သတင်း ဒေသန္တရသတင်း မြန်မာစစ်တပ် ဒုတိယအကြီးအကဲ အိန္ဒိယရောက်
မြန်မာစစ်တပ် ဒုတိယအကြီးအကဲ အိန္ဒိယရောက် Print E-mail
မုံပီး   
ကြာသပတေးနေ့၊ ဧပြီလ 03 2008 17:12 - မြန်မာစံတော်ချိန်

နယူးဒေလီ။    ။ မြန်မာစစ်တပ် ဒုတိယအကြီးအကဲ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးသည် သူ၏ ၅ ရက်ကြာ အလည်အပတ် ခရီးစဉ်အတွက် ယနေ့ အိန္ဒိယနိုင်ငံ မြို့တော်နယူးဒေလီသို့ ရောက်ရှိလာသည်။ 

ယင်းသို့ ရောက်ရှိပြီး ဗုဒ္ဓဟူးနေ့ မွန်းလွဲပိုင်းတွင် မောင်အေးသည် အိန္ဒိယသမ္မတ၊ ဝန်ကြီးချုပ်၊ နိုင်ငံခြားရေး ဝန်ကြီးတို့ နှင့်တွေ့ဆုံ၍ ၂ နိုင်ငံ အကျိုးတူကိစ္စများနှင့် စပ်လျဉ်းသောကိစ္စရပ်များကို အမြင်ချင်း ဖလှယ်ခဲ့ကြကြောင်း သတင်းရရှိသည်။

ဒုဗိုလ်ချုပ်မှူးကြီး မောင်အေး အိန္ဒိယခရီးစဉ်
ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေး အိန္ဒိယခရီးစဉ်
အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိတဦး၏ ပြောကြားချက်အရ မြန်မာဗိုလ်ချုပ်ကြီး၏ ခရီးစဉ် အဓိကရည်ရွယ်ချက် မှာ ယနေ့နှောင်းပိုင်းတွင် အိန္ဒိယဒုသမ္မတ နှင့် ကုလားတန် ဘက်စုံစီမံကိန်း အပြီးသတ် သဘောတူညီချက်စာချုပ်ကို လက်မှတ်ရေးထိုးရန် ဖြစ်သည်ဟု သိရသည်။ 

နိုင်ငံခြားရေး ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ မောင်အေးသည် အိန္ဒိယအစိုးရ ခေါင်းဆောင်များ အပြင် အတိုက်အခံခေါင်းဆောင် ရှရီအယ်လ်ကေ အက်ဒ်ဗန်နီနှင့်လည်း ကြာသပတေး နေ့တွင် တွေ့ဆုံဦးမည် ဖြစ်သည်။ 

ထို့ပြင်မောင်အေးသည် ဘိုပါးလ်၊ ဆန်ချီ၊ ဂျန်နဂါး ၊ ဘန်ဂလိုး၊ ဗာရာဏသီ၊ ဆာနသ်၊ နှင့် ဂါယာ မြို့အသီးသီးတွင် ပြုလုပ်မည့် အစီအစဉ်များသို့လည်း တက်ရောက်လိမ့်ဦးမည် ဖြစ်ကြောင်းဖြင့် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ဖေါ် ပြောကြားထားပါသည်။ 

ယမန်နှစ် စက်တင်ဘာလက ဆန္ဒပြသံဃာများကို ရက်ရက်စက်စက် နှိမ်နင်း သတ်ဖြတ်ခဲ့သည့်အတွက် ဗုဒ္ဓဘာသာကို အသရေ ညှိုးနွမ်းအောင် လုပ်ခဲ့သည်ဟု ဆိုကာ မြန်မာ ဗုဒ္ဓဘာသာဝင်များက ဝေဖန် ပြောကြားခြင်း ခံနေရသော မောင်အေးနှင့် သူ၏စစ်တပ် လုပ်ဖော်ကိုင်ဘက်များသည် ဗုဒ္ဓဘာသာဝင်များ၏ အထွတ်အမြတ်နေရာ ဖြစ်သော ဘီဟား ပြည်နယ် ဗုဒ္ဓဂါယာရှိ ဘုရားရှင် ပွင့်တော်မူရာဌာနသို့ စနေနေ့တွင် မြန်မာနိုင်ငံ မြို့တော်သစ် နေပြည်တော်သို့ ပြန်လည် ထွက်ခွါခြင်းမပြုမီ သွားရောက် ဖူးမျှော်လိမ့်ဦးမည် ဖြစ်သည်။

မြန်မာနိုင်ငံစစ်တပ်၏ ဒုတိယအကြီးအကဲဖြစ်သော မောင်အေးသည် ၂ဝဝ၃ ခုနှစ်က အိန္ဒိယနိုင်ငံသို့ နောက်ဆုံးအကြိမ် လာရောက် လည်ပတ်ခဲ့သေးသည်။ 

 
Mizzima Translation Service
Contact: mizzima.news@gmail.com

သူတို့စကား

"နောက်ထပ် အနှစ်နှစ်ဆယ် ဆိုတာကို မျှော်မှန်းကြည့်တော့လည်း ဒီစစ်တပ်ဆိုတဲ့ စစ်ယန္တရားကြီးကလည်း ဘယ်လိုမှ ပီပီပြင်ပြင် ချောချောမွေ့မွေ့ ပြောင်းလဲလာမယ့် အနေအထားဆိုတာ မမြင်ရသေးပါဘူး။ ဒါဟာ စိတ်ပျက်ဖို့ ပြောတာ မဟုတ်ပါဘူး။ သို့သော် ဘာပဲပြောပြော အရှိတရားက အရှိတရားပါပဲ။"

ဦးဝင်းတင်
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင်

© Copyright 1998 - 2008 Mizzima News. All Rights Reserved