ကြာသပတေး, ၂၀ ဇွန် ၂၀၁၃

Mizzima Burmese

Home > သတင်း > ဒေသန္တရသတင်း > ဒေလီ ကားတိုက်မှု၊ မြန်မာဒုက္ခသည် ၂ ဦး သေဆုံး

ဒေလီ ကားတိုက်မှု၊ မြန်မာဒုက္ခသည် ၂ ဦး သေဆုံး

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

နယူးဒေလီ (မဇ္ဈိမ)။     ။ ညဘက်အလုပ်မှ ပြန်လာသူ မြန်မာဒုက္ခသည် ၂ ဦး ယာဉ်တိုက်မှုဖြစ်ရာ ပွဲချင်းပြီး သေဆုံးသည့် ဖြစ်ရပ်တခု အိန္ဒိယနိုင်ငံ နယူးဒေလီမြို့၌ ဗုဒ္ဓဟူးနေ့ မနက်အစောပိုင်းတွင် ဖြစ်ပွားခဲ့သည်။

Dhl-accident1မင်္ဂလာဆောင်တွင် စားပွဲထိုးလုပ်ပြီး မနက် ၂ နာရီခန့်တွင် ဆိုင်ကယ်ဖြင့် ပြန်လာသူ မြန်မာဒုက္ခသည် ၃ ဦး စီနင်းသည့် ဆိုင်ကယ်နှင့် ကုန်တင်ယာဉ် ဝင်တိုက်ရာ သေဆုံးသူများမှာ ချင်းတိုင်းရင်းသား ဖလမ်းနယ်သားများဖြစ်သည့် လာယ်အုပ် Lal Uk Bik (၂၈ နှစ်) နှင့် ဘန်လာယ်ကျဲလ် Van Lian Cue (၂ဝ နှစ်) ဖြစ်ပြီး ဦးခေါင်း ကျေမွကာ ပွဲချင်းပြီး သေဆုံးခြင်း ဖြစ်သည်။

“ဆိုင်ကယ်က ၃ ယောက် စီးလာတာ။ ကုန်ကားကို ကျော်တက်ပြီးတော့ နောက်ဆုံးက ထိုင်တဲ့သူက ဖုန်းလာလို့ အရှိန်လည်း လျှော့လိုက်တယ်။ ဖုန်းထုတ်တော့ သူက ‘အား’ ဆိုပြီး အော်လိုက်တော့ ဆိုင်ကယ်လက်ကိုင်က စောင်းပြီး၊ ကျနော်နဲ့ ဆိုင်ကယ်က ၁ဝ ပေလောက်ကို လွင့်သွားပြီး ဟို ၂ ယောက်က ကားအောက်ထဲကို ဝင်သွားတာ မြင်လိုက်ရတာပဲ” ဟု အခင်းဖြစ်ရာတွင် အသက်ရှင်ကျန်ရစ်သူ ၁၇ နှစ်အရွယ် မောင်ဘ (ခ) ဘွဲလ်ကျုံး Bual Cuns က မဇ္ဈိမကို ပြောသည်။ ကုန်ကားမှာ မရပ်ဘဲ ဆက်မောင်းသွားသဖြင့် ကားနံပါတ် မမှတ်မိဟု ဆိုသည်။

ယာဉ်တိုက်မှုကို နယူးဒေလီမြို့ အနောက်မြောက်ဘက်ရှိ အလီပူ ရဲစခန်းက အတည်ပြုပေးပြီး၊ ယာဉ်မောင်းသူကို စုံစမ်းနေသည်ဟု ဆိုသည်။

Dhl-accident2“မနက် ၂ နာရီလောက်က ဖြစ်တာပါ။ ကျနော်တို့ ဆေးရုံကို ပို့ပေးခဲ့တယ်။ UNHCR (ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး) ကိုလည်း အကြောင်းကြားဖို့ လုပ်နေပါတယ်။ ကားနံပါတ်လည်း မသိရသေးပါဘူး။ အဲဒီအမှုကို ဆက်လိုက်နေပါတယ်” ဟု အလီပူ ရဲအရာရှိ မစ္စတာ ဂနေ့(ရှ်) Ganesh က မဇ္ဈိမကို ပြောသည်။

အခင်းဖြစ်ရာသို့ ရဲများနှင့် ကူညီမည့်သူများ နာရီဝက်ခန့်အကြာတွင် ရောက်လာခဲ့ပြီး၊ သေဆုံးသူများ၏ ရုပ်အလောင်းကို Jahangir Puri အရပ်ရှိ အစိုးရဆေးရုံသို့ သယ်ဆောင်သွားခဲ့သည်။

ယခင်က ဖြစ်ပွားခဲ့သည့် ယာဉ်တိုက်မှုများကို ရဲများက ထိရောက်စွာ မဆောင်ရွက်ခဲ့သော်လည်း ယခုအမှုတွင် တရားခံကို ဖော်ထုတ်အရေးယူရန် မျှော်လင့်ကြောင်း  ချင်းတိုင်းရင်းသား အဖွဲ့တဖွဲ့ဖြစ်သည့် Falam  Union က ပြောသည်။

“သေသူမိသားစုက အနည်းဆုံးတော့ လျော်ကြေးရသင့်ပါတယ်။ တရားခံမိအောင် SLIC ကနေတဆင့် ကြိုးစားသွားရမှာပါ။ ကားတိုက်မှုဖြစ်လည်း ရဲတိုင်ရင် အရင်က ထိထိရောက်ရောက် မလုပ်ပေမယ့် ဒီတခါတော့ တရားခံမိအောင် လုပ်ပေးမယ်လို့ မျှော်လင့်တာပဲ” ဟု FaLam Union ဥက္ကဋ္ဌ ဦးရွန်ဆမ်းစင် Run Sum Sin က မဇ္ဈိမကို ပြောသည်။

မြန်မာဒုက္ခသည်များ၏ ရဲအမှုအခင်းများအတွက် Social and Legal Information Center (SLIC) က ကူညီပေးသော်လည်း ထိရောက်မှု မရှိဟု ဒုက္ခသည်များက ဆိုသည်။

နယူးဒေလီတွင် ချင်း၊ ရခိုင်၊ ဗမာ၊ ကချင် စသည့် မြန်မာနိုင်ငံသား ဒုက္ခသည် အများအပြားသည် အထည်ချုပ်၊ ညစောင့်၊ ဆိုင်ဝန်ထမ်း၊ ပလတ်စတစ်နှင့် ကားဘော်ဒီရိုက် စက်ရုံများ၌ ဝင်ရောက်လုပ်ကိုင်ကြပြီး တလလျှင် ရူပီး ၃ဝဝဝ ဝန်းကျင် ရရှိသည်။

ထို့ကြောင့် မင်္ဂလာဆောင်များတွင် အချိန်ပိုင်း စာပွဲးထိုးလုပ်ခြင်းက တညလျှင် ရူပီး ၁၈ဝ မှ ၂၅ဝ အထိ ရတတ်သဖြင့် မြန်မာဒုက္ခသည် အများအပြား သွားရောက်လုပ်ကိုင်လေ့ရှိသည်။

ယာဉ်တိုက်မှုတွင် သေဆုံးခဲ့သည့် Lal Uk Bik သည် ဇနီးသည်နှင့် တနှစ်ခွဲအရွယ် သားတဦး ကျန်ရစ်ခဲ့ပြီး၊ Van Lian Cue မှာ တဦးတည်းနေထိုင်သူ ဖြစ်သည်။

ရုပ်အလောင်းများကို ကြာသပတေးနေ့ မနက်တွင် သင်္ဂြိုဟ်သွားမည်ဖြစ်သည်။
 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement