သတင်း ဒေသန္တရသတင်း ကော်ဇောနီခင်း ကြိုဆိုတဲ့ အိန္ဒိယကို မြန်မာတွေ ဆန္ဒပြ
ကော်ဇောနီခင်း ကြိုဆိုတဲ့ အိန္ဒိယကို မြန်မာတွေ ဆန္ဒပြ Print E-mail
မဇ္ဈိမသတင်းဌာန   
သောကြာနေ့၊ ဧပြီလ 04 2008 02:52 - မြန်မာစံတော်ချိန်

နယူးဒေလီ။    ။ အကြမ်းဖက် နအဖ စစ်အုပ်စု၏ ဒုတိယအကြီးအကဲကို အိန္ဒိယက ကော်ဇောနီခင်းကာ ကြိုဆိုလိုက်သည့်အပေါ် အိန္ဒိယနိုင်ငံရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများက ယနေ့ နယူးဒေလီတွင် ကန့်ကွက် ဆန္ဒပြသည်။

အိန္ဒိယနိုင်ငံ ဒုသမ္မတ Mr. Mohammad Hamid Ansari ၏ ဖိတ်ကြားချက်ဖြင့် ၅ ရက်ကြာ ခရီးစဉ်အဖြစ် အိန္ဒိယနိုင်ငံသို့ ယမန်နေ့က စတင် ရောက်ရှိလာသည့် နအဖ တပ်မတော် ဒုတိယအကြီးအကဲ ဒုဗိုလ်ချုပ်မှူးကြီး မောင်အေးကို ဖက်လဲတကင်း ကြိုဆိုလိုက်သည်ကို မကျေနပ်သဖြင့် မြန်မာအင်အားစုများက ယခုလို ကန့်ကွက် ဆန္ဒပြလိုက်ခြင်း ဖြစ်သည်။

“ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီ နိုင်ငံကြီးကနေပြီးတော့ ဒီမိုကရေစီ အခြေခံမူတွေကို လေးစားမူမရှိဘဲနဲ့ ကိုယ်ထင်သလို လုပ်နေတဲ့ စစ်အစိုးရကို လက်ဆွဲနှုတ်ဆက်တာကို အိန္ဒိယရဲ့ ဒီမိုကရေစီ စံချိန်စံညွှန်းတွေကို ပျက်ရယ်ပြုစရာ ဖြစ်နေတယ်” ဟု ရှစ်လေးလုံး ကျောင်းတိုက်ဆရာတော် ဦးပညာဝရက မိန့်ကြားသည်။

“ကျမတို့နိုင်ငံမှာ ဆန္ဒခံယူပွဲ ကျင်းပမယ့် အချိန်မှာပဲ မြန်မာတပ်မတော် အကြီးအကဲ မောင်အေးဟာ ဘီးလူးမျက်နှာဖုံးကို ချွတ်ပြီးတော့ ဒီမိုကရေစီ လမ်းကြောင်းပေါ်မှာ သွားနေတဲ့ ပုံသဏ္ဍန်မျိုးနဲ့ ကလိမ်စေ့ ငြမ်းစင် လုပ်လာတဲ့အပေါ်ကို ကျမတို့အနေနဲ့ အိန္ဒိယပြည်သူတွေ သိအောင် လုပ်ဆောင်ခြင်းဟာ လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်ကို လုပ်တာ ဖြစ်ပါတယ်” ဟု အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) မှ သဘာပတိအဖွဲ့ဝင် ဒေါ်မော်လီက ပြောသည်။

မြန်မာများနှင့် တိဘက်အရေး လှုပ်ရှားသူများ ပူးပေါင်းအင်အား ၁၅ဝ ခန့်က နယူးဒေလီ မြို့လယ်ခေါင်ရှိ ဂျန်တားမန်တားအရပ်တွင် ဆန္ဒပြရာ၌ နအဖ ဒုတိယအကြီးအကဲ၏ ရုပ်ပုံကားချပ်ကြီး မီးရှို့ ဖျက်ဆီးခဲ့ကြသည်။

မြန်မာ-အိန္ဒိယ နှစ်ဖက်ခေါင်းဆောင်များက အမေရိကန် ဒေါ်လာသန်း ၁၂ဝ ကုန်ကျမည့် ရခိုင်ပြည်နယ် ကုလားတန်မြစ် ဘက်စုံစီမံကိန်း အပြီးသတ် သဘောတူညီချက်ကို နှစ်နိုင်ငံ အကြီးအကဲများက ယမန်နေ့ ညနေပိုင်းက နယူးဒေလီရှိ Hyderabed House  တွင် လက်မှတ် ရေးထိုးခဲ့ကြသည်။

ဦးပညာဝရက “အိန္ဒိယက ဒီမိုကရေစီနိုင်ငံကြီးက လူမထင်သလို အုပ်ချုပ်နေတဲ့ အစိုးရကို ထောက်ခံအားပေးတဲ့ အပြုအမူတွေ၊ ပြည်သူလူထုအတွက်လို့ ပြောပြီးတော့ တကယ်တမ်းကျတော့ ပြည်သူလူထုအတွက် ဘာမှ အကျိုးမပြုဘူးဆိုတာ သိရဲ့သားနဲ့ ကိုယ်ကျိုးစီးပွားကို ကြည့်ပြီးတော့ နအဖ စစ်အစိုးရအပေါ်မှာ ထောက်ခံအားပေးနေတာတွေ၊ ဒီမိုကရေစီအရေးကို လျစ်လျှူရှု နေတဲ့အပေါ် စိတ်ပျက်မိတယ်” ဟု မိန့်ကြားသည်။

ဆရာတော်က “အိန္ဒိယကလည်း မြန်မာပြည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကြောင်းပြမယ်။ တကယ်ကတော့ ဈေးပေါပေါနဲ့ မြန်မာပြည်က Gas(သဘာဝဓာတ်ငွေ့) ကို ဈေးချိုချိုနဲ့ရတဲ့ အတွက်ကြောင့် လုပ်တာဖြစ်တယ်။ အဲဒါ ပြည်သူလူထုအတွက် မဟုတ်ပါဘူး။ မြန်မာပြည်သူ လူထု အတွက် ဆိုလို့ရှိရင် နအဖကို သူတို့ပြောသင့်တာက ပြည်သူလူထုရဲ့ ဆန္ဒကို လေးစားပါဆိုတဲ့ စကားလေးတခွန်းတော့ ပြောသင့်ပါတယ်” ဟု ဆက်လက်မိန့်ကြားသည်။

အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာစစ်ခေါင်းဆောင်သည် အိန္ဒိယအစိုးရခေါင်းဆောင်များအပြင် အတိုက်အခံခေါင်းဆောင် Mr. L.K. Advani နှင့်လည်း ယနေ့တွင် တွေ့ဆုံမည်ဟု သတင်းထုတ်ပြန်ခဲ့သည်။

သူသည် ဘိုပါးလ် (Bhopal) ၊ ဆန်ချီ (Sanchi) ၊ ဂျမ်နဂါး (Jamnagar) ၊ ဘန်ဂလို (Bangalore) ၊ ဗာရာဏသီ (Varanasi)၊ ဆာနသ် (Sarnath) နှင့် ဂါယာ (Gaya) မြို့သို့ သွားရောက်ဦးမည်ဟု ဝန်ကြီးဌာနက ဆက်လက် ပြောဆိုသည်။

သံဃာတော်များ ဦးဆောင်သည့် ရွှေဝါရောင် တော်လှန်ရေးအား အကြမ်းဖက် သတ်ဖြတ်နှိမ်နင်းကာ ဗုဒ္ဓသာသနာတော်ကို ညှိးနွမ်းစေ ခဲ့သည်ဟု အများက နအဖ စစ်အုပ်စုကို ဝေဖန်ထားလင့်ကစား သူနှင့် အဖွဲ့သည် ဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ် ဖူးမျှော်လည်ပတ်ရာ ဘီဟားပြည်နယ် ဗုဒ္ဓဂါယာရှိ ဘုရားပွင့်တော်မူရာဌာနသို့ စနေနေ့တွင် သွားရောက်မည် ဖြစ်ကာ တနင်္ဂနွေနေ့တွင် မြန်မာပြည်သို့ ပြန်လည် ထွက်ခွါမည်။

သူသည် ၂ဝဝ၃ ခုနှစ်ကလည်း အိန္ဒိယနိုင်ငံသို့ နောက်ဆုံးအကြိမ်အဖြစ် လည်ပတ်ခဲ့သေးသည်။

 
Mizzima Translation Service
Contact: mizzima.news@gmail.com

သူတို့စကား

"နောက်ထပ် အနှစ်နှစ်ဆယ် ဆိုတာကို မျှော်မှန်းကြည့်တော့လည်း ဒီစစ်တပ်ဆိုတဲ့ စစ်ယန္တရားကြီးကလည်း ဘယ်လိုမှ ပီပီပြင်ပြင် ချောချောမွေ့မွေ့ ပြောင်းလဲလာမယ့် အနေအထားဆိုတာ မမြင်ရသေးပါဘူး။ ဒါဟာ စိတ်ပျက်ဖို့ ပြောတာ မဟုတ်ပါဘူး။ သို့သော် ဘာပဲပြောပြော အရှိတရားက အရှိတရားပါပဲ။"

ဦးဝင်းတင်
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင်

© Copyright 1998 - 2008 Mizzima News. All Rights Reserved