ဗုဒ္ဓဟူး, ၂၃ မေ ၂၀၁၂

Mizzima Burmese

Home > သတင်း > ဒေသန္တရသတင်း > အစိုးရနှင့် KIO အပစ်ရပ်ရေး တရုတ်တွင် ဆွေးနွေး

အစိုးရနှင့် KIO အပစ်ရပ်ရေး တရုတ်တွင် ဆွေးနွေး

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင်(မဇ္စျိမ) ။        ။ မြန်မာအစိုးရ၏ အထူးကိုယ်စားလှယ်အဖွဲ့နှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ ခေါင်းဆောင်များ အင်္ဂါနေ့ညနေပိုင်းက တရုတ်နိုင်ငံ အနောက်တောင်ဘက်ရှိ ရွှေလီမြို့တွင် အပစ်ခတ်ရပ်ရေး အတွက် ဆွေးနွေးကြ သည်။

ရထားပို့ဆောင်ရေး ဝန်ကြီး ဦးအောင်မင်း၊ တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီ ဥက္ကဋ္ဌ ဦးသိန်းဇော်၊ ဘဏ်များနှင့် ငွေကြေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦအောင်သောင်းနှင့် KIO ဘက်မှ ဥက္ကဋ္ဌ ဦးဇောင်းဟရားဦးဆောင်သော ခြောက်ဦးပါ ကိုယ်စားလှယ်အဖွဲ့တို့ ယူနန်ပြည်နယ် ရွှေလီမြို့ရှိ ကျင်းရှင့် ဟိုတယ် တွင် ညနေငါးနာရီခွဲခန့်မှ စတင်ကာ နှစ်နာရီခန့်ကြာ ဆွေးနွေးခဲ့ကြသည်။

ဗဟိုအစိုးရဘက်ကအဖွဲ့တွင် ကချင်ပြည်နယ် ငြိမ်းချမ်းတည်ငြိမ်ရေးအဖွဲ့ဝင်တဦးဖြစ်သော စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ UDPKS မှ အထက်လွှတ်တော်အမတ် ဦးခက်ထိန်နန်လည်း လိုက်ပါသွားခဲ့သည်။

ထို့အပြင်  ကချင်ပြည်သူ ကိုယ်စားလှယ်များအဖြစ် “Jade land Company” ပိုင်ရှင် ဦးယွပ်ဇော်ခေါင်၊ ဦးလမိုင်ဂွမ်ဂျာ၊ ဦးအင်စန်းဆန့်အောင်နှင့် အဆိုတော် ဦးခဗျာခွန်းအောင်တို့ လေးဦးတို့ပါ လိုက်ပါသွားခဲ့သည်။

ဆွေးနွေးသည့် အကြောင်းအရာနှင့်ပတ်သက်၍ မသိရှိရသေးသော်လည်း KIO ဘက်က ဥက္ကဋ္ဌကိုယ်တိုင် ပါဝင်
ဆွေးနွေးခြင်းကြောင့် အလေးထားမှုပေါ်လွင်သည်ဟု လေ့လာသူများက ပြောကြသည်။

KIO ပြောရေးဆိုခွင့်ရှိသူ ဦးလနန်ကလည်း “ဥက္ကဋ္ဌကို သွားခိုင်းသလဲ ဆိုတော့ ကျနော်တို့က နိုင်ငံရေး တွေ့ဆုံ
ဆွေးနွေးမှုကို လိုလားတယ်ဆိုတာကို ပြချင်လို့ပဲ။ နောက်နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးမှုကို အမြဲတမ်း လုပ်ချင်တယ် ဆိုတာကို ပြသချင်တာပါ။”ဟု ပြောသည်။

ထိုစဉ်မှာပင် အင်္ဂါနေ့ နေ့လည်ပိုင်းက KIO တပ်ထိန်းချုပ်ထားရာ ကချင်ပြည်နယ် ဒေါ့ဖုန်းယန်မြို့နယ်ခွဲရှိ ရှမ်းရွာ
နှစ်ရွာမှ အိမ်ခြေ ၆၀ နီးပါးကို အစိုးရစစ်တပ်က မီးရှို့ဖျက်ဆီးလိုက်သည်ဟု KIO ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က
ပြောသည်။

ထို့ပြင် အစိုးရဘက်က စစ်အင်အားက ပိုမိုတိုးမြှင့်လာပြီး ကချင်ပြည်နယ် မန်စီမြို့နယ်၊ မိုးမောက်မြို့နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်း တပ်မဟာ ၄ ထိန်းချုပ်နယ်မြေထဲတွင် တိုက်ပွဲများ နေ့စဉ် ဖြစ်ပွားနေသည်ဟု ဆိုသည်။

ဇွန်လမှ စတင်၍ နှစ်ဘက်တိုက်ပွဲများ ယမန်နေ့ထိ တိုက်ပွဲဖြစ်ပွားမှုမှာ ၇ဝ၉ ကြိမ်ရှိသွားပြီ ဖြစ်ကြောင်း ဦးလနန်က
ပြောသည်။

ဗုဒ္ဓဟူးနေ့တွင် ရောက်ရှိလာမည့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်၏ မြန်မာပြည်ခရီးစဉ်မှ တိုးတက်ပြောင်းလဲမှု ရှိလာလိမ့်မည်ဟု မျှော်လင့်နေပြီး သူမအနေဖြင့် တိုင်းရင်းသားဒေသများတွင် ဖြစ်ပွားနေသော အခြေအနေများကို စုံစမ်းသိရှိနိုင်လိမ့်မည်ဟု KIO က မျှော်လင့်နေသည်။

“အမေရိကန်အစိုးရကနေ ကျနော်တို့ တိုင်းရင်းသားတွေကို အသိအမှတ်ပြုပေးသင့်တယ်၊ တိုင်းရင်းသားတွေ ခံစား
နေတာတွေ၊ အခက်အခဲတွေ ကျနော်တို့ မူလအခွင့်ရေးတွေ ဆုံးရှုံးနေတာတွေကို အကာအကွယ် ပေးဖို့နဲ့ မြန်မာ
နိုင်ငံမှာ နိုင်ငံရေး တွေ့ဆုံဆွေးနွေးရေး လုပ်နိုင်ဖို့ အမေရိကန်က အစိုးရကို တွန်းအားပေးဖို့ကို ကျနော် ပြောချင် တယ်။”ဟု ဦးလနန်က ပြောသည်။

ယခုလ ၁၉ ရက်နေ့က ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင် မယ်ဆိုင်မြို့တွင် KIO ခေါင်းဆောင် သုံးဦးနှင့် ဝန်ကြီးဦးအောင်မင်း တို့ အလွှတ်သဘော တွေ့ဆုံခဲ့ချိန်တွင် ပြည်နယ်အစိုးရ ကိုယ်စားလှယ်များနှင့် သုံးကြိမ်တွေ့ဆုံခဲ့သော ဗီဒီယို မှတ်တမ်းများကို သမ္မတ ဦးသိန်းစိန်ထံ ပေးပို့ခဲ့သည်။



 
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 667 guests online