သတင်း ဒေသန္တရသတင်း ကြေးမုံဦးသောင်း ကွယ်လွန်
ကြေးမုံဦးသောင်း ကွယ်လွန် Print E-mail
သန်းထိုက်ဦး   
သောကြာနေ့၊ ဧပြီလ 04 2008 19:36 - မြန်မာစံတော်ချိန်

ချင်းမိုင်။    ။ သတင်းစာဆရာကြီး ကြေမုံဦးသောင်း (အောင်ဗလ) သည် အသက် ၈၂ နှစ်အရွယ်တွင် အဆုတ်ရောဂါဖြင့် ယမန်နေ့ည ဒေသစံတော်ချိန် ၁ဝ နာရီတွင် အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်၌ ကွယ်လွန်သွားသည်။

ပြီးခဲ့သည့် မတ်လ ၁ဝ ရက်နေ့မှ စတင်ကာ အမေရိကန် ပြည်ထောင်စု ဖလော်ရီဒါပြည်နယ်၊ ဖို့လောရာဒေးမြို့ရှိ Florida Medical Center ဆေးရုံတွင် အဆုတ်ရောဂါ၊ နှလုံးအားနည်းသည့် ရောဂါအတွက်  ဆေးကုသခံယူနေရာမှ အဆုတ်ထဲ ရေဝင်သည့် အခြေအနေ ပိုမိုဆိုးရွားလာကာ ယမန်နေ့ညက  ကွန်လွန်သွားခြင်း ဖြစ်သည်။

“ဆရာသောင်း ည ၁ဝ နာရီကပဲ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ပဲ ကွယ်လွန်အနိစ္စ ရောက်သွားပါတယ်ရှင်” ဟု ဇနီးဖြစ်သူ ဒေါ်တင်တင်ဝင်းက မဇ္ဈိမကို ပြောသည်။

သူက ဆက်ပြီး “ဆရာက လူချစ်လူခင် များတယ်။ ကျမကတော့ အမြဲပြောလေ့ ရှိတယ်။ ဆရာဟာ လူကြီးလူကောင်းလို့ပဲ သူ့ကို ကျမ ပြောတယ်။ နောက်ပြီးတော့ ဆရာဟာ ရိုးရိုးပဲ နေတယ်။ မိသားစုအပေါ်လည်း တာဝန်ကျေခဲ့ပါတယ်” ဟု ပြောသည်။

ကြေးမုံဦးသောင်း ခေါ် အောင်ဗလ သည် မြန်မာ့စာပေလောကအတွင်းသို့ ဟာသစာပေ၊ သရော်စာများ၊ ပြဇာတ်များ ရေးသားကာ ဝင်ရောက်လာခဲ့သည်။ နောက်ပိုင်းတွင် သတင်းစာလောကသို့ ရောက်ရှိသွားပြီးနောက် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး ဝေဖန်သူ ဆောင်းပါးရှင် ဖြစ်လာခဲ့သည်။

ဆရာကြီးသည် သက်တမ်းတလျှောက် စာအုပ်ပေါင်း ၃ဝ နီးပါး ရေးသားရာတွင် အကြောင်းအရာအစုံ ပါဝင်ခဲ့သော်လည်း နောက်ပိုင်းစာအုပ်များသည် စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်ကြီး နေဝင်းနှင့် စစ်ခေါင်းဆောင်များ၏ အကြောင်းကို ဖွင့်ချရေးသားခဲ့သည်။

ဈာပနရက် အတိအကျ မသိရသေးသော်လည်း တာဝန်ရှိသူများ၏ ထောက်ခံချက် စာရွက်စာတမ်းတွေကို တောင်းခံပြီး ရုပ်အလောင်းကို မီးသင်္ဂြိုဟ်မည် ဖြစ်သည်။

ကွယ်လွန်ချိန်တွင် ဇနီးသည် ဒေါ်တင်တင်ဝင်းနှင့် သားသမီး ၅ ဦး ကျန်ရစ်ခဲ့သည်။

 
Mizzima Translation Service
Contact: mizzima.news@gmail.com

သူတို့စကား

"နောက်ထပ် အနှစ်နှစ်ဆယ် ဆိုတာကို မျှော်မှန်းကြည့်တော့လည်း ဒီစစ်တပ်ဆိုတဲ့ စစ်ယန္တရားကြီးကလည်း ဘယ်လိုမှ ပီပီပြင်ပြင် ချောချောမွေ့မွေ့ ပြောင်းလဲလာမယ့် အနေအထားဆိုတာ မမြင်ရသေးပါဘူး။ ဒါဟာ စိတ်ပျက်ဖို့ ပြောတာ မဟုတ်ပါဘူး။ သို့သော် ဘာပဲပြောပြော အရှိတရားက အရှိတရားပါပဲ။"

ဦးဝင်းတင်
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင်

© Copyright 1998 - 2008 Mizzima News. All Rights Reserved