သတင်း ဒေသန္တရသတင်း NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးမြင့်သိန်း ကွယ်လွန်
NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးမြင့်သိန်း ကွယ်လွန် Print E-mail
မဇ္ဈိမသတင်းဌာန   
တနင်္ဂနွေနေ့၊ မတ်လ 30 2008 00:57 - မြန်မာစံတော်ချိန်

နယူးဒေလီ။    ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD ) ပြောခွင့်ရပုဂ္ဂိုလ် ဦးမြင့်သိန်းသည် စင်္ကာပူ ဆေးရုံတခုတွင် ၂ လကြာ ဆေးကုသနေရာမှ အစာအိမ် ကင်ဆာရောဂါဖြင့် ယမန်နေ့ ညပိုင်းက ကွယ်လွန်သွားသည်။

အစာအိမ် ကင်ဆာ ဝေဒနာကြောင့် လွန်ခဲ့သည့် ၂ လကျော်ကတည်းက စင်္ကာပူ အထွေထွေကုဆေးရုံကြီး (Singapore General Hospital - SGH) တွင် ဆေးဝါးကုသမှု ခံယူခဲ့ရသော NLD (ဗဟို) ပြောခွင့်ရ ပုဂ္ဂိုလ် ဦးမြင့်သိန်း (၆၃ နှစ်) သည် ယမန်နေ့ည ၈ နာရီ ၁၃ မိနစ်တွင် သားဖြစ်သူ၏ စင်္ကာပူနေအိမ်တွင် ကွယ်လွန်သွားခြင်း ဖြစ်သည်။

"အန်ကယ်က ခွဲစိတ်မှုတွေ ပြီးသွားပြီးတော့၊ အိမ်မှနေတုန်း နဲနဲဖျားပြီးတော့ သူ့ရောဂါ အခြေအနေနဲ့ဆိုတော့  အိမ်ယာပေါ်မှာ ဆုံးသွားတယ်။ အန်ကယ် ဦးမြင့်သိန်းရဲ့ ဇနီးတယာက်ထဲ ပဲရှိတယ်။ အန်တီက ဆေးရုံက လူနာတင်ကားကို ခေါ်ပြီးတော့ နီးစပ်ရာ Chin Tion Seng ဆေးရုံက အန်ကယ်ကို ကီမိုသရဖီ ပေးတဲ့ ဆရာဝန်ရဲ့ သေဆုံးကြောင်း လက်မှတ် Death Certificate ယူရတယ်လို့  ပြောပြတယ်" ဟု စင်္ကာပူတွင် ရောက်ရှိနေသော မိသားစုနှင့် နီးစပ်သူတဦးက မဇ္ဈိမကို ပြောသည်။

ရုပ်အလောင်းကိုမူ Chin Tion Seng ဆေးရုံရှိ ရေခဲတိုက်၌ပင် ထားရှိသည်။

အစာအိမ်ရောဂါ ဖြစ်ခဲ့သော ဦးမြင့်သိန်းသည် ၂ဝဝ၇ ခုနှစ် စက်တင်ဘာလမှ အောက်တိုဘာလအထိ အင်းစိန်ထောင်အတွင်း ဖမ်းဆီး ထိန်းသိမ်းခံထားရစဉ် ထောင်တွင်းအစာကြမ်းများကို မစားသောက်နိုင်ခဲ့ဘဲ ထောင်မှ ပြန်လွတ်လာချိန်တွင် ဒေါက်တာ တင်မျိုးဝင်းနှင့် ပြသရာ အစာအိမ် ကင်ဆာရောဂါ စွဲကပ်နေကြောင်း သိရှိရသဖြင့် စင်္ကာပူနိုင်ငံသို့ သွားရောက်ကာ ဆေးကုသခံယူခဲ့ခြင်း ဖြစ်သည်။

ဦးမြင့်သိန်းသည် NLD ပြောခွင့်ရ ပုဂ္ဂိုလ် ၃ ဦးအနက် တဦးဖြစ်ပြီး မွန်ပြည်နယ် ကျိုက်မရောမြို့ မဲဆန္ဒနယ် (၁)မှ ရွေးကောက်ခံအမတ်နှင့် မွန်ပြည်နယ် NLD အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်း က "ကျနော်တို့အတွက်ရော၊ အဖွဲ့ချုပ်အတွက်တော့ တကယ့် ဆုံးရှုံးမှုကြီးပါပဲ။ ဦးမြင့်သိန်းက ဇွဲ၊ လုံ့လ၊ ဝိရိယနဲ့ ပြည့်စုံတယ်။ ဒီမိုကရေစီအရေး အတွက်လည်း သစ္စာရှိတယ်။ ရွပ်ရွပ်ချွံချွံလည်း ဆောင်ရွက်တတ်တယ်။ ဒီလို ပုဂ္ဂိုလ်မျိုး ဆုံးရှုံးတဲ့အတွက် အထူးပဲ ဝမ်းနည်းတယ်လို့ အဲဒီလိုပဲ မှတ်ချက်ပြောချင်တယ်။ ကျနော်တို့ကတော့ တကယ် သတ္တိကောင်းတဲ့၊ တကယ် အလုပ်လုပ်တဲ့ လုပ်ဖော် ကိုင်ဘက်တယောက် ဆုံးရှုံးရတာပါပဲ" ဟု ပြောသည်။

မိသားစုနှင့် နီးစပ်သူက "သူ့အနေနဲ့၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ လုပ်စရာ ရှိသေးတယ်။ NLD အနေနဲ့ အခုအချိန်မှာ လုပ်စရာတွေ အများကြီး ရှိသေးတယ်လို့၊ သူ့အနေနဲ့ တနှစ် ၂ နှစ်လောက်တော့ နေချင်သေးတယ်လို့ အန်ကယ် ဦးမြင့်သိန်းက ပြောသွားတယ်" ဟု ပြောပြသည်။

ယနေ့နံနက် ၉ နာရီတွင် စင်္ကာပူရှိ သားဖြစ်သူ၏ နေအိမ်တွင် ဦးမြင့်သိန်း၏ နောက်ဆုံးခရီးအတွက် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတပါးကို ပင့်ဖိတ်ကာ ဆွမ်းကပ် အမျှပေးဝေပြီး သက်ပျောက် ဆွမ်းကျွေးခဲ့သည်။

မနက်ဖြန်တွင် စင်္ကာပူ စံတော်ချိန် ညနေ ၇ နာရီခွဲတွင် ရုပ်ကလာပ်ကို မန်ဒိုင်း သုဿာန်တွင် မီးင်္ဂြိုဟ်မည် ဖြစ်ကာ အရိုးပြာကို မြန်မာပြည်သို့ သယ်ဆောင်သွားမည် ဖြစ်သည်။ အသုဘ အခမ်းအနားကို စင်္ကာပူနိုင်ငံရောက် ဒီမိုကရေစီအရေး လှုပ်ရှားနေသည့် မြန်မာများနှင့် မြန်မာအလုပ်သမားများ လာရောက်မည်ဟု သိရသည်။

ကွယ်လွန်ချိန်တွင် သား ၃ ဦးနှင့် သမီးတဦးဖြစ်သည့် ကိုနိုင်၊ ကိုဇာနည်၊ ကိုအောင်သူရနှင့် မယုဇနတို့ ကျန်ရစ်ခဲ့သည်။

 

သူတို့စကား

"ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရသည် နယ်နိမိတ် ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ ဥပဒေများအတိုင်း ဆောင်ရွက်လျက်ရှိပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ မှားယွင်းစွာ တောင်းဆိုမှုကို လက်ခံနိုင်ခြင်း မရှိသဖြင့် ပယ်ချခဲ့ကြောင်း၊ ထို့ပြင် မိမိတို့နိုင်ငံ၏ အကျိုးစီးပွားကို အပြည်ပြည်ဆိုင်ရာ ဥပဒေများနှင့်အညီ ဆက်လက် ကာကွယ်စောင့်ရှောက်သည့် အနေဖြင့် AD-7 လုပ်ကွက်အတွင်း ဆောင်ရွက်ရန် ရှိသည်တို့ကို ပြီးဆုံးသည်အထိ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်"

နိုဝင်ဘာလ ၇ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ

© Copyright 1998 - 2008 Mizzima News. All Rights Reserved