နယူးဒေလီ (မဇ္ဈိမ) ။ ။ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် အဖွဲ့သည် အိန္ဒိယနိုင်ငံ၏ မြို့တော် နယူးဒေလီရှိ ၎င်းတို့တည်းခိုမည့် ITC Maurya ဟိုတယ်သို့ ယနေ့ ညနေ ၆ နာရီ ၅ဝ မိနစ်တွင် ရောက်ရှိလာသည်။
အဖွဲ့ဝင် ၈ဝ ကျော်နှင့်အတူ ယမန်နေ့က စတင်လိုက်သည့် အိန္ဒိယခရီးစဉ်တွင် ဗုဒ္ဓဂါယာနှင့် ဗာရာဏသီ ခရီးစဉ်များအပြီး နယူးဒေလီမြို့သို့ ရောက်ရှိလာခြင်း ဖြစ်သည်။
“အခု ညနေ ၆ နာရီ ၅ဝ မိနစ်မှာ ဟိုတယ်ကို သူတို့တွေ ရောက်လာကြတယ်။ အဖွဲ့မှာ လူပေါင်း ၈ဝ ကျော် ပါတယ်”ဟု ITC Maurya ဟိုတယ်မှ အဆင့်မြင့် တာဝန်ရှိသူတဦးက မဇ္ဈိမကို ပြောသည်။

ယင်းဟိုတယ်သည် နယူးဒေလီမြို့ Sardar Patel Marg အရပ်တွင် တည်ရှိပြီး ကြယ် ၅ ပွင့် အဆင့် ဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီးသည် ယနေ့နံနက်ပိုင်းက ဗုဒ္ဓဂါယာရှိ မြန်မာကျောင်းတိုက်တွင် ပင့်သံဃာ ၂၇ ပါးကို ပရိက္ခရာ ၈ ပါး၊ ဝါဆိုသင်္ကန်းများအပြင် နဝကမ္မ အလှူငွေအဖြစ် ကျောင်းထိုင်ဆရာတော် တပါးလျှင် အမေရိကန် ဒေါ်လာ ၂၂ဝဝ စီ လှူဒါန်းခဲ့သေးသည်။ ယင်းဆရာတော်များသည် အိန္ဒိယရှိ ရာဇဂြိုလ်၊ သာဝတ္ထိ၊ ဗာရာဏသီနှင့် ကာလကတ္တားမြို့ရှိ မြန်မာကျောင်းတိုက်များမှ ဖြစ်သည်။
’’အခုလို ဗုဒ္ဓဂါယာမှာ တော်တော်လေး အချိန်ကုန်ခံတယ်ဆိုတာက ဦးဇင်းအမြင်ကတော့ သူ့အတွက် ကုသိုလ်ယူဖို့ သက်သက်ကို လာတာဖြစ်မယ်။ အဖိုးကြီးက နေဝင်ဆည်းဆာချိန်၊ အရွယ်အားဖြင့် နောက်ဆုံးအရွယ် ရောက်နေပြီ။ အဲဒီတော့ သူ့ရဲ့ နောက်ဆုံးလက်ကျန် အချိန်မှာ ဘဝကူးကောင်းအောင် ကုသိုလ်ကောင်းမှုကို လာပြုလုပ်တယ်လို့ မြင်တယ်’’ ဟု ဂါယာရှိ စာသင်သား မြန်မာသံဃာတပါးက မဇ္ဈိမကို မိန့်ဆိုသည်။
မြန်မာစစ်ခေါင်းဆောင်နှင့် အဖွဲ့သည် ဗုဒ္ဓဂါယာတွင်မူ နိုင်ငံတကာ လေဆိပ်အနီး ကြယ်သုံးပွင့်အဆင့်ရှိ Royal Resident ဟိုတယ်တွင် တည်းခိုခဲ့ကြသည်။
“သူတို့အဖွဲ့က မနေ့က မနက် ၁ဝ နာရီခွဲမှာ ဟိုတယ်ကို ရောက်လာပြီးတော့ ဒီနေ့ နေ့လည် ၁၂ နာရီ ၄၅ မှာ ဟိုတယ်က ထွက်ခွာခဲ့ကြတယ်။ မြန်မာပြည်က အရာရှိတွေအပါအဝင် လူပေါင်း ၈၄ ဦး တည်းခဲ့တယ်” ဟု ဟိုတယ်မှ အဆင့်မြင့် တာဝန်ရှိသူတဦးက ပြောသည်။
မနက်ဖြန်တွင် အိန္ဒိယနိုင်ငံ သမ္မတ Pratibha Patel ၊ ဝန်ကြီးချုပ် Man Mohan Singh တို့နှင့် တွေ့ဆုံမည် ဖြစ်ကြောင်း အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိတဦးက မဇ္ဈိမကို ပြောသည်။
ထို့အပြင် ၂၈ ရက်နေ့ နံနက်အစောပိုင်းတွင် အိန္ဒိယရှိ အကြီးဆုံး စက်မှုကုမ္ပဏီဖြစ်သည့် Tata တည်ရှိရာ ဟိုက်ဒရာဘတ်မြို့သို့ လေကြောင်းဖြင့် သွားရောက်မည်ဟု သိရသည်။




