ဗုဒ္ဓဟူး, ၂၃ မေ ၂၀၁၂

Mizzima Burmese

Home > သတင်း > ဒေသန္တရသတင်း > ပြည်တော်ပြန်ဖို့ ဦးအောင်မင်း ဖိတ်ခေါ်

ပြည်တော်ပြန်ဖို့ ဦးအောင်မင်း ဖိတ်ခေါ်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင် (မဇ္ဈိမ)။        ။ ပြန်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြည်ပမှ နိုင်ငံရေး လှုပ်ရှားသူများကို ပြည်တွင်း
ပြန်လာ၍ နိုင်ငံအတွက် အလုပ်လုပ်ကြရန် တနင်္လာနေ့က ဖိတ်ခေါ်လိုက်သည်။

ထိုင်းအခြေစိုက် နိုင်ငံရေးအဖွဲ့အစည်း ၇ ဖွဲ့ဖြင့် ပေါင်းစည်းထားသည့် မြန်မာနိုင်ငံ ဒီမိုကရက်တစ်အင်အားစု FDB နှင့် ဦးအောင်မင်း ဦးဆောင်သည့် ငြိမ်းချမ်းရေးအဖွဲ့တို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် တွေ့ဆုံစဉ် ပြောကြားခြင်းဖြစ်သည်ဟု FDB ၏ အတွင်းရေးမှူးချုပ် ဒေါက်တာနိုင်အောင်က မဇ္ဈိမကို ပြောသည်။

"အပြင်မှာ ရောက်နေတဲ့လူတွေ တိုင်းပြည်မှာ ဒီမိုကရေစီ လမ်းကြောင်းလည်း ရောက်နေပြီ၊ နိုင်ငံရေး ပွင့်လင်းမှုလည်း ရှိနေပြီ အဲဒီတော့ ပြည်တွင်းထဲမှာ ပြန်ပြီးတော့ ပူးပေါင်းဆောင်ရွက်ကြဖို့၊ သမ္မတကြီးလည်း ဖိတ်ခေါ်ထားတယ်ပေါ့။
ပြန်ပြီးလုပ်ကြဖို့ ပြောတယ်" ဟု ဒေါက်တာနိုင်အောင်က ပြောသည်။
uaungmin
ထိုသို့ ဖိတ်ခေါ်သော်လည်း ပြည်တွင်းငြိမ်းချမ်းရေသည်သာ အဓိကကျပြီး ထိုအခြေအနေမျိုးကို အစိုးရအနေဖြင့် ပထမဆုံး ဖန်တီးပေးသင့်ကြောင်း ဦးအောင်မင်း ခေါင်းဆောင်သည့် ငြိမ်းချမ်းရေးအဖွဲ့သို့ တိုက်တွန်းခဲ့သည်ဟု
ဒေါက်တာအောင်နိုင်က ဆက်ပြောသည်။

"အပြင်မှာ ရောက်နေတဲ့သူတွေကော၊ တောထဲမှာ ရောက်နေတဲ့သူတွေကော ပြည်တွင်းထဲကလူတွေကော စိတ်ချမ်းသာ ကြည်ကြည်နူးနူးနဲ့ နေနိုင်မယ့် အခြခံအုတ်မြစ်တွေကို ချဖို့လိုတယ်။ အဲဒါတွေ ရှိပြီဆိုရင် ဘယ်သူမှလည်း လက်နက်ကိုင် တိုက်မနေတော့ဘူး။ အဲဒါမျိုးဖြစ်ဖို့ အဓိက ကျတယ်ပေါ့။ အဲဒါမျိုး ဆောင်ရွက်စေချင်တယ်"
ဒေါက်တာနိုင်အောင်က မဇ္ဈိမကို ပြောသည်။

ထို့ပြင် တိုင်းရင်းသားဒေသများတွင် ထိုးစစ်ရပ်ပေးရန်၊ လူ့အခွင့်အရေး ချိုးဖေါက်မှုများ ရပ်ပေးရန်နှင့် ကျန်ရှိနေသေး သည့် နိုင်ငံရေး အကျဉ်းသားများ ထပ်မံလွှတ်ပေးရန် FDB က တင်ပြတောင်းဆိုခဲ့သည်ဟုလည်း သိရသည်။

နိုင်ငံရေးအကျဉ်းသားများ စောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) ၏ ဖေဖေါ်ဝါရီလ ၄ ရက်နေ့ အတည်ပြုပြီး စာရင်းအရ လက်ရှိ နိုင်ငံရေးအကျဉ်းသားပေါင်း ၄၁၅ ယောက်ရှိသည်။

အထက်ပါ နိုင်ငံရေးအကျဉ်းသားများ အရေးနှင့် ပတ်သက်၍ ငြိမ်းချမ်းရေး ဆွေးနွေးမှုများ အပေါ်တွင် တည်မှီနေ
ကြောင်းကို "သူတို့ ပြောတာကတော့ အထူးသဖြင့် မတရားသင်းနဲ့ ပတ်သက်တဲ့ လူတွေဆိုလို့ရှိရင် အပစ်အခတ် ရပ်စဲရေးတွေ အောင်မြင်တာနဲ့အမျှ မတရားသင်းတွေ ပျက်ပြယ်သွားလို့ရှိရင် မတရားသင်းအမှုနဲ့ လွတ်သွားမှာပဲပေါ့" ဟု ဦးအောင်မင်းက ပြောကြောင်း ဒေါက်တာနိုင်အောင်က မဇ္ဈိမကို ပြန်လည်ပြောပြသည်။

FDB ၏ တင်ပြတောင်းဆိုချက်များကို ဦးအောင်မင်း က ဦးသိန်းစိန် အစိုးရထံသို့ ပြန်လည်တင်ပြပေးမည်ဖြစ်ပြီး ကတိကဝတ်များ သဘောတူညီချက်များ မရရှိသေးဟုလည်း သိရသည်။ နောက်ထပ်တွေ့ဆုံမှုကို ကြားဖြတ်
ရွေးကောက်ပွဲ ပြီးမှသာ ဖြစ်နိုင်သည်ဟု FDB အဖွဲ့ဝင်များက ခန့်မှန်းထားသည်။

တနင်္လာနေ့ FDB နှင့် ဆွေးနွေးပွဲတွင် ဦးအောင်မင်း အပါအဝင် ငြိမ်းချမ်းရေး အကျိုးဆောင် ဦးလှမောင်ရွှေ၊ ဦးတင်မောင်သန်း တို့လည်း ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည်ဟု သိရသည်။ FDB အဖွဲ့မှလည်း ဒေါက်တာနိုင်အောင်၊ မခင်ဥမ္မာ၊ မနိုးနိုးထက်စံ၊ ကိုသွင်လင်းအောင်၊ ကိုမင်းနိုင် တို့ တက်ရောက်ခဲ့ကြသည်။

FDB ၏ အဖွဲ့ဝင်များတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ဗကသများ အဖွဲ့ချုပ်(နိုင်ငံခြားရေးရာကော်မတီ)၊ မြန်မာ့အမျိုးသမီး သမဂ္ဂ (BWU)၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ (DPNS)၊ ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေး အင်အားစု NDD၊ People’s Defence Force (PDF)၊ ရောင်ခြည်ဦး အလုပ်သမားအဖွဲ့ (YCOWA) တို့ ပါဝင်သည်။

ဦးအောင်မင်းသည် ပြည်ပအခြေစိုက် မြန်မာသတင်းမီဒီယာများဖြစ်သည့် ဒီမိုကရက်တစ် မြန်မာ့အသံ (ဒီဗွီဘီ)၊ မဇ္ဈိမသတင်းဌာန နှင့် ဧရာဝတီသတင်းဌာန တို့မှ တာဝန်ရှိသူများနှင့်လည်း တနင်္လာနေ့က လက်ခံ တွေ့ဆုံခဲ့သေး သည်။ တနင်္ဂနွေနေ့ကလည်း ပအို့ဝ်အမျိုးသား လွတ်မြောက်ရေး အဖွဲ့ (PNLO)၊ လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ DPNS၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) တို့နှင့်လည်း ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင်သီးခြား တွေ့ဆုံ
ဆွေးခဲ့ကြသေးသည်။



 
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 666 guests online