စနေ, ၂၅ မေ ၂၀၁၃

Mizzima Burmese

Home > သတင်း > ဒေသန္တရသတင်း > အစိုးရနှင့် KIO ထပ်မံတွေ့ဆုံ၊ ကွဲလွဲချက်များ ညှိရဦးမည်

အစိုးရနှင့် KIO ထပ်မံတွေ့ဆုံ၊ ကွဲလွဲချက်များ ညှိရဦးမည်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင်(မဇ္စျိမ) ။        ။ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နှင့် အစိုးရအကြား ကြာသပတေးနေ့ တရုတ်နိုင်ငံ
ရွှေလီမြို့တွင် တွေ့ဆုံ ဆွေးနွေးမှု ပြန်လည် စတင်နိုင်ခဲ့သော်လည်း အစိုးရ၏ ငြိမ်းချမ်းရေး ဖော်ဆောင်မည့် လမ်းစဉ်မှာ ၎င်းတို့လမ်းစဉ်နှင့် ကွဲလွဲနေကြောင်း KIO က ပြောဆိုလိုက်သည်။

“သမ္မတ ဦးသိန်းစိန်ပြောတာက အားလုံး လွှတ်တော်ထဲကနေပဲ ကိုယ်စားလှယ်အနေနဲ့ အဆုံးသတ်မယ် ဆိုတာမျိုး
ပြောထားတယ်။ ဒါက တိုင်းရင်းသားတွေ လိုချင်တဲ့သဘောနဲ့ ဆန့်ကျင်ဘက် လမ်းကြောင်း ဖြစ်နေတယ်”ဟု KIO ပြောရေးဆိုခွင့်ရသူ ဦးလနန်က မဇ္ဈိမသို့ ပြောသည်။

သမ္မတ ဦးသိန်းစိန် ၏ ထာဝရငြိမ်းချမ်းရေး အဆင့်သုံးဆင့်နှင့် KIO ၏ အဆင့်သုံးဆင့် ကွဲလွဲနေခြင်းကို ရည်ညွှန်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။

သမ္မတ ဦးသိန်းစိန် က ထာဝရ ငြိမ်းချမ်းရေးအတွက် အဆင့်သုံးဆင့် ချမှတ်ထားရာတွင် ပြည်နယ်အဆင့် အပစ်အခတ်ရပ်ဆိုင်းပြီးနောက် နိုင်ငံရေးပါတီများ ထူထောင်ပြီး လွှတ်တော်ထဲ ဝင်ရောက်၍ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်သွားရန် ဖြစ်သော်လည်း KIO ကမူ ငြိမ်းချမ်းရေး ဆွေးနွေးမှုအတွက် သီးခြား အဆင့်သုံးဆင့် အဆိုပြုချက်တခု ချမှတ်ထားပြီး ၎င်းအတိုင်း ဆက်လက်ဆွေးနွေးသွားမည်ဟု KIO ဒု စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်က ပြောသည်။

“ကျနော်တို့ ဇန်နဝါရီလမှာ တင်ပြထားတဲ့ proposal ရှိပါတယ်။ အဲဒီအပေါ်မှာပဲ ကျနော်တို့ထပ်ပြီး ဆွေးနွေးဖို့
ပြင်ဆင်ထားတာပါ”ဟု ပြောသည်။

KIO ၏ ဇန်နဝါရီ အဆိုပြုချက်အရ နိုင်ငံရေး ဆွေးနွေးမှုများအားလုံး၏ ပဏာမ ဆွေးနွေးမှုတွင် နှစ်ဖက် တပ်စခန်း များကိစ္စ သဘောတူညီသည်အထိ ဆွေးနွေးသွားမည်။ ထို့နောက် တိုင်းရင်းသား ခေါင်းဆောင်အားလုံးနှင့် အစိုးရတို့ ပင်လုံညီလာခံကဲ့သို့ ညီလာခံတရပ် ခေါ်ယူဆွေးနွေးပြီး သဘောတူညီချက်တခု အတည်ပြု ချမှတ်ရန်ဖြစ်သည်။ ထိုသဘောတူညီချက်များအား အစိုးရနှင့် ပညာရှင်များ၊ တိုင်းရင်းသားခေါင်းဆောင်များက အကောင်အထည်ဖော်ရန်
ဖြစ်ကြောင်း ပါရှိသည်။

ကြာသပတေးနေက တရုတ်နိုင်ငံ ရွှေလီမြို့တွင် Jing Chent ဟိုတယ်၌ နေ့လည် ၁၂း၄၅ နာရီမှ ညနေ ၄းဝဝ နာရီထိ နှစ်ဘက် တွေ့ဆုံ ဆွေးနွေးခဲ့သော်လည်း ဆုံးဖြတ်ချက် တစုံတရာ မချနိုင်သေးဘဲ သောကြာနေ့ နံနက် ၉ နာရီတွင် ဆက်လက် ဆွေးနွေးကြမည် ဖြစ်ကြောင်း ဗိုလ်မှူးချုပ် ဂွမ်မော် က ပြောသည်။

ယခုတွေ့ဆုံဆွေးနွေးမှုမှာ ပြီးခဲ့သည့်ဇန်နဝါရီလအတွင်းက နှစ်ဘက်တွေ့ဆုံရာတွင် KIO ဘက်က တောင်းဆိုခဲ့သည့် အချက်သုံးချက်အပေါ် မူတည်၍ ဆွေးနွေးခဲ့ခြင်းဖြစ်ပြီး အစိုးရဘက်မှ ဦးအောင်သောင်းနှင့် ဦးသိန်းဇော် အပါအဝင်
ပြည်ထောင်စု ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နှင့် KIO ပညာရေးတာဝန်ခံ ဦးဆွမ်းလွတ်ဂမ် ဦးဆောင်သည့် ၆ ဦးပါ ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံကြခြင်း ဖြစ်သည်။

ငြိမ်းချမ်းရေး ဆွေးနွေးမည့်ရက် မတိုင်မီတရက်အလို ဗုဒ္ဓဟူးနေ့အထိ က KIO ၏ တပ်မဟာ (၂) လက်အောက်ခံ တပ်ရင်း (၅) နယ်မြေအတွင်း အစိုးရ၏ တပ်ဖွဲ့များ ထိုးစစ်ဆင်များမှု ရှိနေသည်ဟုလည်း ဦးလနန်က ပြောသည်။

KIO နှင့် ယခင်စစ်အစိုးရအကြား ၁၉၉၄ ခုနှစ်မှ စတင်၍ အပစ်အခတ် ရပ်စဲခဲ့သော်လည်း ၂ဝ၁၁ ဇွန်လမှစ၍ တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်။



 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 65 guests online