုထားသည်။

" ကျနော်တို့က အကြောင်းကြားစာတွေတော့ အားလုံးကို ပို့ထားတာပဲ။ ဘယ်နှစ်ယောက်လောက် လာမယ်ဆိုတာတော့ ပြောလို့မရဘူး " ဟု ဂျပန်ရှိ မြန်မာသံရုံးမှ ၀န်ထမ်းတဦးက မဇ္စျိမသို့ ပြောသည်။

စင်ကာပူ မြန်မာသံရုံးတွင် မဲပေးခြင်းကို ဧပြီ ၂၅ မှ ၂၇ အထိ နံနက် ၉ နာရီမှ ညနေ ၅ နာရီအတွင်း ပြုလုပ်မည် ဖြစ်သည်။ 

စင်ကာပူရှိ မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားသူများမှ ၂၇ ရက်နေ့တွင် မဲလာပေးကြသူများအား ကန့်ကွက်မဲထည့်ရန် NO တံဆိပ် ရိုက်နှိပ်ထားသော တီရှပ်များ၊ ဦးထုပ်များကို ဝေမည်ဖြစ်သည်ဟု တက်ကြွလှုပ်ရှားသူတဦးက ပြောကြားသည်။

"တီရှပ်က အထည် ၇၅၀၊ ဦးထုပ်က အလုံး ၁၀၀၀။ ရေသန့်လှူတဲ့ သူလည်း ရှိတယ်။ ပြီးတော့ ဆရာဝန်တွေ၊ သူနာပြုတွေကလဲ လာကူကြမယ်။ ကျန်းမာရေးအတွက် အရေးပေါ် သုနာတင်ယာဉ်ပါလိမ့်မယ်။ အဓိကကတော့ ကျနော်တို့က ကန့်ကွက်ကြမယ် ဆိုတဲ့ မက်ဆေ့ခ်ျကို ရသွားစေချင်တာပါ" ဟု သူကပြောသည်။

မြန်မာနိုင်ငံမှ ပြည်ပတွင် သွားရောက် အလုပ်လုပ်ကိုင်နေသူများ၊ ကျောင်းတက်နေသော ကျောင်းသားများမှ စစ်အစိုးရ၏ အခြေခံ ဥပဒေအပေါ် ကန့်ကွက်မဲ၊ ထောက်ခံမဲများ ပေးနိုင်ရန်အတွက် သံရုံးများတွင် စီစဉ်ပေးထားခြင်း ဖြစ်သည်။ 

ထိုင်း၊ မလေးရှား၊ စင်ကာပူနှင့် ဂျပန်နိုင်ငံတို့မှာ မြန်မာ အများစုတို့ သွားရောက် အလုပ်လုပ်ကိုင်နေကြသော တိုင်းပြည်များ ဖြစ်သည်။

 

သူတို့စကား

"ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရသည် နယ်နိမိတ် ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ ဥပဒေများအတိုင်း ဆောင်ရွက်လျက်ရှိပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ မှားယွင်းစွာ တောင်းဆိုမှုကို လက်ခံနိုင်ခြင်း မရှိသဖြင့် ပယ်ချခဲ့ကြောင်း၊ ထို့ပြင် မိမိတို့နိုင်ငံ၏ အကျိုးစီးပွားကို အပြည်ပြည်ဆိုင်ရာ ဥပဒေများနှင့်အညီ ဆက်လက် ကာကွယ်စောင့်ရှောက်သည့် အနေဖြင့် AD-7 လုပ်ကွက်အတွင်း ဆောင်ရွက်ရန် ရှိသည်တို့ကို ပြီးဆုံးသည်အထိ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်"

နိုဝင်ဘာလ ၇ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ

© Copyright 1998 - 2008 Mizzima News. All Rights Reserved