တနင်္လာ, ၁၅ မတ် ၂၀၁၀

Mizzima Burmese

Home > သတင်း > ဒေသန္တရသတင်း > ကမ္ဘာ့ထိပ်တန်းတွေးခေါ်ရှင် ၁၀၀ စာရင်းတွင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်

ကမ္ဘာ့ထိပ်တန်းတွေးခေါ်ရှင် ၁၀၀ စာရင်းတွင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်


နယူးဒေလီ (မဇ္ဈိမ)။ ။ ကမ္ဘာ့ခေါင်းဆောင်များနှင့် ဥာဏ်ကြီးရှင် အဖွဲ့များ၏ ဆောင်းပါးများ ထည့်သွင်း ဖော်ပြလေ့ရှိသည့် ကမ္ဘာတဝှန်းတွင် သြဇာကြီးမားသော အမေရိကန်အခြေစိုက် ‘Foreign Policy’ မဂ္ဂဇင်းကြီးက ကမ္ဘာ့ထိပ်တန်းတွေးခေါ်ရှင် ၁၀၀ စာရင်းတွင် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်နှင့် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို ထည့်သွင်း ဖော်ပြလိုက်သည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို `အမှောင်တိုက်ထဲမှ သက်ရှိထင်ရှား မျှော်လင့်ချက် သင်္ကေတ´ အဖြစ် ယခုလထုတ် မဂ္ဂဇင်းတွင် Foreign Policy က `ကမ္ဘာ့ထိပ်တန်း တွေးခေါ်ရှင် ၁၀၀´ စာရင်း၌ ထည့်သွင်း ရွေးချယ်ဖော်ပြလိုက်ခြင်း ဖြစ်သည်။ ယင်းသည် ဤမဂ္ဂဇင်း၏ ပထမဆုံး နှစ်စဉ် ထုတ်ပြန်သော စာရင်းဖြစ်သည်။

`မိုဟန်ဒတ်စ်ဂန္ဒီနှင့် ဗုဒ္ဓဘာသာတို့မှ အကြမ်းမဖက်ရေး သဘောတရားများကို ဈာန်ဝင်စားပြီး စစ်အစိုးရကို ဆန့်ကျင်သည့် လူထုလှုပ်ရှားမှု တရပ်ကို ဒေါ်အောင်ဆန်းစုကြည် ထူထောင်ခဲ့သည်´ ဟု Foreign Policy မဂ္ဂဇင်းကြီးက ရေးသားထားသည်။

ဤစာရင်းတွင် ဒေါ်အောင်ဆန်းစုကြည်က အဆင့် ၂၆ တွင်ရှိပြီး၊ အခြား အရှေ့တောင်အာရှ ခေါင်းဆောင်များဖြစ်သည့် မလေးရှားမှ အတိုက်အခံခေါင်းဆောင် အန်ဝါအီဘရာဟင်က အဆင့် ၃၂၊ အင်ဒိုနီးရှား နိုင်ငံရေး လေ့လာသုံးသပ်သူ ရီဇာဆုက်ကမား (Rizal Sukma) က အဆင့် ၉၂ အသီးသီး သတ်မှတ်ဖော်ပြခံရသည်။

ဤစာရင်းတွင် အခြား ထင်ရှားသြဇာရှိသော ကမ္ဘာ့ခေါင်းဆောင်များလည်း ပါဝင်ပြီး သမတ အိုဘားမားက အဆင့် ၂၊ ဗြိတိသျှဝန်ကြီးချုပ် ဂေါ်ဒွန်ဘရောင်းက အဆင့် ၇၄၊ ဘီလ်နှင့် ဟီလာရီ ရော့ဒမ် ကလင်တန်က အဆင့် ၆ အသီးသီး ရရှိကြသည်။

`သူမ၏ ထင်ရှားသော ၁၉၉၀ ခုနှစ် မိန့်ခွန်းတွင် ဒေါ်အောင်ဆန်းစုကြည်က ကြောက်ရွံ့ခြင်းသည် နေ့စဉ်ဘဝအတွင်း တည်ရှိနေသော အရာဖြစ်သည်၊ နိုင်ငံရေး ခေါင်းဆောင်များသည် မလွှဲမရှောင်သာဘဲ ခြစားမှုကို ခေါင်းငုံ့ အရှုံးပေးလိုက်ကြသည်ဟု ပြောကြားခဲ့ပြီး မြန်မာနိုင်ငံတွင် စိတ်ဓာတ်တော်လှန်ရေးတရပ် ဆင်နွှဲရန်လည်း သူမက တိုက်တွန်းလှုံ့ဆော်ခဲ့သည်´ ဟု အဆိုပါ မဂ္ဂဇင်းကြီးက ရေးသားထားသည်။

မြန်မာ့လွတ်လပ်ရေး ဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သော သူမသည် လွန်ခဲ့သော နှစ်ပေါင်း ၂၀ အတွင်း ၁၄ နှစ်ကြာမျှ ပုံစံတမျိုးမဟုတ် တမျိုးဖြင့် အထိန်းသိမ်းခံခဲ့ရသည်။

အမေရိကန် နိုင်ငံသားတဦး သူမ၏ အိမ်ထဲသို့ ရေကူးဝင်ရောက်လာပြီး သူမနှင့် တွေ့ဆုံခဲ့သည့် အလွန် အူကြောင်ကြောင်နိုင်သော ဖြစ်ရပ်ဖြစ်ပွားအပြီး သူမကို နေအိမ်အကျယ်ချုပ် စည်းကမ်း ချိုးဖောက်သည်ဟုဆိုကာ ယခုနှစ် သြဂုတ်လအတွင်းက နောက်ထပ် အကျယ်ချုပ် သက်တမ်း ၁၈ လ ထပ်မံ တိုးမြှင့်ခဲ့သည်။

သူမသည် မြန်မာနိုင်ငံသို့ ၁၉၈၈ ခုနှစ်တွင် ပြန်လည် ရောက်ရှိပြီးကတည်းက အတိုက်အခံ ခေါင်းဆောင်အဖြစ် တည်ရှိနေပြီး စစ်အစိုးရအပေါ် ပိတ်ဆို့ဒဏ်ခတ်မှုများ ပြုလုပ်ရန် အနောက်နိုင်ငံများကို ဆော်သြခဲ့သည်။

ဤသို့ ဆက်တိုက် ထိန်းသိမ်းခံနေခဲ့ရသော်လည်း မြန်မာနိုင်ငံတွင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ရရှိရေးအတွက် သူမ၏ ကြိုးပမ်းမှုများမှာ နိုင်ငံတကာ၏ အသိအမှတ်ပြုမှုနှင့် ထောက်ခံမှုကို ရရှိခဲ့ပြီး နိုင်ငံတကာမှ ချီးမြှင့်သော ဆုပေါင်း ၈၀ ကျော်ကို ရရှိထားပြီး ဖြစ်သည်။ အဆိုပါ ဆုများထဲတွင် ၁၉၉၁ ခုနှစ်က ရရှိခဲ့သည့် နိုဘယ်ငြိမ်းချမ်းရေးဆုနှင့် အိန္ဒိယနိုင်ငံ၏ ဂုဏ်သိက္ခာကြီးမားလှသော ၁၉၉၃ ခုနှစ်အတွက် နိုင်ငံတကာ နားလည်မှု ဂျဝါဟာလာနေရူးဆုတို့လည်း ပါဝင်သည်။

တိုင်းမဂ္ဂဇင်းကလည်း ၂၀၀၈ ခုနှစ်အတွက် ကမ္ဘာ့သြဇာအရှိဆုံး လူပုဂ္ဂိုလ် ၁၀၀ စာရင်းတွင် ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၀၈ ခုနှစ်က ထည့်သွင်း ဖော်ပြခဲ့သည်။


 

Editor's choice

ရွေးကောက်ပွဲ ဥပဒေက ပြည်ပနေ မြန်မာများအတွက် ပီပြင်မှု မရှိ

စစ်အစိုးရ၏ ရွေးကောက်ပွဲဥပဒေက စီးပွားရေးနှင့် နိုင်ငံရေးကြောင့် ပြည်ပတွင် ပြန့်နှံ့ရောက်ရှိနေသော မြန်မာသန်းပေါင်းများစွာ၏ ...

မြန်မာရွေးကောက်ပွဲ ဥပဒေကို စိတ်ပျက်လှကြောင်း အမေရိကန်ပြော

စစ်အစိုးရ၏ ရွေးကောက်ပွဲဥပဒေက အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ၂၁၀၀ ကျော်သော နိုင်ငံရေး ...

အမွန်းကျပ်ဆုံး အချိန်

ယခင်အာဏာရှင် ဦးနေဝင်းအစိုးရလက်ထက် ဖျက်သိမ်းခံလိုက်ရသော ဟံသာဝတီ သတင်းစာ၏ အယ်ဒီတာ၊ အမျိုးသားဒီမိုကရေစီ ...

ဘန်ကောက်ကို လေဖြတ်အောင် လုပ်ရန် ရှပ်နီများကြံ

ယခုသီတင်းပတ်ကုန်များတွင် အစိုးရဆန့်ကျင်ရေး လူထုဆန္ဒပြပွဲများ ပေါ်ပေါက်နိုင်သဖြင့် ထိုင်းနေပြည်တော်မှာ အရေးပေါ် ...