သတင်း ဒေသန္တရသတင်း တိဘက်အရေးသည် တရုတ်၏ ပြည်တွင်းရေးဟု နအဖ ပြော
တိဘက်အရေးသည် တရုတ်၏ ပြည်တွင်းရေးဟု နအဖ ပြော Print E-mail
နေသွင်   
ကြာသပတေးနေ့၊ မတ်လ 27 2008 20:56 - မြန်မာစံတော်ချိန်

ချင်းမိုင်။    ။ နှစ်ပတ်ကျော်ကြာ ဖြစ်ပွားနေပြီး လှုပ်ရှားတက်ကြွသူ ဒါဇင်နှင့်ချီ သေဆုံးခဲ့သော တိဘက်အရေးအခင်းသည် တရုတ်နိုင်ငံ၏ ပြည်တွင်းရေး သက်သက်သာ ဖြစ်သည်ဟု စစ်အစိုးရက ယနေ့ သဘောထား ထုတ်ပြန်လိုက်သည်။ 

ယနေ့ထုတ် မြန်မာ့အလင်းစာတွင် ဖော်ပြထားသော ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရသဘောထား ထုတ်ပြန်ချက်တွင် "တိဘက်တွင် ဖြစ်ပွားသည့် ဖြစ်ရပ်များသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ပြည်တွင်းရေး ဖြစ်သည်" ဟု ဆိုကာ "တိဘက်မှ ဖြစ်ရပ်များအား ပေကျင်း အိုလံပစ် အားကစားပွဲတော်နှင့် ဆက်စပ်ရန် ကြိုးပမ်းမှု မှန်သမျှကို ဆန့်ကျင်သည်" ဟု ဖော်ပြထားသည်။ 

ယနေ့ ထုတ်ပြန်ချက်သည် မတ်လ ၁ဝ ရက်နေ့ကတည်းက ဖြစ်ပွားနေသော တိဘက် အရေးအခင်းအပေါ် မြန်မာစစ်အစိုးရ၏ ပထမဆုံးအကြိမ် တရားဝင် သဘောထားဖြစ်ပြီး အရေးအခင်းနှင့် ပတ်သက်၍ တရုတ်အစိုးရကို ဒီမိုကရေစီနိုင်ငံကြီးများက အပြစ်တင် နေချိန်နှင့်လည်း တိုက်ဆိုင်နေသည်။ 

မြန်မာ့ဒီမိုကရေစီ အတိုက်အခံများက စစ်အစိုး၏ တိဘက်ကိစ္စ သဘောထား ထုတ်ပြန်ချက်သည် တရုတ်အစိုးရအပေါ် မျက်နှာလုပ်ခြင်းနှင့်အတူ စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေးကိုလည်း မြန်မာပြည်၏ ပြည်တွင်းရေးအဖြစ် တဖက်လှည့် ထုတ်ပြောလိုက်ခြင်း ဖြစ်သည်ဟု မြင်သည်။ 

မြန်မာစစ်အစိုးရသည် ယခင်ကလည်း တရုတ်နိုင်ငံ၏ ထိုင်ဝမ်နိုင်ငံရေး အကျပ်အတည်းတွင်လည်း တရုတ်အစိုးရကို ထောက်ခံကြောင်း ထုတ်ဖော် ပြောဆိုခဲ့ဖူးသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) နိုင်ငံခြားရေးတာဝန်ခံ ကိုညိုအုန်းမြင့်က "ပထမတချက်က တရုတ်ပြည်ရဲ့ ထောက်ခံချက်ကို လိုချင်တဲ့အတွက် တရုတ်ပြည် လိုချင်တာ အကုန်လိုက်ပြောမှာ ဖြစ်ပါတယ်။ ဒုတိယက မြန်မာပြည်မှာ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးမှာ သံဃာတော်တွေ ဦးဆောင်တဲ့ အတွက်ကြောင့် တရုတ်ပြည်အတွက် အရေးကြီးတဲ့ကိစ္စ ဖြစ်တယ်။ ဒီအပေါ်မှာ တရုတ်က ကိုင်တွယ်တဲ့ ကိစ္စမှန်သမျှကို တရုတ်ပြည်ကို ကာကွယ်ချင်တာထက် မြန်မာပြည်မှာ ဖြစ်ပွားတဲ့ ကိစ္စဟာ ပြည်တွင်းရေးကိစ္စ ဖြစ်တယ်လို့ ပြောချင်တဲ့အတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဗီတိုအာဏာ သုံးနိုင်တဲ့ နိုင်ငံလည်း ဖြစ်တယ်။ အိမ်နီးချင်းနိုင်ငံလည်း ဖြစ်တယ်။ အဲဒီနိုင်ငံကို မျက်နှာသက်သက် လုပ်တယ်လို့ ကျနော် သဘောပေါက်ပါတယ်" ဟု ပြောသည်။ 

ကိုညိုအုန်းမြင့်သည် မကြာသေးခင်ကပင် တရုတ်နိုင်ငံသို့ သွားရောက်ခဲ့ပြီး တရုတ်အစိုးရပိုင်းမှ အရာရှိအချို့နှင့် တွေ့ဆုံခဲ့သူ ဖြစ်သည်။ နောက်ဆုံးတွေ့ဆုံမှုတွင် တရုတ်အစိုးရဘက်က မြန်မာပြည်နှင့် ပတ်သက်သော စိုးရိမ်မှုအချို့ကို သိခွင့်ရခဲ့သည်ဟု ကိုညိုအုန်းမြင့်က ပြောသည်။ 

"တရုတ်က မြန်မာပြည် ပြဿနာကို ငြိမ်းငြိမ်းချမ်းချမ်း သွားချင်တာပေါ့။ ဒါ သူတို့ အမြဲတမ်း ပြောနေတဲ့ဟာပေါ့။ တဖက်မှာလည်း မြန်မာပြည်နဲ့ အိုလံပစ်နဲ့ ဆက်နွယ်မှုကို စိုးရိမ်တယ်။ တဖက်မှာလည်း နအဖ ဘက်ကို သဘောထား မပြောင်းလဲရတဲ့အချက်က ကျနော်တို့ အတိုက်အခံအနေနဲ့ မြန်မာပြည်အပေါ်မှာ ကိုင်တွယ်မယ့် ဘယ်လို အုပ်ချုပ်မလဲ၊ ဘယ်လို ဖွံ့ဖြိုးတိုးတက်အောင် လုပ်မလဲဆိုတဲ့ အချက်ကို သူတို့ သိချင်တယ် ဆိုတဲ့အချက်ကို ကျနော်တွေ့ပါတယ်။ နအဖက လာမယ့် ဆန္ဒခံယူပွဲမှာ ပြတ်ပြတ်သားသား နိုင်တာပဲ ဖြစ်ဖြစ်၊ မဖြစ်နိုင်ခဲ့ရင် ဘာဖြစ်မလဲ ဆိုတာကို တရုတ်အစိုးရက စိုးရိမ်တယ်လို့ ထင်ပါတယ်" ဟု သူက ဆိုသည်။ 

ဒီမိုကရေစီ လိုလားသော ၈၈ မျိုးဆက်ကျောင်းသားများက တရုတ်အစိုးရသည် မြန်မာစစ်အစိုးရကို လက်နက် ထောက်ပံ့နေသဖြင့် မြန်မာပြည်တွင် ပြည်သူလူထု၏ ဖိနှိပ်ခံရမှုများအပေါ် တာဝန်ရှိသည်ဟု ဆိုကာ လာမည့် သြဂုတ်လ ၈ ရက်နေ့တွင် ပြုလုပ်မည် ဘေဂျင်း အိုလံပစ်ပွဲတော်ကို သပိတ်မှောက်ကြရန် မကြာခင်ကပင် လှုံ့ဆော်ထားသည်။ မြန်မာစစ်ခေါင်းဆောင်များအပေါ် သြဇာညောင်းသည်ဟု သတ်မှတ်ခံရသော တရုတ်အစိုးရသည် နိုင်ငံတကာနှင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် မြန်မာ့အရေးကို ပြည်တွင်းရေးအဖြစ် မကြာခဏ ထုတ်ဖော်ပြောလေ့ရှိသည်။ 

တရုတ် အရာရှိများနှင့် တွေ့ဆုံခဲ့သော ကိုညိုအုန်းမြင့်က "ကျနော်တို့အနေနဲ့ ဘုန်းတော်ကြီးတွေ ဒီလို ဖြစ်တယ်၊ ပြည်သူတွေက တရုတ်အစိုးရအပေါ်မှာ မကျေနပ်လို့ ဖြစ်တဲ့အပေါ်မှာ အန်အယ်ဒီ အနေနဲ့ရော၊ အန်စီယူဘီ အနေနဲ့ရော ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းစေချင်တဲ့ ဆန္ဒရှိပါတယ်။ ကျနော်တို့က သူတပါး ပြည်တွင်းရေးကို ဝင်မစွက်ပါဘူး။ ဒါပေမဲ့ ကျနော်တို့ ပြည်တွင်းရေးကို တရုတ်အစိုးရက တော်တော်များများ ပါဝင် ပတ်သက်နေတဲ့အတွက် ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းပေးပါလို့ပဲ ကျနော်တို့ သဘောထားပေးနိုင်ပါတယ်။ ဒီဟာကို ကန့်ကွက်ရူတ်ချတာထက်စာရင် ဒီလို မငြိမ်မသက်ဖြစ်တဲ့အတွက် အများကြီး စိုးရိမ်မကင်းဖြစ်တယ်။ နှစ်ဖက်စလုံးက ပြဿနာတခုကို ပြေပြေလည်လည် ဖြေရှင်းနိုင်မယ်လို့ မျှော်လင့်ပါတယ်" ဟု ဆိုသည်။ 

တိဘက်မြို့တော် လာဆာ (Lhasa) တွင် သံဃာတော်များ ဦးဆောင်သော လှုပ်ရှားမှုအတွင်း တရုတ်အာဏာပိုင်များ၏ ဖြိုခွင်းမှုကြောင့် လူ ၂၂ ဦး သေဆုံးခဲ့သည်ဟု တရုတ်အစိုးရက သတင်းထုတ်ပြန်ထားပြီး ပြည်ပရောက် တိဘက်အစိုးရနှင့် တိဘက် လူ့အခွင့်အရေးအဖွဲ့တို့က လူပေါင်း ၁၄ဝ ကျော် သေဆုံးခဲ့သည်ဟု ဆိုသည်။ 

မြန်မာပြည်တွင် စက်တင်ဘာအတွင်းက လူ ၃ဝ ကျော် သေဆုံးခဲ့သော သံဃာတော်များ ဦးဆောင်သော လှုပ်ရှားမှုနှင့် အလားသဏ္ဍာန် တူညီသော တိဖက်လှုပ်ရှားမှုကို မြန်မာ့ ဒီမိုအင်အားစုများကလည်း နိုင်ငံတကာ အသိုင်းအဝိုင်းနည်းတူ စာနာကြောင်း ပြသခဲ့သည်။ 

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက အိန္ဒိယတွင် အခြေစိုက်သော မြန်မာ့ဒီမိုကရေစီ လှုပ်ရှားသူများသည် အိန္ဒိယရောက် တိဘက် လှုပ်ရှားသူများနှင့်အတူ ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သလို ပြည်ပ မြန်မာသံဃာအဖွဲ့အစည်များနှင့် ဒီမိုကရေစီ အင်အားစုများကလည်း တရုတ်အစိုးရ၏ အင်အားသုံး ဖြိုခွင်းမှုအပေါ် အပြစ်တင်ခဲ့ကြသည်။ 

ဂျနီဗာ အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့၏ ယနေ့ တောင်းဆိုချက်တွင် ကုလသမဂ္ဂ လူ့အခွင့်အရေးအဖွဲ့ အနေဖြင့် တိဘက်အရေးအခင်းနှင့် ပတ်သက်၍ ဆွေးနွေးရန် တိုက်တွန်းထားသည်။ 

မကြာခင်က ပြုလုပ်သော ကုလသမဂ္ဂ လူ့အခွင့်ရေးကောင်စီ၏ အစည်းအဝေးတွင် သြစတြေးလျား၊ ဥရောပသမဂ္ဂ အဖွဲ့၊ ဆွစ်ဇာလန်၊ အမေရိကန် ပြည်ထောင်စုတို့က တိဘက်ကိစ္စကို ဆွေးနွေးရန် အဆိုပြုခဲ့သော်လည်း တရုတ်နိုင်ငံက အယ်ဂျီးရီးယား၊ ကျုးဘား၊ ပါကစ္စတန်၊ သီရိလင်္ကာ၊ ဇင်ဘာဘွေ နိုင်ငံတို့၏ ထောက်ခံမှုနှင့်အတူ ပယ်ချခဲ့သည်။ 

အမေရိကန်သမ္မတ ဂျော့ဒဗလျူဘုရှ်ကလည်း တရုတ်သမ္မတ ဟူကျင်တောင်းထံသို့ ယမန်နေ့က ဖုန်းခေါ်ခဲ့ပြီးနောက် တိဘက်ခေါင်းဆောင် ဒလိုင်းလားမား၏ ကိုယ်စားလှယ်အဖွဲ့နှင့် စေ့စပ်ရန် တိုက်တွန်းခဲ့သည်။ 

တိဘက်သည် ၁၉၅ဝ ခုနှစ်တွင် တရုတ်က ဝင်ရောက်သိမ်းပိုက်ခဲ့ပြီး တရုတ်အုပ်ချုပ်ရေးကို ဆန့်ကျင်သော ဒလိုင်းလားမား ဦးဆောင်သော ၁၉၅၉  ခုနှစ် မတ်လ ၁ဝ ရက် အရေးအခင်းသည် ဖြိုခွင်းခံရသည်။ 

တရုတ်အစိုးရက တိဘက်ခေါင်းဆောင် ဘုန်းတော်ကြီး ဒလိုင်းလားမားကို ခွဲထွက်ရေးသမားဟု စွပ်စွဲသော်လည်း အိန္ဒိယတွင် သောင်းချီသော ထောက်ခံသူ တိဘက်သားများနှင့်အတူ ရှိနေသော ပြည်ပရောက် တိဘက်အစိုးရ၏ ခေါင်းဆောင်  နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဘုန်းတော်ကြီးက တရုတ်ပြည် အနောက်ဘက်ရှိ ဟိမဝန္တာဒေသကို ကိုယ်ပိုင် အုပ်ချုပ်ရေးပေးရမည်ဟု တောင်းဆိုနေသည်။

 

သူတို့စကား

"ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရသည် နယ်နိမိတ် ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ ဥပဒေများအတိုင်း ဆောင်ရွက်လျက်ရှိပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ မှားယွင်းစွာ တောင်းဆိုမှုကို လက်ခံနိုင်ခြင်း မရှိသဖြင့် ပယ်ချခဲ့ကြောင်း၊ ထို့ပြင် မိမိတို့နိုင်ငံ၏ အကျိုးစီးပွားကို အပြည်ပြည်ဆိုင်ရာ ဥပဒေများနှင့်အညီ ဆက်လက် ကာကွယ်စောင့်ရှောက်သည့် အနေဖြင့် AD-7 လုပ်ကွက်အတွင်း ဆောင်ရွက်ရန် ရှိသည်တို့ကို ပြီးဆုံးသည်အထိ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်"

နိုဝင်ဘာလ ၇ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ

© Copyright 1998 - 2008 Mizzima News. All Rights Reserved