သတင်း ဒေသန္တရသတင်း လူ့အခွင့်အရေး ချိုးဖောက်ခြင်းသည် မြန်မာနိုင်ငံ၏ အဓိကပြဿနာ
လူ့အခွင့်အရေး ချိုးဖောက်ခြင်းသည် မြန်မာနိုင်ငံ၏ အဓိကပြဿနာ Print E-mail
မဇ္ဈိမသတင်းဌာန   
သောကြာနေ့၊ မတ်လ 28 2008 18:40 - မြန်မာစံတော်ချိန်

နယူးဒေလီ။    ။ တိုင်းပြည်ရှိ ပြဿနာပေါင်း သောင်းခြောက်ထောင်၏ အဓိကတရားခံမှာ မြန်မာစစ်အစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများပင် ဖြစ်ကြောင်း ဗြိတိသျှအစိုးရက ကောက်ချက်ချ ပြောကြားလိုက်သည်။

ဗြိတိသျှအစိုးရ နိုင်ငံခြားရေးနှင့် ဓနသဟာယဝန်ကြီးဌာန (FCO) ၏ ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေး အခြေအနေ နှစ်ပတ်လည် အစီရင်ခံစာတွင် “နိုင်ငံ၏ အစိုးရအဖွဲ့တွင် ကိုယ်တိုင် ကိုယ်ကျ ပါဝင်ခွင့်ကို ယင်း၏ နိုင်ငံသားများအား ငြင်းပယ်ထားခြင်း အပါအဝင် မြန်မာစစ်အစိုးရ၏ အတောမသတ်သော လူ့အခွင့်အရေး ချိုးဖောက်မှုများသည် မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ပြဿနာများ၏ အရင်းခံပင် ဖြစ်သည်” ဟု ဖော်ပြထားသည်။

အဆိုပါ အဖွဲ့ကြီးက မြန်မာအစိုးရကို သတင်းစာ လွတ်လပ်ခွင့်၊ တရားစီရင်ရေး လွတ်လပ်ခွင့်နှင့် အလုပ်သမား သမဂ္ဂများ၏ လွတ်လပ်ခွင့်တို့ကို လေးစား လိုက်နာရန်လည်း တောင်းဆိုလိုက်သည်။ ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် နှင့် ပူးပေါင်း ဆောင်ရွက်ခြင်း အပါအဝင် အချို့သော ကိစ္စများတွင် တိုးတက်မှုအချို့ ရှိခဲ့သော်လည်း မြန်မာနိုင်ငံသည် ခြစားမှု၊ စီးပွားရေး ကျဆင်းမှု၊ ပ စားပေးမှု၊ အပြစ်ရှိသူတို့ အရေးယူမခံရမှု တို့ဖြင့်သာ ရှိနေသေးသည်ဟုလည်း သတိပေးထားသည်။

မြန်မာနိုင်ငံ၏ လူဦးရေ ၃ဝ ရာခိုင်နှုန်းသည် တနေ့လျှင် တဒေါ်လာအောက်သာ ဝင်ငွေ ရှိသည်ဟု ယုံကြည်ရသည်။ “နိုင်ငံရေးနှင့် စီးပွားးရေး ပြုပြင် ပြောင်းလဲမှုများတွင် သိသာစွာ တိုးတက်မှုများ မရှိခဲ့လျှင်၊ လူ့အခွင့်အရေးကို လေးစားလိုက်နာသည့် ပွင့်လင်း တာဝန်ခံ၍ အားလုံး ပါဝင်နိုင်သည့် အစိုးရတရပ်သို့ ဦးတည် ဆောင်ရွက်ခြင်း မရှိလျှင် မြန်မာနိုင်ငံ၏ အခြေအနေသည် ဆက်လက်၍သာ ဆိုးရွားနေမည် ဖြစ်သည်” ဟု FCO က သတိပေးထားသည်။

လန်ဒန်မြို့တွင် ကျင်းပသည့် အဆိုပါ အစီရင်ခံစာ တရားဝင် စတင် ထုတ်ပြန်သည့် အင်္ဂါနေ့က ကျင်းပသော အခမ်းအနားတွင် လွန်ခဲ့သောနှစ်က ဖြစ်ပွားခဲ့သည့် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော် ပြသမှုများကို စစ်အစိုးရက နိုင့်ထက်စီးနင်း တုံ့ပြန်ခဲ့မှုသည် “သန်းပေါင်းများစွာသော ရိုးသားသည့် မြန်မာနိုင်ငံ ပြည်သူများအား စိတ်ပျက် လက်ပျက် ဖြစ်စေခဲ့သည်” ဟု ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ်မီလီဘန် David Miliband က မှတ်ချက်ချ ပြောကြားသွားသည်။

မြန်မာ့ လူ့အဖွဲ့အစည်းတွင် စစ်တပ်၏ အရေးပါသော အခန်းကဏ္ဍကို အသိအမှတ် ပြုသော်လည်း ယင်း အခန်းကဏ္ဍသည် စစ်အာဏာရှင်စနစ်တော့ မဖြစ်သင့်ကြောင်းဖြင့်လည်း FCO က အလေးပေး ပြောကြားခဲ့သည်။

ရန်ကုန်ရှိ ဗြိတိသျှသံရုံးသည် လွန်ခဲ့သောနှစ်က ဖြစ်ပွားခဲ့သည့် ရွှေဝါရောင်တော်လှန်ရေးတွင် အရေးပါသော အခန်းမှ ပါဝင်ခဲ့ကြောင်း FCO က အခိုင်အမာ ပြောကြားသည်။ အကျပ်အတည်းကာလတွင် ‘ချက်ချင်း’ တုံ့ပြန် ဆောင်ရွက်ခဲ့ပြီး “နိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု အခြေအနေ အသေးစိတ်ကို တကမ္ဘာလုံးမှ အလေးဂရုပြု လာစေရန်လည်း ရှေ့ဆောင်အခန်းမှ ပါဝင်ခဲ့သည်” ဟု အစီရင်ခံစာတွင် ဆိုထားသည်။

မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး အခြေအနေကို တက်တက်ကြွကြွ စောင့်ကြည့်အကဲခတ်ခြင်းနှင့် ဥရောပသမဂ္ဂ၏ မြန်မာ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများအား အကာအကွယ်ပေးရေး လုပ်ငန်းများတွင် ရန်ကုန်ရှိ ရှေ့တန်းစခန်း မှနေ၍ ဗြိတိသျှသံရုံးက ဥရောသမဂ္ဂနှင့် ကြားခံအဆက်အသွယ် အဖြစ် ဆောင်ရွက်ပေးခဲ့ကြောင်းလည်း ဖော်ပြထားသည်။

ယူကေ အစိုးရအနေဖြင့် ကုလသမဂ္ဂ အထူးသံတမန်၏ ဆောင်ရွက်ချက်များကို ဆက်လက် ထောက်ခံပေးသွားမည် ဖြစ်ပြီး၊ မြန်မာ ဗိုလ်ချုပ်ကြီးများ အနေနှင့်လည်း အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ကုလသမဂ္ဂတို့နှင့် ပူးပေါင်း ဆောင်ရွက်ရန် တိုက်တွန်းထားသည်။

“မြန်မာနိုင်ငံ၏ အခြေအနေမှန်ကို စစ်အစိုးရက ဆက်လက်၍ လက်မခံ ငြင်းပယ်နေခြင်းသည် လက်ခံနိုင်စရာလည်း မရှိ၊ ဤအတိုင်းလည်း ကြာရှည်သွား၍လည်း ရမည် မဟုတ်ကြောင်း ဒေသတွင်းနိုင်ငံများ အပါအဝင် နိုင်ငံအများအပြားက ကျယ်ပြန့်စွာ လက်ခံ အသိအမှတ် ပြုထားကြသည်” ဟုလည်း အစီရင်ခံစာက စွပ်စွဲ ပြောကြားထားသည်။

၂ဝ၁ဝ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ပေးအပ်မည့် အကူအညီကို ဒေါ်လာ ၃၆ သန်းခန့်အထိ ၂ ဆ တိုးမြှင့်ပေးအပ်ရန် နိုင်ငံတကာ ဖွံ့ဖြိုးရေးဌာနက အတည်ပြုပေးခဲ့ပြီး ဖြစ်သည်ဟုလည်း FCO က ဆိုထားသည်။ တိုင်းပြည်တွင်းတွင် “စစ်မှန်သော နိုင်ငံရေး အပြောင်းအလဲများ ဖြစ်ပေါ်ခဲ့လျှင် ယခုထက် ပို၍ပင် ဘဏ္ဍာရေး အကူအညီများပေးရန် ဗြိတိသျှအစိုးရက အဆင်သင့် ရှိသည်ဟုလည်း ဖော်ပြထားသည်။

 
Mizzima Translation Service
Contact: mizzima.news@gmail.com

သူတို့စကား

"နောက်ထပ် အနှစ်နှစ်ဆယ် ဆိုတာကို မျှော်မှန်းကြည့်တော့လည်း ဒီစစ်တပ်ဆိုတဲ့ စစ်ယန္တရားကြီးကလည်း ဘယ်လိုမှ ပီပီပြင်ပြင် ချောချောမွေ့မွေ့ ပြောင်းလဲလာမယ့် အနေအထားဆိုတာ မမြင်ရသေးပါဘူး။ ဒါဟာ စိတ်ပျက်ဖို့ ပြောတာ မဟုတ်ပါဘူး။ သို့သော် ဘာပဲပြောပြော အရှိတရားက အရှိတရားပါပဲ။"

ဦးဝင်းတင်
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင်

© Copyright 1998 - 2008 Mizzima News. All Rights Reserved