သတင်း ဒေသန္တရသတင်း မဲ့တန်းမှာ မြန်မာရွှေ့ပြောင်း လုပ်သား ၅ဝ ကျော် အဖမ်းခံရ
မဲ့တန်းမှာ မြန်မာရွှေ့ပြောင်း လုပ်သား ၅ဝ ကျော် အဖမ်းခံရ Print E-mail
သန်းထိုက်ဦး   
စနေနေ့၊ ဧပြီလ 05 2008 00:18 - မြန်မာစံတော်ချိန်

ချင်းမိုင်။   ။ ထိုင်းနိုင်ငံမြောက်ပိုင်း မဲ့တန်းမြို့တွင် ကျေးရွာတရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်စီးပြီး မြန်မာရွှေ့ပြောင်းလုပ်သား ၅၄ ဦးကို ဖမ်းဆီးသွားခဲ့သည်။

ချင်းမိုင် ခေါ် ဇင်းမယ်ခရိုင်အတွင်း၌ ရှိသော မဲ့တန်းမြို့ နောင်ဖိန်မိုင် ကျေးရွာအုပ်တွင် နေထိုင်သူများ ရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းနိုင်ငံအတွင်း တရားမဝင် နေထိုင်မှုဖြင့် ရဲ၊ လူဝင်မှု ကြီးကြပ်ရေးနှင့် စစ်တပ်တို့ ပါဝင်သောအဖွဲ့ကြီးက ကြာသပတေးနေ့ နံနက် ၅ နာရီခန့်လောက်က လာရောက် ဖမ်းဆီးသွားခဲ့သည်။

"ရဲက ဒီမှာ အလုပ်သမား လက်မှတ် မရှိတဲ့လူတွေ ရှိတယ်ဆိုပြီးတော့ သတင်းကြားတယ်။ အဲဒါ လာစစ်ဆေးတယ် ။ နောက် လက်မှတ် မရှိတဲ့လူတွေရယ် နောက် ထောက်ခံစာ မရှိဘဲနဲ့ နယ်ကျော်ပြီးတော့ အလုပ် လုပ်ကိုင်နေတဲ့ လူတွေကိုပါ ဖမ်းသွားတာပဲ" ဟု   ရွှေ့ပြောင်းလုပ်သားများအကျိုး ဆောင်ရွက်ပေးနေသည့် Map Foundation  အဖွဲ့မှ ပရာဒီထာ ပရီယာ ကယော့ဖ က မဇ္ဈိမကို ပြောသည်။

"ဒီရွာလေးမှာ ခြုံအလုပ်၊ တောင်ယာအလုပ်၊ ပန်းရံ အလုပ်တို့နဲ့ လုပ်လာတာ ၃ နှစ်လောက် ရှိပြီ ဒီလိုဝင်ဖမ်းတာ တခါမှမရှိဘူး။ အခု ဒီလိုဖမ်းတာဟာ ပထမဦးဆုံးဖြစ်တယ်" ဟု  သူမ က ဆက်ပြောသည်။

အဖမ်းခံရသူများအနက် ၂၇ ဦးအား လူဝင်မှုကြီးကြပ်ရေး အချုပ်တွင် ထိန်းသိမ်းထားပြီး ထိုင်းတောင်ပေါ်သား လက်မှတ်ရှိသူ ၂၇ ဦးကိုတော့ အာမခံပေးမည်ဟု စုံစမ်း သိရှိရသည်။

နောင်ဖိုန်မိုင် ကျေးရွာအုပ်စုတွင် အိမ်ခြေ စုစုပေါင်း ၁ဝဝ ခန့် ရှိ၍ လူဦးရေ ၄ဝဝ ကျော် နေထိုင်လျက် ရှိသည်။

 
Mizzima Translation Service
Contact: mizzima.news@gmail.com

သူတို့စကား

"နောက်ထပ် အနှစ်နှစ်ဆယ် ဆိုတာကို မျှော်မှန်းကြည့်တော့လည်း ဒီစစ်တပ်ဆိုတဲ့ စစ်ယန္တရားကြီးကလည်း ဘယ်လိုမှ ပီပီပြင်ပြင် ချောချောမွေ့မွေ့ ပြောင်းလဲလာမယ့် အနေအထားဆိုတာ မမြင်ရသေးပါဘူး။ ဒါဟာ စိတ်ပျက်ဖို့ ပြောတာ မဟုတ်ပါဘူး။ သို့သော် ဘာပဲပြောပြော အရှိတရားက အရှိတရားပါပဲ။"

ဦးဝင်းတင်
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင်

© Copyright 1998 - 2008 Mizzima News. All Rights Reserved