တနင်္လာ, ၁၅ မတ် ၂၀၁၀

Mizzima Burmese

Home > သတင်း > ဒေသန္တရသတင်း > တွေ့ဆုံဆွေးနွေးရေး ဆက်လုပ်မည်ဟု မစ္စတာ ဂမ်ဘာရီ ပြောဆို

တွေ့ဆုံဆွေးနွေးရေး ဆက်လုပ်မည်ဟု မစ္စတာ ဂမ်ဘာရီ ပြောဆို

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင်။    ။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်အစိုးရကြားတွင် တွေ့ဆုံဆွေးနွေးရေးအတွက် ဆက်လက် လုပ်ဆောင်သွားမည်ဟု ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ ကိုယ်စားလှယ်က ယမန်နေ့က ပြောသည်။

ယခုလ ၆ ရက်မှ ၁၀ ရက်နေ့အထိ မြန်မာပြည်သို့ သွားရောက်ခဲ့သော မစ္စတာဂမ်ဘာရီက သူ၏ နောက်ဆုံးခရီးစဉ်အတွင်း ဖြစ်ထွန်းမှုများကို ကုလလုံခြုံရေးကောင်စီသို့ အစီရင်ခံရာတွင် ယခုကဲ့သို့ ထည့်သွင်း ပြောကြားသွားခြင်း ဖြစ်သည်။

ယမန်နေ့ ညနေပိုင်းက လုံခြုံရေးကောင်စီ အဖွဲ့ဝင် ၁၅ နိုင်ငံမှ ကိုယ်စားလှယ်များ တက်ရောက်သော ကြားနာပွဲတွင် သူ၏ နောက်ဆုံး ခရီးစဉ်အပေါ်  ပထမဆုံး စိတ်ပျက်မိကြောင်း ထုတ်ဖော် ပြောကြားခဲ့သလို အကျိုးဖြစ်ထွန်းမှုများကိုလည်း ထည့်သွင်း တင်ပြသွားသည်။

" အရင်ခရီးစဉ်တွေက ရှိခဲ့တဲ့ ရလဒ်တွေအပေါ် နောက်ထပ် တိုးတက်မှုတွေ လုပ်ဆောင်နိုင်စရာ ရှိပေမယ့် ပြီးခဲ့တဲ့ နောက်ဆုံး ခရီးစဉ်မှာ မယ်မယ်ရရ ဘာတခုမျှ မစွမ်းဆောင်နိုင်ခဲ့တာ စိတ်ပျက်စရာ ကိစ္စ ဖြစ်ပါတယ် " ဟု မစ္စတာ ဂမ်ဘာရီက ပြောသည်။

သို့သော် ကုလသမဂ္ဂသည် လွန်ခဲ့သော ၂ နှစ်အတွင်း မြန်မာပြည်တွင် အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးတို့ကို ရှေးရှုလျက် စစ်အစိုးနှင့် မျက်နှာချင်းဆိုင် ဆွေးနွေးနိုင်သော အခြေအနေတရပ်ကို ဆက်လက် ထိန်းထားနိုင်သော တခုတည်းသော နိုင်ငံတကာအဖွဲ့ ဖြစ်သည်ဟု မစ္စတာဂမ်ဘာရီက ပြောသည်။

တဦးနှင့်တဦး မျက်နှာချင်း မဆိုင်ခဲ့ကြသော စစ်အစိုးရနှင့် ဒေါ်အောင်ဆန်းစုကြည်တို့အကြား ကူးသန်း စေ့စပ်ပေးနိုင်သော တခုတည်းသော ပြင်ပအဖွဲ့အစည်း ဖြစ်သည်ဟုလည်း မစ္စတာဂမ်ဘာရီက ပြောသည်။

ပြီးခဲ့သည့် ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် ဒုတိယအကြိမ် တွေ့ဆုံခွင့် ပေးခဲ့ခြင်းသည် စစ်အစိုးရဘက်က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးလမ်းကြောင်းကို ဆက်ဖွင့်ထားလိုကြောင်း ပြသမှုတခု ဖြစ်သည်ဟု ဆိုသည်။

ခရီးစဉ်အတွင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် တွေ့ဆုံခွင့် မရသော်လည်း ပြောရေးဆိုခွင့် အာဏာပိုင်အဖွဲ့၊ နိုင်ငံခြားရေးဝန်ကြီး၊ ဖွဲ့စည်းပုံ မူကြမ်း ရေးဆွဲရေးကော်မတီ၊ ဆန္ဒခံယူပွဲ ကျင်းပရေးကော်မတီ စသည်တို့နှင့် တွေ့ဆုံခွင့် ရခဲ့သလို ဒေါ်အောင်ဆန်းစုကြည်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ပအို့ဝ်အဖွဲ့၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းတို့နှင့်လည်း တွေ့ဆုံနိုင်ခဲ့သည်ဟု ဆိုသည်။

သို့သော် တိုင်းရင်းသား ကိုယ်စားလှယ်များနှင့် ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့တို့ကိုမူ တွေ့ဆုံခွင့် မရခဲ့သည့် အခြေအနေကိုလည်း သူက ထည့်သွင်း ပြောကြားသည်။

သူ၏ ခရီးစဉ်တွင် မေလ လူထုဆန္ဒခံယူပွဲနှင့် ၂၀၁၀ ရွေးကောက်ပွဲ အစီအစဉ်နှင့် ပတ်သက်သော အမြင်ဖလှယ်မှုများ လုပ်ဆောင်နိုင်ခဲ့သဖြင့် မြန်မာအစိုးရနှင့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ရုံးတို့အကြား နောက်ထပ် အလုပ်လုပ်နိုင်ရေးအတွက် ကြီးမားသော နားလည်မှုကို ရရှိခဲ့သည်ဟု ဆိုသည်။

စစ်အစိုးရဘက်က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရေးအတွက် ဆက်ဆံရေး ၀န်ကြီးတဦး ခန့်အပ်ထားပြီး တွေ့ဆုံမှု အကြိမ်အများအပြား လုပ်ဆောင်ခဲ့သည့်အပေါ် အသိအမှတ်ပြုရမည် ဖြစ်သလို ဒေါ်အောင်ဆန်းစုကြည် ဘက်ကလည်း ထိရောက်ပြီး အချိန် အကန့်အသတ်ရှိသော တွေ့ဆုံဆွေးနွေးရေး ပေါ်ပေါက်လာရေးအတွက် ကုလသမဂ္ဂ၏ ကူညီ လုပ်ဆောင်နေမှုများအပေါ် မျှော်လင့်ချက်ရှိနေဆဲ ဖြစ်သည်ဟု သူက ထည့်သွင်း ပြောကြားခဲ့သည်။

လူထုဆန္ဒခံယူပွဲနှင့် ရွေးကောက်ပွဲသည် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလ၏ အရေးအကြီးဆုံး မှတ်တိုင်တခု ဖြစ်သလို သူ့ခရီးစဉ်မှ အပြန်ခရီးတွင် လာမည့် မေလ ဆန္ဒခံယူပွဲနှင့် ၂၀၁၀ ရွေးကောက်ပွဲတွင် နိုင်ငံရေး အဖွဲ့အစည်းအားလုံးကို လွတ်လပ်စွာ ပါဝင်နိုင်ရေးအတွက် စစ်အစိုးရဘက်မှ အကြိမ်ကြိမ် အာမခံခဲ့သည်ဟုလည်း ဆိုသည်။

နှစ်ပေါင်း ၆၀ ပြည်တွင်းစစ် ဖြစ်ခဲ့သော မြန်မာပြည်တွင် အစိုးရနှင့် ဒါဇင်နှင့် ချီသော အုပ်စုများကြားတွင် လက်နက်ကိုင်တိုက်ပွဲများ ဖြစ်ပေါ်ခဲ့ပြီး ယခုအချိန်ထိလည်း လက်နက်ကိုင်တပ် ၂ ဒါဇင်ကျော် ရှိသည်ဟု ထောက်ပြကာ စစ်အစိုးရ၊ ဒေါ်အောင်ဆန်းစုကြည်နှင့် အခြား သက်ဆိုင်ရာ အဖွဲ့အစည်းများ ပါဝင်သော၊ အချိန် အကန့်အသတ်ရှိသော တွေ့ဆုံဆွေးနွေးရေးကို အစောတလျင် ပြုလုပ်ခြင်းသည် မြန်မာပြည်၏ အကျိုးစီးပွားဖြစ်သည်ဟု ဆိုသည်။

၎င်းမတိုင်ခင် တရက်က ကုလသမဂ္ဂ အထွေထွေညီလာခံကလည်း မြန်မာပြည်တွင် အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် ဘက်အားလုံး လေးနက်မှုရှိပြီး၊ သံဓိဌာန်ခိုင်မာစွာ လုပ်ဆောင်ကြရန် တိုက်တွန်းခဲ့သည်။

ကုလသမဂ္ဂ၏ အထွေထွေညီလာခံ သဘာပတိဖြစ်သူ Srgjan Kerim က အနာဂတ် အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် ဘက်အားလုံး ပါဝင်သော စေ့စပ်မှုများ လုပ်ဆောင်ရန် တိုက်တွန်းခဲ့သည်။

အထွေထွေညီလာခံ၏ ကြေညာချက်တွင် မြန်မာ့အရေးတွင် မစ္စတာ ဂမ်ဘာရီ၏ ပါဝင်နေမှုနှင့် လုပ်ဆောင်ချက်များကို ယုံကြည်မှု ရှိကြောင်းနှင့် ပြီးခဲ့သည့် ခရီးစဉ်အတွင်း အရေးကြီးသော ပုဂ္ဂိုလ်များနှင့် တွေ့ဆုံနိုင်သည့်အပေါ် အားတက်ကြောင်း ဖော်ပြထားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရသူ ဦးဥာဏ်ဝင်း " အားလုံး ပါဝင်နိုင်တဲ့ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးက တိုင်းပြည်အတွက် အကောင်းဆုံး၊ ဒီနည်းလမ်းကို အောင်မြင်အောင် မဆောင်ရွက်နိုင်ရင် တိုင်းပြည်လည်း အခက်အခဲတွေ့မယ်၊ လူထုလည်း အများကြီး အခက်အခဲဖြစ်မယ်။ ဒီဟာကို ကျနော်တို့ ကြိုဆိုပါတယ်။ အကောင်းဆုံး နည်းလမ်းလို့ ပြောချင်ပါတယ် " ဟု မဇ္ဈိမသို့ ယမန်နေ့က ပြောသည်။

သူက ဆက်ပြီး " ကုလသမဂဟာ မျှော်လင့်ချက်မရှိတဲ့ အခြေအနေ မဟုတ်ပါဘူး။ ကုလသမဂ္ဂ္ဂဟာ မိမိဆောင်ရွက်နိုင်တဲ့ လုပ်ပိုင်ခွင့်အတွင်းက ဆောင်ရွက်နိုင်တယ်၊ ကုလသမဂ္ဂ ဆောင်ရွက်တာကိုလည်း  ကျနော်တို့ အမြဲကြိုဆိုတယ်။ အမြဲတမ်းလည်း မျှော်လင့်ထားပါတယ် " ဟု ပြောသည်။

အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် အရေးကြီးသော တွေ့ဆုံဆွေးနွေးရေးသည် အရေးကြီးပြီး နောက်ထပ် တွေ့ဆုံဆွေးနွေးရေး လုပ်ဆောင်နိုင်ရန် အန်အယ်ဒီက ယုံကြည်ထားဆဲ ဖြစ်ကြောင်း ဦးဥာဏ်ဝင်းက ဆိုသည်။

နိုင်ဂျီးရီးယား သံတမန်သည် မြန်မာပြည်တွင် အမျိုးသား ပြန်လည်သင့်မြတ်ရေး။ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက် အထွေထွေ အတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ်အဖြစ် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ တာဝန်ပေးအပ်ခြင်း ခံထားရသူ ဖြစ်သည်။

ပြီးခဲ့သည် ခရီးစဉ်အတွင်း စစ်အစိုးရ ပြောရေးဆိုခွင့် အာဏာပိုင်အဖွဲ့နှင့် တွေ့ဆုံစဉ် အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးချုပ် ကျော်ဆန်းက မစ္စတာဂမ်ဘာရီနှင့် ကုလသမဂ္ဂ၏ လုပ်ဆောင်ချက်များကို ဝေဖန်ခဲ့သလို အထွေထွေ အတွင်းရေးမှူးချုပ်၏ တောင်းဆိုချက်များ အားလုံးကိုလည်း ပယ်ချခဲ့သဖြင့် အောင်မြင်မှု မရှိသော ခရီးစဉ်အဖြစ် သတ်မှတ်ကြသည်။

ခရီးစဉ်အတွင်း မစ္စတာဂမ်ဘာရီက မေလ လူထုဆန္ဒခံယူပွဲတွင် ကုလသမဂ္ဂနှင့် နိုင်ငံတကာ၏ လေ့လာစောင့်ကြည့်ခွင့်နှင့် နည်းပညာ အကူအညီပေးရန် ကမ်းလှမ်းခဲ့သော်လည်း စစ်အစိုးရဘက်က လက်မခံဘဲ ပယ်ချခဲ့သည်။

 

Editor's choice

မြန်မာရွေးကောက်ပွဲ ဥပဒေကို စိတ်ပျက်လှကြောင်း အမေရိကန်ပြော

စစ်အစိုးရ၏ ရွေးကောက်ပွဲဥပဒေက အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ၂၁၀၀ ကျော်သော နိုင်ငံရေး ...

ရွေးကောက်ပွဲ ဥပဒေက ပြည်ပနေ မြန်မာများအတွက် ပီပြင်မှု မရှိ

စစ်အစိုးရ၏ ရွေးကောက်ပွဲဥပဒေက စီးပွားရေးနှင့် နိုင်ငံရေးကြောင့် ပြည်ပတွင် ပြန့်နှံ့ရောက်ရှိနေသော မြန်မာသန်းပေါင်းများစွာ၏ ...

အမွန်းကျပ်ဆုံး အချိန်

ယခင်အာဏာရှင် ဦးနေဝင်းအစိုးရလက်ထက် ဖျက်သိမ်းခံလိုက်ရသော ဟံသာဝတီ သတင်းစာ၏ အယ်ဒီတာ၊ အမျိုးသားဒီမိုကရေစီ ...

ဘန်ကောက်ကို လေဖြတ်အောင် လုပ်ရန် ရှပ်နီများကြံ

ယခုသီတင်းပတ်ကုန်များတွင် အစိုးရဆန့်ကျင်ရေး လူထုဆန္ဒပြပွဲများ ပေါ်ပေါက်နိုင်သဖြင့် ထိုင်းနေပြည်တော်မှာ အရေးပေါ် ...