သတင်း ဒေသန္တရသတင်း ဒေသတွင်းနိုင်ငံတွေ မပါရင် မထိရောက်ဟု HREIB ပြော
ဒေသတွင်းနိုင်ငံတွေ မပါရင် မထိရောက်ဟု HREIB ပြော Print E-mail
နေသွင်   
အင်္ဂါနေ့၊ ဧပြီလ 01 2008 00:50 - မြန်မာစံတော်ချိန်

ချင်းမိုင်။    ။ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ မြန်မာ့အရေး တောင်းဆိုချက်များတွင် ဒေသတွင်း နိုင်ငံများ၏ ပူးပေါင်းဆောင်ရွက်မှု မရလျှင် ထိရောက်မှု မရှိဟု မြန်မာ့လူ့အခွင့်အရေး လှုပ်ရှားမှုအဖွဲ့တဖွဲ့က ပြောဆိုလိုက်သည်။

မြန်မာပြည်တွင် လွတ်လပ်စွာ ဆန္ဒဖော်ထုတ်ခွင့်၊ စည်းရုံးခွင့် စသော အခြေခံ လူ့အခွင့်အရေးများ အာမခံရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် အင်အားစုအားလုံးနှင့် တွေ့ဆုံဆွေးနွေးရေး စသော ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ သောကြာနေ့က တောင်းဆိုချက်အပေါ် ထိုင်းအခြေစိုက် လူ့အခွင့်အရေး ပညာရေးအဖွဲ့က သုံးသပ် ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ကမ္ဘာ့နိုင်ငံပေါင်း ၄၆ နိုင်ငံကို ကိုယ်စားပြုသော ကောင်စီအစည်းအဝေးတွင်  အကြေအလည် ဆွေးနွေးခဲ့ရသော မြန်မာ့အရေး ဆုံးဖြတ်ချက်တွင် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေး၊ မြန်မာပြည်၏ လက်ရှိဖွဲ့စည်းပုံကို နိုင်ငံတကာ စံနှုန်းနှင့်အညီ ပိုမိုကျယ်ပြန့်သော သဘောထား ပါဝင်ခွင့်ပေးရေး၊ မြန်မာပြည်အတွက် ခန့်ထားသော ကုလသမဂ္ဂ လူ့အခွင့်အရေး စုံစမ်းရေးမှူး၏ သက်တမ်းကို နောက်ထပ် ၁ နှစ် တိုးပေးရေးများလည်း ပါဝင်သည်။

လူ့အခွင့်အရေး ပညာပေးဌာန (မြန်မာနိုင်ငံ) HREIB ဒါရိုက်တာဖြစ်သူ ဦးအောင်မျိုးမင်းက ကုလသမဂ္ဂတွင် မြန်မာပြည်၏ လူ့အခွင့်အရေး ဆွေးနွေးမှုများ ကျယ်ပြန့်စွာ ဆက်ရှိနေသည့် အချက်အပေါ် အကောင်းမြင်သည်။

ဦးအောင်မျိုးမင်းက “ကျနော်တို့ ဖြစ်ချင်တိုင်း မဖြစ်ပေမယ့် ကုလသမဂ္ဂမှာ ပိုစိတ်ဝင်စားမှုတွေ၊ ဆွေးနွေးမှုတွေ ကျယ်ပြန့်လာတယ်။ ဒါဟာ သိပ်စိတ်အားငယ်စရာ မရှိဘူး။ နိုင်ငံတကာအရ ပြောရရင်တော့ ကုလသမဂ္ဂရဲ့ လုပ်ဆောင်မှုက လိုအပ်တာပဲ” ဟု ပြောသည်။

အစည်းအဝေးအတွင်း အီးယူအဖွဲ့၏ တင်ပြချက်များတွင် အိမ်နီးနားချင်းများက မြန်မာစစ်အစိုးရကို ပိုမို ဖိအားပေးရန် ပါဝင်ပြီး၊ ယင်းတောင်းဆိုချက်ကို တရုတ်အပါအဝင် အာဆီယံနိုင်ငံများက လက်တွေ့လိုက်နာမျှသာ ကောင်စီ၏ တောင်းဆိုချက် ထိရောက်မည်ဟု ဆိုသည်။

ဦးအောင်မျိုးမင်းက “မြန်မာပြည်မှာ တကယ်လို့သာ ဒီထက်ပိုပြီး စိတ်ဝင်းစားမှု၊ မြန်မာပြည်ရဲ့ ပြည်တွင်းရေးကို မလုပ်သင့်ဘူးလို့ ပြောနေတဲ့ အစိုးရတွေ စိတ်ပြောင်းလာရင် လူ့အခွင့်အရေးကောင်စီရဲ့ လုပ်ငန်းဟာ ပိုကောင်းလာမှာပဲ။ ဒါမှမဟုတ်ရင် လူ့အခွင့်ရေးကောင်စီဟာ သွားမပါတဲ့ အရုပ်ကျားပါးစပ်လို ဖြစ်မှာပဲ” ဟု ပြောသည်။

အစည်းအဝေးတွင် ဥရောပသမဂ္ဂ (အီးယူ) နိုင်ငံများကိုယ်စား တင်ပြသော Slovenia နိုင်ငံ၏ အစောပိုင်း ဆုံးဖြတ်ချက်မူကြမ်းတွင် မြန်မာပြည်၏ လူ့အခွင့်အရေး ချိုးဖောက်မှုအပေါ် အပြင်းအထန် စကားလုံး သုံးစွဲထားသော်လည်း အာဆီယံ၊ တရုတ်၊ အိန္ဒိယနှင့် ကောင်စီတွင် ပါဝင်သော နိုင်ငံအချို့က ကန့်ကွက်ခဲ့သဖြင့် ပိုမိုပျော့ပြောင်းသော စကားလုံးနှင့် အစားထိုးခဲ့ရသည်။

လက်ရှိ လူ့အခွင့်အရေးကောင်စီနှင့် လက်တွေ့ လုပ်ဆောင်နိုင်မှုများနှင့် ပတ်သက်၍လည်း ဦးအောင်မျိုးမင်းက “ပထမဆုံး ကောင်စီဖြစ်လာတာက အရင်က ရှိခဲ့တဲ့ လူ့အခွင့်အရေး ကော်မရှင်ထက် ပိုကောင်းလာတယ်။ အရင်က လူ့အခွင့်အရေးကော်မရှင်က ကြေညာချက်ပဲ ထုတ်လို့ရတယ်။ အခုနောက်ပိုင်းမှာ အရမ်းဆိုးလာရင် အရေးပေါ် Sanction ခေါ်တာ၊ စုံစမ်းစစ်ဆေးရေးကို  နိုင်ငံအစိုးရက ပူးပေါင်း လုပ်ဆောင်ဖို့ တောင်းဆိုတာတွေ၊ အခုဖြစ်ခဲ့တဲ့ ဆူဒန်ကိစ္စမှာ စုံစမ်းစစ်ဆေးတဲ့ လူတွေရဲ့ တင်ပြချက်ဖြစ်တဲ့ လက်နက်ငယ်တွေ ပိတ်ဆို့တာ၊ ဒီအစိုးရကို မဖြစ်ဖြစ်အောင် လုပ်ဆောင်ဖို့ တိုက်တွန်းတဲ့အချက်တွေက ပိုအားကောင်းလာတယ်” ဟု ပြောသည်။

သို့သော် အရေးအကြီးဆုံး အချက်မှာ  ပြည်တွင်း လှုပ်ရှားမှုများ ဖြစ်ပြီး ပြည်တွင်းလှုပ်ရှားမှုများ ငြိမ်သက်သွားလျှင် ကုလသမဂ္ဂက ဘာမှ တတ်နိုင်မည် မဟုတ်ဟုလည်း သူက ဖြည့်စွက် ပြောကြားသည်။

 

သူတို့စကား

"ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရသည် နယ်နိမိတ် ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ ဥပဒေများအတိုင်း ဆောင်ရွက်လျက်ရှိပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ မှားယွင်းစွာ တောင်းဆိုမှုကို လက်ခံနိုင်ခြင်း မရှိသဖြင့် ပယ်ချခဲ့ကြောင်း၊ ထို့ပြင် မိမိတို့နိုင်ငံ၏ အကျိုးစီးပွားကို အပြည်ပြည်ဆိုင်ရာ ဥပဒေများနှင့်အညီ ဆက်လက် ကာကွယ်စောင့်ရှောက်သည့် အနေဖြင့် AD-7 လုပ်ကွက်အတွင်း ဆောင်ရွက်ရန် ရှိသည်တို့ကို ပြီးဆုံးသည်အထိ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်"

နိုဝင်ဘာလ ၇ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ

© Copyright 1998 - 2008 Mizzima News. All Rights Reserved