သတင်း ဒေသန္တရသတင်း စစ်အစိုးရက ဗီဇာလျှောက်ထားမှုများကို ပိုမိုစိစစ်လာ
စစ်အစိုးရက ဗီဇာလျှောက်ထားမှုများကို ပိုမိုစိစစ်လာ Print E-mail
မဇ္ဈိမသတင်းဌာန   
သောကြာနေ့၊ မတ်လ 28 2008 00:02 - မြန်မာစံတော်ချိန်

နယူးဒေလီ။    ။ မေလတွင် ကျင်းပမည့် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲနီးကပ်လာသည်နှင့်အမျှ မြန်မာပြည်တွင်းသို့ ဝင်ရောက်ရန် တိုးရစ်ဗီဇာ ထုတ်ပေးမှုကို စစ်အစိုးရက တင်းတင်းကြပ်ကြပ် စိစစ်လာပုံရသည်။

ထိုင်းနိုင်ငံမှတဆင့် မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်ကြသော တိုးရစ်စ်အများစုသည် ဘန်ကောက်ရှိ ခရီးသွားအေဂျင်စီ အမြောက်အမြားမှ တဆင့် ဗီဇာလျှောက်ထား ရယူခဲ့ကြသည်။ သို့သော် ယခုအခါ ဘန်ကောက်ရှိ မြန်မာသံရုံး သည် ကိုယ်တိုင် လာရောက် လျှောက်ထားခြင်း မပြုသည့် နိုင်ငံကူး လက်မှတ်အချို့ကို ဗီဇာ ငြင်းပယ်ခြင်းများ ပြုလုပ်လျက်ရှိသည်။

မြန်မာသံရုံးက အဓိက ပစ်မှတ်ထား ငြင်းပယ်နေသော နိုင်ငံကူးလက်မှတ်များမှာ အမေရိကန်၊ ယူနိုက်တက် ကင်းဒမ်း နှင့်ဂျပန်နိုင်ငံတို့မှ နိုင်ငံသားများတို့၏ နိုင်ငံကူးလက်မှတ်များ ဖြစ်ကြသည်။

ချင်းမိုင် အခြေစိုက် ခရီးသွားလာရေး အေဂျင်စီတခု၏ အပြောအရ ယခုအခါ မြန်မာသံရုံးဝန်ထမ်းများက နိုင်ငံတွင်းသို့ ဝင်ရောက်လိုသူများကို ကိုယ်တိုင်ကိုယ်ကျ မေးမြန်းလိုကြောင်း မေတ္တာရပ်ခံမှုများ လုပ်ခဲ့သည်ဟုဆိုသည်။ လျှောက်ထားသူ အချို့၏ အလုပ်အကိုင်နှင့် ကိုယ်ရေး အချက်အလက်များကို နောက်ထပ် စစ်ဆေးရန် လိုသေးကြောင်း ပြောခဲ့သည်ဟု ဆိုသည်။

အမေရိကန်၊ ယူကေ နှင့် ဂျပန် နိုင်ငံတို့မှ ဗီဇာ လျှောက်ထားသူအားလုံး ဤကဲ့သို့ သံရုံးသို့ ကိုယ်တိုင်သွားရောက် လျှောက်ထားရန် လိုအပ်သလားဟု မေးမြန်းသည့်အခါ ယခုအခါ ဤအတိုင်းပင် ဖြစ်နေသည်ဟု ဘန်ကောက်မှ ခရီးသွား အေဂျင်စီတခုက အတည်ပြု ပြောကြားသွားပါသည်။ "ကျနော်တို့ အခုအထိတော့သူတို့အတွက် ဗီဇာယူ ပေးနေနိုင်တုံးပါဘဲ။ ဒါပေမဲ့ ဘာမှ သူတို့ကို ကတိမပေးနိုင်ဘူး" ဟု ခရီးသွားကုမ္ပဏီတခုမှ ဝန်ထမ်းတဦးက ပြောကြားသွားပါသည်။

မြန်မာနိုင်ငံတွင်းသို့ ဝင်ရောက်လိုသူများအတွက် ယခု ပေါ်ပေါက်နေသော အခက်အခဲများမှာ ယခင်ထက် စာလျှင် အသစ်ကဲ့သို့ ဖြစ်နေသော်လည်း နောက် ၄ လမှ ၅ လအတွင်း ဤကန့်သတ်ချက်များကို ပြန်လည် ရုပ်သိမ်းပေးလိမ့်မည်ဟု ယုံကြည်ကြောင်း ခရီးသွား အေဂျင်စီများက ထုတ်ဖေါ် ပြောကြားကြသည်။

သံရုံး ဗီဇာဌာနက အဘယ့်ကြောင့် ဤသို့လုပ်သည်ကို အသေအချာ မသိရသော်လည်း မေလတွင် ကျင်းပမည့် ဆန္ဒခံယူပွဲ မတိုင်ခင်၊ ဆန္ဒခံယူပွဲ ကျင်းပနေစဉ်တို့တွင် နိုင်ငံခြား သတင်းထောက်များနှင့် စာနယ်ဇင်းသမားများကို တိုင်း ပြည်တွင်းသို့ မဝင်ရောက်စေလိုခြင်းနှင့် ဆက်စပ်နေဖွယ် ရှိသည်ဟု ယူဆကြသည်။

ယမန်နှစ် ရွှေဝါရောင် တော်လှန်ရေးအတွင်းက နိုင်ငံခြားသားများသည် ကမ္ဘာလှည့် ခရီးသွားဗီဇာဖြင့် အယောင်ဆောင် ဝင်ရောက်လာပြီး ဆန္ဒပြပွဲ သတင်းများကို ပေးပို့ခဲ့ကြသည်ဟု စစ်အစိုးရက စွပ်စွဲထားသည်။ ဤ ဆန္ဒပြပွဲများအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လက်ချက်ဖြင့် ဒါဇင်ပေါင်းများစွာသော ဆန္ဒပြသူများ သေဆုံးခဲ့ရသည်။

စက်တင်ဘာလ ၂၇ ရက်နေ့က အနီးကပ် ပစ်သတ်ခြင်းခံခဲ့ရသော ဂျပန်သတင်းထောက် ကင်ဂျီနာဂါအိ Kenji Nagai သည် နိုင်ငံတွင်းသို့ ကမ္ဘာလှည့် ခရီးသွားဗီဇာ ဖြင့်ဝင်ရောက်လာခဲ့သည်။

၅ လအတွင်း ယခု ကန့်သတ်ချက်များကို လျှော့ပေါ့ ပယ်ဖျက်ပေးလိမ့်မည် ဆိုသည့် ယူဆချက် မှန်ကန်ပါက ထိုအချိန်သည် ဤ အရှေ့တောင်အာရှနိုင်ငံ၏ ကမ္ဘာလှည့် ခရီးသွားရာသီအစနှင့် တိုက်ဆိုင်နေလိမ့်မည် ဖြစ်သည်။ ယမန်နှစ် ထိုအချိန်က ဖြစ်ပွါးခဲ့သော အရေးအခင်းများကြောင့် အထိနာခဲ့ရသော တိုင်းပြည်၏ ခရီးသွားလုပ်ငန်းမှာ ယခုအထိ အပြည့်အဝ နာလန်မထူသေးပေ။ 

 

သူတို့စကား

"ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရသည် နယ်နိမိတ် ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ ဥပဒေများအတိုင်း ဆောင်ရွက်လျက်ရှိပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ မှားယွင်းစွာ တောင်းဆိုမှုကို လက်ခံနိုင်ခြင်း မရှိသဖြင့် ပယ်ချခဲ့ကြောင်း၊ ထို့ပြင် မိမိတို့နိုင်ငံ၏ အကျိုးစီးပွားကို အပြည်ပြည်ဆိုင်ရာ ဥပဒေများနှင့်အညီ ဆက်လက် ကာကွယ်စောင့်ရှောက်သည့် အနေဖြင့် AD-7 လုပ်ကွက်အတွင်း ဆောင်ရွက်ရန် ရှိသည်တို့ကို ပြီးဆုံးသည်အထိ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်"

နိုဝင်ဘာလ ၇ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ

© Copyright 1998 - 2008 Mizzima News. All Rights Reserved