ကြာသပတေး, ၂၀ ဇွန် ၂၀၁၃

Mizzima Burmese

Home > သတင်း > ဒေသန္တရသတင်း > Charles Hector ကို မလေးကုမ္ပဏီ လျော်ကြေးတောင်း

Charles Hector ကို မလေးကုမ္ပဏီ လျော်ကြေးတောင်း

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

(မဇ္ဈိမ) ။     ။ မြန်မာရွှေ့ပြောင်း လုပ်သားများအရေး ဆောင်ရွက်ပေးသည့် မစ္စတာ Charles Hector ကို ကွန်ပြူတာပစ္စည်း ကိုယ်ထည်ထုတ် Asahi Kosei (M) Sdn. Bhd ကုမ္ပဏီက ပြန်တရားစွဲမည့် ငွေတောင်းစာ ပေးပို့ထားသည်ဟု မလေးရှိ အလုပ်သမားအခွင့် လှုပ်ရှားသည့် အဖွဲ့များထံမှ စုံစမ်းသိရှိရသည်။

မလေးရှားတွင် နှစ် ၂ဝ ကျော် လူ့အခွင့်အရေး လိုက်လံ လုပ်ကိုင်ခဲ့သည့် မလေးနိုင်ငံသား Charles Hector ကို Asahi Kosei (M) Sdn. Bhd က ယခုလ ၁၁ ရက် နေ့စွဲဖြင့် မလေးရှားငွေ ရင်းဂစ် ၁ဝ သန်းနှင့်ညီသည့် အမေရိကန် ဒေါ်လာ ၃,၂၇၆,၅၄ဝ ပေးလျော်ရန်နှင့် မပေးပါက တရားစွဲသွားမည်ဟု စာရေးသားပေးပို့ခဲ့ခြင်း ဖြစ်သည်။

ဤသည်မှာ ၎င်းကုမ္ပဏီက မြန်မာလုပ်သား ၃၁ ဦးအပေါ် ဖိနှိပ်မှုများအတွက် ကမ္ဘာတလွှား အလုပ်သမားအရေးနှင့် လူ့အခွင့်အရေးအဖွဲ့ ၈၁ ဖွဲ့က ပြီးခဲ့သည့် သောကြာနေ့ထုတ် ကန့်ကွက် ကြေညာချက်နှင့် ဆက်စပ်သည်ဟု မလေးရှား ရွှေ့ပြောင်း အလုပ်သမားရေး ပူးပေါင်းဆောင်ရွက်မှုကွန်ယက် NAMM မှ ခွန်ပရာ နွန်ဆွမ်ဝေါင်က မဇ္ဈိမကို ပြောသည်။

ကြေညာချက်ထဲတွင် ကုမ္ပဏီသည် မြန်မာအလုပ်သမားများကို လုပ်အားခများအတွက် စာချုပ်အတိုင်း မပေးဘဲ လျှော့ပေးခြင်း၊ လုပ်အားခမှ အဆောင်စရိတ် ဖြတ်တောက်ခြင်း၊ အလုပ်မဆင်းနိုင်သည့် အလုပ်သမားများကို တရက်လျှင် ရင်းဂစ် ၅ဝ  ဖြတ်တောက်ခြင်းများ ပြုခဲ့သည်ဟု ရေးထားသည်။

“ကြေညာချက်မှာ ဒီနိုင်ငံရဲ့ ဥပဒေတွေအပြင် လျှပ်စစ်ပစ္စည်းထုတ်လုပ်သူများ စောင့်စည်းလိုက်နာအပ်သော စည်းမျဉ်းများ Electronic Industry Code of Conduct အရ အရေးယူဖို့ပါ တိုက်တွန်းထားလို့ သူတို့ကို နိုင်ငံတကာက အရေးမယူခင် လက်ဦးမှုရအောင် လုပ်တာ” ဟု Burma Campaign (မလေးရှား) မှ ကိုထွန်းထွန်းက မဇ္ဈိမကို ပြောသည်။

သူက ဆက်ပြီး “ဒီမှာ အလုပ်သမားအမှုတွေဖြစ်တိုင်း သူ့ (Charles Hector) ဆီက ဥပဒေကြောင်းအရ အကြံဉာဏ် တောင်းရတယ်။ ဒါ့အပြင် လုပ်ကိုင်ရမယ့် နည်းနာတွေကိုလည်း သူက ပြောပြတယ်။ လိုအပ်လို့ ကြေညာချက်တွေ ထုတ်မယ်ဆိုရင်လည်း ဥပဒေအရ ပိုင်ပိုင်နိုင်နိုင် ရေးနိုင်တယ်” ဟု ဆိုသည်။

Charles Hector သည် ၂ဝဝ၅-ဝ၆ ခုနှစ်တွင် မလေးရှား ဘားကောင်စီအဖွဲ့ဝင်၊ ၂ဝဝ၅-၂ဝဝ၇ တွင် ခွဲခြားမှု အဆုံးသတ်ရေး ကော်မရှင် ဥက္ကဋ္ဌ၊ သေဒဏ်နှင့် ညှဉ်းပန်းနှိပ်စက်မှု ဆန့်ကျင်ရေး MADPET ကော်မတီ၏ ညှိနှိုင်းဆောင်ရွက်ရေးမှူး တဦးလည်း ဖြစ်သည်။

Asahi Kosei (M) Sdn. Bhd ကုမ္ပဏီက ငွေတောင်းခံလွှာအား ယခုတပတ် တနင်္လာနေ့ မနက်တွင် မစ္စတာ Hector ၏ နေအိမ်သို့ ပေးပို့ခဲ့ခြင်း ဖြစ်သည်။ ကုမ္ပဏီမှာ ကွန်ပြူတာစက်ပစ္စည်းအပြင် ဗီဒီယိုအစိတ်အပိုင်းများ၊ ယာဉ်နှင့် စက်ပစ္စည်း သတ္တုကိုယ်ထည်များ ပုံလောင်းသည့် ကုမ္ပဏီဖြစ်သည်။

မြန်မာရွှေ့ပြောင်းလုပ်သားများက မလေးရှား အလုပ်သမားအရေး ဆောင်ရွက်သည့် အဖွဲ့များထံ ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ၎င်းတို့အပေါ်  ကုမ္ပဏီက ဖိနှိပ်နေမှုနှင့် မလေးရဲ အပါအဝင် လူတစုက ယခုလ ၇ ရက်နေ့တွင်  အလုပ်သမားအဆောင်များသို့ လာရောက်ခြိမ်းခြောက်ကာ မီးဖိုချောင်သုံး ပစ္စည်းများ၊ ရေခဲသေတ္တာ၊ စားပွဲ၊ ရုပ်မြင်သံကြား၊ ပန်ကာ စသည်တို့ကို ယူဆောင်သွားခဲ့ကြောင်း တိုင်တန်းခဲ့သည်ဟု ၈၁ ဖွဲ့ ကြေညာချက်ထဲတွင် ပါရှိသည်။

ယခုလ ၉  ရက်နေ့တွင် ကုမ္ပဏီနှင့် အလုပ်သမားများ အစည်းအဝေးတွင် လုပ်အားခကို ယခင် ရင်းဂစ် ၂ဝ မှ ၂၃ ရင်းဂစ်သို့ လည်းကောင်း၊ ရက်ပျက်လျှင် နှုတ်ယူသည့် ရင်းဂစ် ၅ဝ အစား တလတွင် ၂ ရက်ပျက်မှသာ ဖြတ်တောက်မည် ဖြစ်ကြောင်းနှင့် အဆောင်ခကို ယခင် တလ ၅ဝ ကောက်ခံရမှ ၃ဝ သို့ လျော့ချပေးမည်ဟု ဆိုကာ စာချုပ်အသစ်တွင် စဉ်းစားချိန် မပေးဘဲ လက်မှတ် ရေးထိုးစေခဲ့ကြောင်း ၈၁ ဖွဲ့ ကြေညာချက်တွင် ဖော်ပြထားသည်။

“အလုပ်သမားတွေပြောတာက သူတို့အခွင့်အရေးအတွက် ရပ်တည်မယ်ဆိုရင် ပြန်ပို့မယ်လို့ ထပ်တလဲလဲ ခြိမ်းခြောက်နေပါတယ်တဲ့။ အဲဒါအတွက်ကြောင့်လည်း သူတို့ မလွှဲမရှောင်သာ လက်မှတ်ထိုးလိုက်ရတာပါလို့ ပြောပါတယ်” ဟု ခွန်ပရာ နွန်ဆွမ်ဝေါင်က ပြောသည်။

စာချုပ်ကို မြန်မာအလုပ်သမား ကိုအောင်ဆန်းနှင့် ကိုသီဟစိုးမှလွဲ၍ အားလုံး လက်မှတ်ထိုးခဲ့သည်။ အဆိုပါကိစ္စနှင့် ပတ်သက်၍ ကိုအောင်ဆန်းက အလုပ်သမားများကိုယ်စား ယခုလ ၈ ရက်နေ့နှင့် ၉ ရက်နေ့တွင် မလေးရှား လူ့အခွင့်အရေးကော်မရှင်နှင့် မလေးရှား အလုပ်သမားဌာနသို့ လက်မှတ်ရေးထိုးကာ တိုင်ကြားခဲ့သည်။

“ဒီအမှုကို ပြီးတဲ့အထိ ဆက်လက် လုပ်ဆောင်သွားမယ်။ ဒီလိုမလုပ်ဘဲနေရင် မြန်မာပြည်က အေးဂျင့်က အခုလိုပဲ လူတွေထပ်ပို့ပြီး ဒုက္ခဖြစ်အောင် လုပ်နေမှာ။ ဒါကို ကာကွယ်တဲ့အနေနဲ့ လုပ်ရမယ်” ဟု ကိုအောင်ဆန်းက ဆိုသည်။ သူတို့နှစ်ဦးမှာ ယခုအခါ ပုန်းရှောင်နေကြရသည်။

“ကျမတို့ မျှော်လင့်တာက  မြန်မာရွှေ့ပြောင်းလုပ်သားတွေရဲ့ သောကတွေအတွက် တရားမျှတမှုရအောင် ဆောင်ရွက်ပေးတဲ့ သူ့ကို ကုမ္ပဏီက အခုလို တရားစွဲတာကို ချက်ချင်း ရပ်တန့်ဖို့ ကမ္ဘာတဝှမ်းကနေ ဖိအားပေး တိုက်တွန်းစေချင်တာပါပဲ” ဟု ခွန်ပရာ နွန်ဆွမ်ဝေါင်က ပြောသည်။


 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 135 guests online